မွန်ပါတီကို ရက်ပိုင်းအတွင်း မှတ်ပုံတင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။

မွန်နိုင်ငံရေး ပါတီများ ပေါင်းစည်းထားသည့် မွန်ပါတီ၏ ပထမဆုံး ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို မော်လမြိုင်မြို့တွင် နိုဝင်ဘာ ၂ ရက်နေ့က ကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။

“ပေါင်းစည်းပြီးဖြစ်တဲ့ မွန်ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဆောင်ရွက်သွားနိုင်ဖို့အတွက် အစည်းအဝေး စခေါ်လိုက်တာပါ။ အဓိကက ပါတီမှတ်ပုံတင်လျှောက်ထားရေးကိစ္စပါ၊ CEC အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုဝင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကိုတင်မယ်၊ ပေါင်းစည်းခွင့်ကျလာမှပဲ မှတ်ပုံတင်တဲ့ကိစ္စကို နောက်တဆင့်ဆက်တင်မယ်” ဟု မွန်ပါ တီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လရီတမ က ပြောသည်။

အစည်းအဝေးတွင် အောက်ခြေအဆင့်ပေါင်းစည်းရေးအတွက်ကို ဒေသ ၆ ခု ခွဲကာ ဦးဆောင်သူများအား တာဝန်ခွဲဝေ ဆောင်ရွက်စေခြင်း၊ ပါတီဖွဲ့ စည်းပုံမူကြမ်းရေဆွဲရေးကို တာဝန်ခွဲ ဝေပေးပြီး အဆိုပါဖွဲ့စည်းပုံမူကြမ်းကို လာမည့် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ကျင်းပမည့် ဗဟိုကော်မတီဝင် အစည်းအဝေးတွင် အတည်ပြုသွားရန် အစရှိသည့် ဆုံးဖြတ်ချက်များချမှတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ပါတီတရားဝင်မှတ်ပုံတင်သည့်အခါ လက်ရှိ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ဖွဲ့စည်းပုံမူကြမ်းဖြင့် တင်သွားမည်ဖြစ်ပြီး တရားဝင်မှတ်ပုံကျလာပြီးမှသာ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပါတီတွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင် က ပြောသည်။

“မှတ်ပုံတင်ဖို့အတွက် ဖွဲ့စည်းပုံစည်းမျဉ်းက လက်ရှိ ပါတီတွေရဲ့ဖွဲ့စည်းပုံကိုပဲ ပေါင်းစပ်ပြီးတော့ တင်လိုက်မယ်၊ အဲဒါကြောင့်မို့ ယာယီသဘောမျိုးပဲ သတ်မှတ်ထားတယ်၊ မှတ်ပုံကျလာပြီးရင် CEC ပြန်လည်ဖွဲ့စည်းခြင်း ပြင်ဆင်ခြင်းလုပ်ပြီးတော့ ကော်မရှင်ကို ပြန်တင်ဖို့ရှိတယ်” ဟု နိုင်စံတင် က ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အမျိုးသားကိုယ်စားပြုပါတီ ၃ ပါတီတို့ပေါင်း စည်းထားသည့် ပါတီကို “မွန်ပါတီ” (Mon Party) ဟု အမည်ပေးထားပြီး ပါတီအမည်သစ်ကို စက်တင်ဘာ ၂၁ ရက်နေ့က မွန်ပြည်သူတို့အား တရားဝင်မိတ်ဆက်ခဲ့သည်။

လက်ရှိတွင် မွန်ပါတီပါကို ပါတီအသီးသီးမှ ကိုယ်စားလှယ် ၁၂၀ ဦးနှင့် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂၀ ဦးတို့ဖြင့် ဗဟိုကော်မတီဝင် ၁၄၀ ဦး၊ ၎င်းတို့ထဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၅၉ ဦး၊ ဥက္ကဌအဖွဲ့ ၄ ဦး၊ အတွင်းရေးမှူးအဖွဲ့ ၆ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။

မွန်ပါတီအနေဖြင့် ကျန်ရှိနေသေးသည့် မွန်အင်အားစုများ ပါဝင်လာနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း မွန်ပါတီခေါင်းဆောင်တို့က သဘောတူဆုံးဖြတ်ထားသည်။