ဒေသခံများကို လက်နက်ကိုင်များနှင့် ဆက်နွယ်သည်ဟု စွပ်စွဲဖမ်းဆီးခြင်းများ ရပ်တန့်သင့်ပြီဟု ကချင် အရပ်ဖက်ခေါင်းဆောင်များက ပြော

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။

ဖမ်းဆီးခံ ဓမ္မအမှုဆောင် ၁၅ ဦး ပြန်လည်လွတ်မြောက်လာပြီးနောက်တွင် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် ကာလတွင် ဒေသခံပြည်သူများအား တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်ဆက်နွယ်နေသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးစစ်ဆေးနေခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်လာနိုင်သည်ဟု ကချင်တိုင်းရင်းသား အရပ်ဘက် ခေါင်းဆောင်များက ပြောသည်။

“ကချင်မြင်တိုင်းကို KIA ဆိုတဲ့သဘောမျိုးနဲ့ ဆက်လက်ဖမ်းသွားမယ်ဆိုရင်တော့ ဖမ်းပြီးအရေးယူမယ် ဆိုရင်တော့ ရှေ့ဆက်သွားရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တော်တော်လေးကို အယုံအကြည်ပျက်စေတယ်။ ထိခိုက်လာနိုင်တယ်လို့ ကျနော်တို့က အဲ့လိုပဲမြင်တယ်ဗျ။ အဲ့လိုဖြစ်မယ်ဆိုရင်တော့ တပ်မတော်အပေါ်ရော အစိုးရ အပေါ်ရော ပြည်သူလူထုက ယုံကြည်မှုက အားနည်းသွား နိုင်တာပေါ့လေ” ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာ က ပြောသည်။

အောက်တိုဘာလ လကုန်ပိုင်းက KBC မှ ဓမ္မအမှုတော်ဆောင်နှင့် ဒေသခံပြည်သူ ၁၅ ဦးက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ ဒေသရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်စဉ် တပ်မတော်မှ တရုတ်-မြန်မာ နယ်စပ်အနီးရှိ နန်ဆန်ယန်ကျေးရွာတွင် ဖမ်းဆီးခဲ့သည့်အပေါ် ကချင်တိုင်းရင်းသား အရပ်ဖက်ခေါင်းဆောင်များက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဓမ္မအမှုတော်ဆောင်နှင့် ဒေသခံ ၁၅ ဦးတို့အား မြောက်ပိုင်းတိုင်း လက်အောက်ခံ တပ်မ ၁၀၁ မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများ၏ မိဘများမှ PCG ထံ ၎င်းတို့၏ မိသားစုဝင်များ၊ သားသမီးများ လွှတ်မြောက်ရေး အကူအညီ တောင်းခံပြီးနောက် PCG မှ ဦးလမိုင်ဂွန်ဂျာဦးဆောင်ကာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ နယ်လုံဝန်ကြီးထံ အကူအညီတောင်းခံခဲ့သည်။

ဖမ်းဆီးခံထားရသည့် ဓမ္မအမှုေတော်ဆောင်များကို နိုဝင်ဘာလ ၄ ရက်နေ့တွင် တပ်မတော်က ပြန်လည်လွတ်ပေးခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG က ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းနိုင်ရန် ကြိုးစားနေသည့် ကာလတွင် ယခုကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်သင့်ဟု ဦးလမိုင်ဂွန်ဂျာ က ဆက်ပြောသည်။

“NCA မထိုးတဲ့အဖွဲ့လည်း ဆက်လက်ပြီး ဘယ်ပုံစံဘယ်လိုမျိုးနဲ့ ချဉ်းကပ်ပြီး ဆွေးနွေးမလဲဆိုပြီး လုပ်နေတဲ့အချိန်ဖြစ်တယ်။ အဲ့ဒီလုပ်ဆောင်နေတဲ့ အချိန်မှာပဲ နောက်တန်းမှာ တိုက်ပွဲတွေ ခနခနဖြစ်တယ်။ တိုက်ပွဲဖြစ်တာမျိုးတို့ နောက်ပြီး တိုက်ပွဲဖြစ်တဲ့နေရာ ဒေသက ပြည်သူလူထုတွေသွားလာတာတွေလည်းရှိတယ် အဲ့ဒါတွေကိုလည်း ဖမ်းပြီးစစ်ဆေးတယ်၊ မသင်္ကာတဲ့လူ ဖမ်းပြီးတော့ စစ်ဆေးမေးမြန်းတယ်။ ကချင်ဖြစ်ပြီဆိုတာနဲ့ KIA ဆို တဲ့သဘောမျိုးနဲ့ မသင်္ကာပဲနဲ့ ဖမ်းချုပ်တာမျိုးပေါ့ လေ။ အဲ့ဒါမျိုးကိစ္စဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလား တယ်ဆိုရင်တော့ အဲ့ဒါမျိုးတွေ မဖြစ်သင့်ဘူးပေါ့ဗျာ”

ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် တိကျသည့် ဆုံးဖြတ်ချက်၊ အပစ်ရပ်လက်မှတ်မထိုးနိုင်သေးပါက တိုက်ပွဲဖြစ် ပွားနေသည့် ဒေသတွင်းနေထိုင်နေသူ ဒေသခံပြည်သူများအနေဖြင့် ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုများ ဆက်လက်ခံနေရအုံးမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးလမုန်ဆိုင်းတူးက ပြောသည်။

“ကျနော့်အနေနဲ့ကတော့ ဒီ ဆက်စပ်နေတဲ့ဒေသတွေမှာ အပြီးတိုင် peace process ကို ခိုင်ခိုင်မာမာ မလုပ်နိုင်သေးသ၍ကတော့ ဒီပြဿနာတွေကတော့ အနည်းနဲ့ အများကတော့ ရှိနေမှာပဲလို့ ယူဆတယ်။ လူထုအနေနဲ့က ကြားမှာနေတယ်ဆိုတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကို လုံးဝရှောင်ဖယ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရှေ့လျှောက်လည်း ပြည်သူတွေက ခံနေရအုံးမယ်။ မတရားအသင်း ဥပဒေကို မရုတ်မချင်းကတော့ ဒီလိုဖြစ်နေမယ်လို့ပဲ ယုံကြည်တယ်” ဟု ပြောသည်။

ဒေသတွင်း လုံခြုံရေးအရ စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများပြုလုပ်နေသည်ဟုဆိုသော်လည်း ထိုကဲ့သို့သော လုပ်ရပ်များကြောင့် ဒေသခံများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုကို ခံနေရခြင်းသာဖြစ်သည်ဟု ကချင်ငြိမ်းချမ်း ရေးကွန်ယက်က ဒေါ်ခွန်ဂျာက ထောက်ပြသည်။

“အဓိကကတော့ လုံခြုံရေးလိုအပ်မှုအရလို့ပြောပါတယ်။ သို့သော်လည်းပဲ အမှန်တကယ်အရဆိုရင် နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးဆိုရင်လည်း အဟန့်အတား ဖြစ်နေတယ်။ ဒီလိုဖမ်းဆီးနေတာ စစ်ဆေးနေတာ ၁၇/၁ နဲ့ တရားစွဲနေတာတွေက ပြည်သူလူထုအတွက်လည်း အကျိုးမရှိဘူး။ ခြိမ်းခြောက်မှု တစ်ခုဖြစ်နေတယ်။ လှုပ်ရှားသွားလာမှုမှာလည်း အင်မတန်မှ အဟန့်အတားဖြစ် နေတယ်။ ဒေသခံတွေတင်မကဘူး၊ ဆက်သွယ်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ ဒုက္ခသည်ကူညီရေး အဖွဲ့တွေအတွက်လည်း အဟန့်အတားပဲ။ ဥပမာ KBC ဆိုရင် ၁၇/၁ နဲ့ ဆွဲမယ်ဆိုပြီး တရားဝင် မီဒီယာမှာ ပြောထားတာရှိနေတာပဲ” ဟု ဒေါ်ခွန်ဂျာက ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ ဒေသအတွင်းရှိ စစ်ဘေးရှောင် စခန်းများသို့ ပြည်သူများ သွားရောက်သည့်အခါ ၁၇/၁ ကဲ့သို့ ပုဒ်မမျိုးဖြင့် ဖမ်းဆီးခြင်းသည် နှစ်ဖက်တည်ဆောက်နေသည့် ယုံကြည်မှုကို ပျက်ပြားစေသည့်အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်ရာတွင်လည်း အခက်အခဲဖြစ်စေနိုင်သည်ဟု ကချင်ခေါင်းဆောင်များ က ပြောသည်။