မြို့နယ် ဘဏ္ဍာရေးမှူး တစ်ဦးကို NLD ပါတီက တာဝန်မှ ရပ်ဆိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
နိုဝင်ဘာလာ ၁၅ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် မော်လမြိုင်မြို့ နယ် အလုပ် အမှုဆောင်အဖွဲ့ဝင် တစ်ဦးအား ပါတီလုပ်ငန်းတာဝန်မှ ရပ်ဆိုင်းလိုက်သည်ဟု မွန်ပြည်နယ် NLD ပါတီက ပြောသည်။

မော်လမြိုင်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးမင်းထင်အောင်ဟန်ကို ပါတီ၏ လုပ်ငန်းတာဝန် များမှ ရပ်ဆိုင်း လိုက်ခြင်းဖြစ်သည်ဟု မွန်ပြည်နယ် NLD ပါတီ ဥက္ကဌ ဒေါက်တာခင်ဆောင် က ပြောသည်။

“ပါတီတာဝန်က ရပ်ဆိုင်းလိုက်တာက အစည်းအဝေးတစ်ခုမှာ စကားပြောမှားသွားလို့ ဗဟိုက ဖြုတ်လိုက်တယ်၊ သူ့ (ဦးမင်းထင်အောင်ဟန်) ကို ပါတီက မထုတ်ပါဘူး၊ ပါတီကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမယ်၊ ပါတီ အလုပ် အမှုဆောင်အဖွဲ့ ပါတီလုပ်ငန်းတာဝန်ကနေ ရပ်ဆိုင်းလိုက်တာပါ”ဟု ဒေါက်တာခင်ဆောင်က ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးမင်းထင်အောင်ဟန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရာမှ ပါတီက နုတ်ထွက်ခိုင်းခဲ့သဖြင့် ၂၀၁၈ ခုနှစ် မေလ ခန့်က ဝန်ကြီးအဖြစ်မှ နုတ်ထွက်ထားခဲ့ရသူ တစ်ဦး ဖြစ်သည်။

ဘဏ္ဍာရေးမှူး ဖြစ်သော်လည်း ပါတီအလုပ်အမှုဆောင်မှလည်းကောင်း ပါတီလုပ်ငန်းတာဝန်မှလည်းကောင်း ရပ်ဆိုင်းခံရသည့်ကိစ္စသည် ငွေ ကြေးအရှုပ်အရှင်းကြောင့် မဟုတ်ဟု ဒေါက်တာခင်ဆောင် က ဆက်ပြောသည်။

ဦးမင်းထင်အောင်ဟန် ပါတီအလုပ်အမှုဆောင်အဖွဲ့နှင့် လုပ်ငန်းတာဝန် ရပ်ဆိုင်းခံရခြင်း အကြောင်းအရင်းကို ပါတီက အတိအကျ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပဲ တရားဝင်စာထုတ်ပြန်ပြီးမှသာလျှင် အကြောင်းရင်း အပြည့်အစုံကို ဖြေကြားသွားမည်ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ပြောသည်။

“သူ့(မင်းထင်အောင်ဟန်)ကိစ္စက ဆွေးနွေးထားတာရှိတယ်၊ ဘာကြောင့်လဲဆိုတာ ပြောလို့ မရသေးဘူး။ တရားဝင် စာထွက်လာမှ အတိအကျပြောမယ်”ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးမင်းထင်အောင်ဟန်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြား ခြင်း မရှိပေ။

မော်လမြိုင်မြို့ နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးမင်းထင်အောင်ဟန် သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။