NCA နောက်ပိုင်း ရှမ်းမြောက် လူထု ဒုက္ခပိုတွေ့လာ၊ နိုဝင်ဘာလအတွင်း တိုက်ပွဲများ ဆက်ဖြစ်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
နိုဝင်ဘာလ ၁၅ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ထိုးပြီး နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများပိုဖြစ်လာပြီး ဒေသခံပြည်သူများမှာ ဒုက္ခအခက်အခဲများ ပိုတွေ့နေကြသည်ဟု အရပ်ဘက် လူမှုအဖွဲ့အစည်းအချို့နှင့် နိုင်ငံရေးပါတီအချို့ က ပြောသည်။

ပြည်သူများမှာ မကြာခဏ နေရပ်စွန့်ခွာထွက်ပြေးနေ ကြရခြင်း၊ ဖမ်းဆီးခံနေရခြင်းနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံနေရသည် ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များ ကွန်ရက် (TYN) က ပြောခွင့်ရ စိုင်းနော်ဆိုင် က ပြောသည်။

“ကျနော်တို့ ရှမ်းမြောက်မှာ ဒီတိုက်ပွဲတွေ အရမ်းဖြစ်တော့ နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ ဒီတလျှောက်ပေါ့ တိုက်ပွဲတွေ အရမ်းဖြစ်တော့ ပြည်သူတွေက ခဏပြေးလိုက်၊ ပြန်လာလိုက်၊ ခဏခဏ စစ်ရှောင်နေကြရတယ်။ အခုက လေးငါးရက် တပတ် ဆယ်ရက်ပြေးလိုက်၊ ပြီးရင်အိမ်ပြန်လိုက်။ တိုက်ပွဲတွေက ဖြစ်လိုက်၊ စစ်ရေးတင်း မာလိုက်ဆိုတော့ ပြည်သူတွေက အလုပ်အကိုင်လုပ်ဖို့လည်း အဆင်မပြေကြတော့ဘူး”

တိုက်ပွဲများ၏ တစ်ဖက်တွင် ဒေသခံပြည်သူများအနေဖြင့် ဖမ်းဆီးခံရတာ၊ ရိုက်နှက်ခံရခြင်းများအပြင် အသက် ပါ ဆုံးရှုံးနေရတဲ့ အခြေအနေများအထိ ဖြစ်လာနေသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းလူငယ်များကွန်ရက် (TYN) က စိုင်းနော်ဆိုင် က “သွားရင်းလာရင်းနဲ့လည်း လက်နက်ကိုင်တွေနဲ့ တွေ့တဲ့ အခါ ကြတော့ သံသယထားခံရတယ်။ အဲ့တော့ ဖမ်းဆီးခံရတာတွေ ရှိတယ်။ ရိုက်နှက်တာတွေရှိတယ်။ အ သက်ပါ ဆုံးရှုံး ရတဲ့ အနေအထားတွေလည်း ဖြစ်လာတယ်။ ဒါကတော့ အကြီးမားဆုံးသော လူ့အခွင့်ရေး ချိုး ဖောက်ခံ နေရတာ ပေါ့ နော်။ ဘယ်အဖွဲ့အစည်းတွေက လုပ်နေတယ်လို့ ပြောဖို့ဆိုတာ အဆင်မပြေဘူး။ လက် နက်ကိုင် တဲ့အဖွဲ့တွေ အားလုံး နီးပါးက ကျူးလွန်နေကြတယ်”ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အချို့မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ထိုးပြီး နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုစိပ်လာပြီး လူထုအပေါ် လူ့အခွင့်အရေးချိုးဖောက် မှုများ ပိုမိုများပြားလာသည်ဟု လားရှိုးမြို့ နယ်မှ တအန်းအမျိုးသားပါတီ အတွင်းရေးမှူး ဦးအောင်မင်းက ပြောသည်။

“အဓိကတော့ လက်နက်ကိုင်အချင်းချင်း ပြဿနာဖြစ်တယ်။ လက်နက်ကိုင်အချင်းချင်းဆိုတာ တပ်မတော် လည်း ပါတယ်ပေါ့နော်။ သူကတော့ နယ်မြေလုံခြုံရေးဆိုပြီးတော့ ရှင်းတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ကလည်း ကိုယ့်ကိုကိုယ် ခုခံကာကွာရေးဆိုတဲ့ အဲ့မှာ ပဋိပက္ခက ကြီးလာတယ်ပေါ့။ အဲ့ကြားထဲမှာ ဒေသခံပြည် သူလူထုက တော်တော်လေးကိုခံရတယ်။ နှစ်ဘက်လက်နက်ကိုင်ရဲ့ သံသယဖြစ်မှုတွေ၊ ဟိုအဖွဲ့ရဲ့ လူ၊ ဟိုအဖွဲ့ကို သတင်းပေးတာ၊ ဒီအဖွဲ့ကို ဆက်ဆံနေတာ စသဖြင့်ပေါ့ စစ်ပွဲကြောင့်ပေါ့ သံသယရဲ့ အကျိုးဆက်ပေါ့”

ယခု နိုဝင်ဘာလ အတွင်းတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

သီပေါမြို့နယ်၊ နမ့်မီချောင်းအနီးတွင် နိုဝင်ဘာလ ၁၄ ရက်နေ့ကတကြိမ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွံဲ၊ ကော်မော်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က တကြိမ် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော် TNLA နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

သီပေါမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSAတို့ အကြား နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးခဲ့ရသည်ဟု စိုင်းနော်ဆိုင် က ဆက်ပြောသည်။

“သီပေါမြို့နယ် နားမခေါ်ရဲ့ အရှေ့ဘက်ခြမ်းလောက်ပေါ့၊ နားလော့ကျေးရွာနာပေါ့နော်၊ တပ်မတော်နဲ့ SSPP နဲ့ ထိတွေ့ မှုဖြစ်တယ်။ နာရီဝက်လောက်ကြာတယ်လို့ ကြားတယ်။ သုံးလေးမိုင်လောက်ဝေးတဲ့နေရာကနေ လက်နက်ကြီးသံတွေကြားရတယ်လို့ ပြောတယ်။ ညနေပိုင်းလောက်မှာ နမ့်လန်ကို စစ်ရှောင် အယောက် ၆၀ ကျော်ရောက်လာတယ်။ တချိ့က နားအုံကျောင်းဘက် အဲ့မှာက ၂၆၀ ကျော်တယ်။ တချို့က စီထောင်းကျောင်း ဘက် အဲ့မှာက ၂၂၀ ကျော်တယ်။ နားမခေါ်မှာ ခေးနင်းဆိုတဲ့ရွာက တစ်ရွာလုံးရောက်နေတယ်”ဟု ပြောသည်။

စစ်ဘေးရှောင် ပြည်သူများအား ကျေးရွာဘုန်းတော်ကြီးကျောင်းများတွင် နေရာချထားပေးပြီး လိုအပ်သည့် အစားအသောက်နှင့် အဝတ်အထည်၊ စောင်များကို ကျေးရွာအလိုက် ဒေသခံပြည်သူများက ကူညီပံ့ပိုးပေးထားသည်ဟု သိရသည်။

သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ နားမခေါ်ကျေးရွာအနီး RCSS/SSA နှင့် SSPP/SSA တို့အကြား နိုဝင် ဘာလ ၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ တစ်ထောင်ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် စိုက်ပျိုးသီးနှံများ ရိတ်သိမ်းရာကာလရောက်သော်လည်း ကောင်း မွန်စွာ ရိတ်သိမ်းနိုင်ခြင်းမရှိသေးဘူးဟု ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ အနည်းဆုံးတော့ ပြည်သူလူထုက အိုးအိမ်စွန့်ရတာပေါ့။ အိမ်တွေကို ထားခဲ့ပြီး အသက် လုပြေးရတာပဲလေ။ ဒီဘက်ကမှာ စိုက်ပျိုးရေးဒေသဖြစ်တော့ အချိန်မှီရိတ်သိမ်းရတဲ့ သီးနှံတွေရှိတယ်။ ရိတ် သိမ်းချိန်ရောက်နေပေမယ့် တိုက်ပွဲဖြစ်လို့ ထွက်ပြေးရတာနဲ့ မရိတ်သိမ်းနိုင်ပဲ ဆုံးရှုံးမှုတွေ ဖြစ်တာပေါ့။”

အဆိုပါ စစ်ပွဲများကြောင့် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများမှာ အခက်အခဲအများဆုံး ကြုံနေရသည်ဟု အမျိုးသမီးအဖွဲ့များကလည်း ထောက်ပြနေကြသည်။

ကလေးငယ်များ၏ ပညာရေးကဏ္ဍကိုပါ ထည့်သွင်းစဉ်းစားပေးကြဖို့ လိုအပ်ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) မှ အမှုဆောင်ဒါရိုက်တာ နန်းဟိန်းက ပြောသည်။

“စစ်ပွဲတွေကြောင့် ကျမတို့ရဲ့ ကလေးတွေ၊ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရတော့ ကလေးတွေရဲ့ ပညာရေး လည်း အရမ်းစိုးရိမ်နေရပြီ။ အခုဆိုရင် ပညာသင်နှစ်လည်းကုန်တော့မယ်၊ စာမေးပွဲတွေဖြေရတော့မယ် သင် ခန်းစာတွေက မပြီးဘူး။ ပညာသင်ခွင့်တွေ ဆုံးရှုံးနေမယ်ဆိုရင် တက္ကသိုလ်ဝင်တန်းက အစပေါ့နော် အောင် ချက်ရခိုင်နှုန်းတွေ ပိုပိုပြီးနိမ့်ကုန်မယ်။ စစ်ဖြစ်တာတွေရပ်သင့်ပြီ နစ်နာတာက ပြည်သူတွေပါ။”

ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် အစိုးရတပ်မတော်၊ ရှမ်းလက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့ ဖြစ်သည့် RCSS/SSA၊ SSPP/ SSA၊ PSLF/TNLA၊ KIO/KIA အပြင် အခြားမြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားနေသည့် ဒေသဖြစ်သည်။