ရေဖြူဒေသခံ တစ်ဦး ခြံအတွင်း မြေမြုပ်မိုင်း နင်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် ဒေသခံ ၁ ဦး ၎င်းပိုင်ခြံဝင်း အတွင်း၌ မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဘက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာနေ နိုင်ကွန်ဗလိုင် (၃၃ နှစ်) က ၎င်းပိုင်ဆိုင်သည့် ဥယျာဉ်ခြံအတွင်းရှိ တဲအနီးတွင် မြေမြုပ်မိုင်းနင်းမိသည်ဟု အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စံက ပြောသည်။

“မိုင်းနင်းမိတဲ့သူက ခြေထောက်ထိသွားတယ် ရေးဆေးရုံကနေ မော်လမြိုင်ဆေးရုံတင်ထားတယ်။ မော်လမြိုင်ဆေးရုံ ရောက်မှပဲ ခြေထောက်ရဲ့ အခြေအနေကို သိရမယ်။ စမ်းသပ်ပြီးမှပဲ ဖြတ်ရမလား မဖြတ်ရဘူးလား ဆိုတာသိမယ်။ အထိများတာက ခြေထောက်မှာပဲ ကိုယ်မှာတော့ ခြစ်ရာတွေရှိတယ်။ မျက်စိက မှုန်နေတယ်လို့တော့ သူ (မိုင်းနင်းမိသူ) က ပြောတယ်။ အဲဒါလဲ စမ်းသပ်ပြီးမှ သိရမယ်” နိုင်စံတင်က ပြောသည်။

ယခုဖြစ်သည့် ဖြစ်စဉ်နှင့်ဆိုလျှင် အလယ်စခန်းကျေးရွာအနီး ဒေသခံများ လုပ်ကိုင်နေသည့် ဥယျာဉ်ခြံအတွင်း အောက်တိုဘာ ၁၅ ရက်နေ့မှစပြီး မြေမြုပ်မိုင်းနင်းမိမှု ၄ ကြိမ်ရှိပြီးဖြစ်ကြောင်း၊ မိုင်းနင်းမိသည့် နေရာသည် အလယ်စခန်းရွာမှ ၄ မိုင်ခန့်အကွာ ဥယျာဉ်ခြံအတွင်း ဖြစ်ပွားခဲ့ကြောင်း အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး က ပြောသည်။

အောက်တိုဘာ ၁၅ ရက်နေ့က လုံခြုံရေးလှည့်ကင်းလှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦး မြေ မြုပ်မိုင်းနင်းမိသဖြင့် ဘယ်ခြေတစ်ဖက် ဖြတ်တောက်ခဲ့ရပြီး အောက်တိုဘာ ၂၈ ရက်နေ့ကလည်း ရေးမြို့နယ် ဟံဂံကျေးရွာခံတစ်ဦးက ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးရှိ ကွမ်းသီးခြံသို့အဝင် လမ်းမဘေးတွင် မြေမြုပ်မိုင်းနင်းမိသဖြင့် ညာခြေတစ်ဖက် ဖြတ်တောက်ခဲ့ ရသည်။

ထို့အတူ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း အလယ်စခန်းကျေးရွာအနီးတွင် ဟံဂံရွာသားတစ်ဦးက ဆိုင်ကယ်ဖြင့် ခြံသွားစဉ် မြေမြုပ်မိုင်းနင်းမိပေါက်ကွဲရာ ဆိုင်ကယ်ပျက်စီးသွားပြီး လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပေ။

မြေမြုပ်မိုင်းနင်းမိသည့်နေရာတဝိုက်တွင် ကွမ်းသီးခြံ၊ ဒူးရင်းသီးစိုက်ပျိုးထားသည့်ခြံများ ရာနှင့်ချီရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဒေသခံများလုပ်ကိုင်စားသောက်နေကြရသည့် ဥယျာဉ်ခြံအတွင်း မြေမြုပ်မိုင်းထောင်ထားပြီး နင်းမိပေါက်ကွဲ မှုဖြစ်ပွားနေသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ အကြောင်းကြားထားသော်လည်း တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမရှိသေးဘူးဟုလည်း အလယ်စခန်းအုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ မြေမြုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားသည့် ဒေသတွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ အဓိက လှုပ်ရှားရာနယ်မြေဒေသဖြစ်ပြီး မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့တို့မှလည်း တစ်ခါတစ်ရံ ရောက်ရှိလာတတ်သည့် နယ်မြေဒေသဖြစ်သည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် အပစ်ခတ်ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် မြေမြုပ်မိုင်းအသုံးပြုမှုမရှိခဲ့ကြောင်း၊ ယခုဖြစ်ပွားခဲ့သည့် မြေမြုပ်မိုင်း ပေါက်ကွဲမှု ဖြစ်စဉ်သည်လည်း ၎င်းတို့တပ်ဖွဲ့မှ မြေမြုပ်မိုင်းများမဟုတ်ကြောင်း ငြင်းဆိုသည်။

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းလက်အောက်ရှိ မြို့ နယ်တပ်ဖွဲ့ခွဲနှင့် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ တို့ လှုပ်ရှားရာ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်းတွင် နယ်မြေအငြင်းပွားနေပြီး KNU မှ သစ်ထုတ်လုပ်နေမှုကြောင့် ၂၀၁၆/၂၀၁၇ ခုနှစ်အတွင်း ၆ ကြိမ်ထက်မနည်း ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။