မြေယာ ဥပဒေသစ်ကြောင့် စွန့်ပစ်ထားခဲ့ရသည့် မြေများ ဆုံးရှုံးမည်ကို စစ်ဘေးရှောင်များ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်။
မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေ (၂၀၁၈) ကြောင့် ဘိုးဘွားစဉ်ဆက် ရိုးရာဓလေ့လုပ်ကိုင် စားသောက်လာခဲ့သည့် မြေယာများ ပျောက်ကွယ်သွားမည်ကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်နေသူ (IDPs)များက စိုးရိမ်လျက်ရှိသည်။
မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေ (၂၀၁၈) နှင့် ခွင့်ပြုမိန့်မရှိပဲ မြေလွတ် မြေလပ် မြေရိုင်းများကို ရယူအသုံးပြုလျက်ရှိသူများ ၆ လအတွင်း သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ရမည်ဆိုသည့် ထုတ်ပြန်ချက်သည် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ၏ မြေနေရာဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေသည်ဆိုကာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများ နိုဝင်ဘာ ၂၇ ရက်နေ့ က ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။
“၂၀၁၁ ကနေတကျော့ ပြန်လာတဲ့ ပြည်တွင်းစစ်ကြောင်း ကျနော်တို့ စစ်ရှောင်မှာ နေနေရတယ်။ အခုကျနော်တို့ နေရာဒေသမှာ ကျနော်တို့နေခွင့်မရှိဘူး။ လက်ရှိအခင်းအကျင်းမှာ စစ်ရှောင်တွေရဲ့ နေရာဒေသ တချို့မှာ တရုတ်တစ်းသျှူးငှက်ပျော စိုက်တာဝင်လာတယ်။ တခြားသီးနှံစိုက်ပျိုးတဲ့ ကုမ္ပဏီတွေ ဝင်လာတာတွေရှိနေတယ်။ ဒီလိုအခြေအနေမှာ ဒီလိုဥပဒေပြန်ပေါ်လာတော့ အဲကုမ္ပဏီတွေ အာဏာရှိတဲ့သူတွေအနနဲ့ ကျနော်တို့ IDPs တွေရဲ့ နေရာများကို မှတ်ပုံတင်ယူလိုက်မှာ ကျနော်တို့ IDPs တွေ ပြန်စရာနေရာမရှိ ဖြစ်သွားမှာကို စိုးရိမ် ပါတယ်” ဟု ကချင်ပြည်နယ်အတွင်းက စစ်ဘေးရှောင် ဦးတူးနန် က ပြောသည်။
စစ်ပွဲများကြောင့် ဒေသခံများ ၎င်းတို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာခဲ့ကြသည့် မြေယာများကို စွန့်ခွာပြီး စစ်ရှောင်စခန်းတွင် တိမ်းရှောင်နေရသည်။ ၎င်းတို့ပိုင်ဆိုင်သည့်မြေသည် မြေလွတ် မြေလပ် မြေရိုင်းများ မဟုတ်ဟု စစ်ဘေးရှောင်များက ပြောသည်။
“ကျမတို့မြေတွေ ဒီအတိုင်းပဲ ထားခဲ့ရတယ်၊ ကျမတို့ရွာမှာဆိုရင် စစ်တပ်တွေက တပ်တွေတည်ပြီးတော့မှ နေ နေကြတယ်။ ကျမတို့က စိုးရိမ်တာပေါ့၊ ဒီလိုမျိုးဥပဒေတွေ ထွက်လာတော့ ကျမတို့က စစ်ရှောင်မှာပဲ နေနေ ကြတယ်၊ မှတ်ပုံတင်ဖို့ဆိုတာကလည်း သွားလို့မရဘူး၊ ကျမတို့မြေအတွက် ကျမတို့ စိုးရိမ်တယ် အရမ်းစိုးရိမ် နေတယ်” ဟု ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ဘေးတိန်းရှောင်နေရသည့် ဒေါ်လရှီးခေါန်က ပြောသည်။
အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် အဆိုပါ နည်းဥပဒေကြောင့် စစ်ပွဲများ၊ ပဋိပက္ခများ ဖြစ် ပွားနေသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အပြင် အခြားသော စစ်ဘေးရှောင် တိုင်းရင်းသားပြည်သူများ၏ မိရိုးဖလာ ပိုင်ဆိုင် လုပ်ကိုင်စားသောက်ခဲ့ကြသည့် မြေယာများ ဆုံးရှုံးသွားနိုင်သောကြောင့် ပယ်ဖျက်ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင် တိုင်းရင်းသား ပြည်သူများက ပြောသည်။
ထို့အပြင် ၎င်းတို့အနေဖြင့် နည်းဥပဒေပါအတိုင်း မြေယာလုပ်ပိုင်ခွင့်လျှောက်ထားရေးကလည်း လက်ရှိအခြေ အနေအရ နယ်မြေ မငြိမ်းချမ်းသေးသည့် အနေအထားမျိုးတွင် မဖြစ်နိုင်သေးဘူး ဟု ပြောသည်။
အဆိုပါ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေသည် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်နေသူ IDPs များအတွက် မျှော်လင့်ချက်များ ပျောက်ဆုံးသွားစေနိုင်သည့် ဥပဒေမျိုးဖြစ်နေသည်ဟု စစ်ဘေးရှောင် ဦးတူးနန် က ဆက်ပြောသည်။
“ကျနော်တို့ IDPs တွေမှာ အဲဒီမြေတွေပဲရှိတော့တယ်၊ ကျနော်တို့ IDPs တွေရဲ့ မျှော်လင့်ချက်က ပြည်တွင်း စစ်ငြိမ်းချမ်းရေးရလာတာနဲ့ တပြိုင်နက် ကျနော်တို့ ရွာကိုပြန်ချင်တယ်ပေါ့။ အဲလိုပြန်တဲ့အခါမှာ ဒီလို မျှော်လင့် ချက်နဲ့ ကျနော်တို့ အသက်ရှင်နေရတဲ့အခါမှာ အခု ဒီဥပဒေက ကျနော်တို့ရဲ့ မြေယာတွေ ပျောက်ဆုံးသွားနိုင် မယ့် ဥပဒေမျိုးဖြစ်နေတယ်။ တစ်နည်းအားဖြင့်ပြောရရင် ကျနော်တို့ IDPs တွေက လူ့အခွင့်အရေး ချိုးဖောက် ခံနေရတဲ့ လူသားတွေဖြစ်သလို အခု ဒီဥပဒေကြောင့် ကျနော်တို့ IDPs တွေရဲ့ အခွင့်အရေး ထပ်မံချိုး ဖောက် နေသလို ကျနော်တို့ ခံစားရတယ်” ဟု ဦးတူးနန် က ပြောသည်။
စစ်ဘေးရှောင်များထားခဲ့ရသည့် မြေယာများအား အစိုးရအနေဖြင့် ကာကွယ်ပေးဖို့ကိုလည်း စစ်ဘေးရှောင်များက တောင်းဆိုထားသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က လွှတ်တော်မှ အတည်ပြုပြဌာန်းခဲ့ပြီး အောက်တိုဘာလ (၃၀) ရက်နေ့က ထုတ်ပြန်လိုက်သည့် မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ (၂၀၁၈) တွင် မြေလွတ် မြေလပ် မြေရိုင်းများကို ၆ လအတွင်း သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရမည်ဖြစ်သည်။