မူဆယ် ပစ်ခတ်မှုတွင် ပြည်သူ့စစ် ၃ ဦး သေဆုံး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့အနီး ပစ်ခတ်မှုတစ်ခုတွင် ပြည်သူ့စစ် သုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား သွားရောက် ကူညီသယ်ဆောင်ပေးခဲ့သည့် ကရုဏာလူမှုကူညီရေးအသင်း (မူဆယ်မြို့) မှ ဥက္ကဌ ဦးသောင်းထွန်းက“သုံးယောက်သေတယ်၊ နှစ်ယောက်ဒဏ်ရာရတယ်။ သေ ဆုံး ဒဏ်ရာရတဲ့လူတွေကို မူဆယ်ဆေးရုံကို သယ်ဆောင်ပြီးတော့ မူဆယ်ဆေးရုံကနေ အခု ဒီနေ့ မီးသဂြိုလ် ခဲ့ပြီဗျ။ ပေါင်မှန်တဲ့တစ်ယောက်ကတော့ အတွင်း လူနာအဖြစ် ဆေးကုသခံနေပါတယ်။ နောက်တစ်ယောက်က တော့ နည်းနည်းပဲ ထိခိုက်တာဖြစ်တယ်။” ဟုပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသည် မူဆယ်မြို့ မှ (၁၀) မိုင် နီးပါးခန့် ကွာဝေးသည့် ကျင်စန်းကျော့ ကျေးရွာရှိ နမ့်ခမ်းမြို့ မ ပြည်သူ့စစ် ကင်းစခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းနေရာသည် မူဆယ်မြို့ နှင့် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကြားတွင် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဖြစ်တာက မနေ့ည ၉ နာရီလောက်မှာ တရုတ်-မြန်မာ နယ်စပ် ကျင်စန်းကျော့ရွာက နမ့်ခမ်းမြို့မ ပြည်သူ့စစ်ရဲ့ လုံခြုံရေးကင်းစခန်းပေါ့၊ အဲ့ကင်းစခန်းကို အရပ်ဝတ် ဝတ်ထားတဲ့ လက်နက်ကိုင်သုံးယောက်နေပြီးတော့ လာရောက်ပစ်ခတ်တာပေါ့နော်”

သေဆုံးသွားသူများအား ဒီဇင်ဘာလ (၃) ရက်နေ့ ယနေ့တွင် မီးသဂြိုလ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာ မူဆယ်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသည်ဟု သိရသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာသည် မြန်မာဘက်ခြမ်းမှ သစ်သီးဝလံအချို့ တရုတ်ဘက်ခြမ်းသို့ တင်ပို့သည့် နယ်စပ်ဂိတ်အနီးတွင်ဖြစ်ပြီး ယနေ့တွင် အဆိုပါ သစ်သီးဝလံဂိတ်အား တရုတ်ဘက်ခြမ်းမှ ပိတ်ထားသည်ဟု သိရသည်။

“ဒီနေ့တော့ တရုတ်ကနေပြီးတော့ ဖရဲသီးတွေ သခွားမွှေးတွေ အဲ့ဒီဘက်ကနေဝင်တာလေ၊ ဒီနေ့ကိုတော့ တရုတ်က အဲ့ဒီအပေါက်ကို ကုန်သွယ်တွေ ဝင်ထွက်ဖို့ကို ပိတ်ထားတယ်လို့ ကြားတယ်။ အဲ့ဂိတ်ပိတ်ထားတော့ မူဆယ်ဂိတ်ကနေ ဝင်တယ်လို့ ကြားပါတယ်ဗျ။ ဖရဲသီးတို့၊ သခွားမွှေးတို့ မြန်မာနိုင်ငံကကို့ ကုတ်တွေ အဓိကဝင် တဲ့အပေါက်ပေါ့နော်။ အဲ့ဒီလမ်းကြား နည်းနည်းလေးတော့ ပစ်ခတ်တာတွေ ရှိတဲ့နေရာပေါ့နော်” ဟု ဦးသောင်းထွန်းက ပြောသည်။

အဆိုပါနေရာတွင် မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

“ကျနော်တို့ မြို့သူမြို့သားတွေ ပြည်သူပြည်သားတွေကတော့ ငြိမ်းချမ်းတာကိုပဲ လိုချင်တယ်ဗျ။ ဒီလိုပစ်ခတ် မှုတွေဖြစ်တိုင်းဖြစ်တိုင်းမှာ ကျနော်တို့ ပြည်သူလူထုနဲ့ မြို့နယ်လူထုမှာ အထိတ်တလန့်လည်းဖြစ်ရတယ်။ နေရထိုင်ရတာ အဆင်မပြေဘူးဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးက ငြိမ်းချမ်းရေး ယူပြီး တော့ ငြိမ်းချမ်းရေး အမြန်ရကြပါစေလို့ပဲ တောင်းဆိုချင်ပါတယ်ခင်ဗျ။”