လမ်းဖောက်လုပ်မှုရပ်တန့်ရန် KNU တောင်ငူခရိုင် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်း တပ်မတော်မှ လမ်းဖောက်လုပ်နေခြင်းကို ရပ်တန့်ပေးရန် KNU တောင်ငူခရိုင်၏ ၆ ကြိမ်မြောက် ညီလာခံက တောင်းဆိုလိုက်သည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ဒု-ဗိုလ်မှူးကြီး စောထွန်းကဲက “ဒါတွေက အမှန်တကယ်တော့ ပြည်သူလူထု သွားဖို့လာဖို့ထက် သူတို့ရဲ့ စစ်ရေးကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် လမ်းတွေဖောက်တာဖြစ်တာ ဖြစ်တဲ့အတွက် ကျနော်တို့ဖက်က ဒါတွေကို မလုပ်ဖို့ တောင်းဆိုထားတာလေ။” ဟုပြောသည်။

လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် အပစ်အခတ် ရပ်စဲထားသော်လည်း စစ်ရေးအရ စိုးရိမ်မှုများရှိနေသေးသည် ဟု ဒု-ဗိုလ်မှူးကြီး စောထွန်းကဲက ဆက်ပြောသည်။

“တကယ်တမ်းကျတော့ ကျနော်တို့က အပစ်အခတ်ရပ်စဲရေး စာချုပ်ပဲ ချုပ်ဆိုထားတာ စိုးရိမ်စရာ အခြေအနေကတော့ ရှိနေတုန်းပဲလေ။ ဘာဖြစ်လဲဆိုတော့ ရှေ့ဆက်ဆွေးနွေးပွဲတွေက ရပ်တန့်နေတဲ့အတွက်ကြောင့် အခြေအနေတွေက ဘယ်လိုဖြစ်လာမလဲ ပြောလို့မှမတတ်တာ”

အစိုးရ တပ်မတော်က ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ နယ်မြေ တောင်ငူခရိုင်အတွင်း လမ်းဖောက်လုပ်ရန် အကြောင်းကြားထားသော်လည်း ဒေသဖွံ့ ဖြိုးရေးထက် စစ်ရေးကို ဦးတည်ဖောက်လုပ်နေသည်ကို စီစစ်တွေ့ရှိရသည့်အတွက် ဖောက်လုပ်ခွင့် မပြုခဲ့ဟု KNU တောင်ငူခရိုင်က ဆိုသည်။

KNU တောင်ငူ ခရိုင်၏ ၆ ကြိမ်မြောက် ညီလာခံအပြီး ထုတ်ပြန်ချက်ထဲတွင် ဖွံ့ဖြိုးရေးအား အကြောင်းပြ၍ KNU တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မူတြော်(ဖာပွန်) ခရိုင်နယ်ချင်းဆက် (ခေးပူး-လယ်မူပလော) လမ်းဖောက်လုပ်မှု အပါအဝင် KNU နယ်မြေအတွင်း အခြားသော လမ်းဖောက်လုပ်မှုများသည် ဒေသခံလူထု အကျိုးထက် အစိုးရ၏ နယ်မြေတိုးချဲ့ရေးနှင့် စစ်ရေးဆိုင်ရာ အထောက်အကူပြုရေးအတွက် အဓိကရည်ရွယ်ပြီး ဖောက်လုပ်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ယင်းလမ်းဖောက်လုပ်ရေးကို ရပ်ဆိုင်းခြင်း မပြုဘဲ ဆက်လက်ဖောက်လုပ်ပါက ပဋိပက္ခဖြစ်ပွားပြီး လက်ရှိကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ယုံကြည်မှု တည်ဆောက်ရေး ဆောင်ရွက်နေမှုများကို ထိခိုက်နိုင်သည်ဟု သုံးသပ်တွေ့ရှိရသည့်အပြင် ၎င်းလမ်းဖောက်လုပ်ရေး အစီအစဉ်များကို ဤညီလာခံမှ အပြင်းအထန် ကန့်ကွက်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

“လမ်းဖောက်တဲ့ အကြောင်းလည်းပဲ ညှိနှိုင်းတိုင်ပင်ပြီး ဒီလိုအခြေအနေတစ်ခုအရ ဒီလုပ်လို့ မသင့်တဲ့ဟာတွေရှိတဲ့ တချို့ကတော့ တစ်ခြားကိစ္စတွေရှိနေတဲ့ သုံးသပ်တဲ့အပေါ်မှာ ကျနော်တို့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု ရှိအောင်တော့ ကျနော်တို့ပြောဆိုတဲ့ဟာတွေကိုတော့ သူတို့က လေးစားသင့်တယ်လို့ ကျနော်အဲလိုပဲ ပြောချင်တယ်” ဟု ဒု-ဗိုလ်မှူးကြီး စောထွန်းကဲက ပြောသည်။

အစိုးရ တပ်မတော်မှ လမ်းဖောက်လုပ်နေသည့် နေရာများသည် ယခင်က တပ်မတော်နှင့် KNU တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ဒေသဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံများ စစ်ဘေးရှောင်ခဲ့ဖူးသည့် ဒေသဖြစ်သည်။

လက်ရှိတွင် စစ်ရေး အခြေအနေ တည်ငြိမ်လာသည့်အတွက် ဒေသခံများမှာ ၎င်းဒေသနှင့် အနီးတစ်ဝိုက်တွင် ပြန်လည်နေထိုင်ကာ လုပ်ကိုင်စားသောက်နေကြသည်။

ယခုကဲ့သို့ အစိုးရ တပ်မတော်မှ လမ်းဖောက်လုပ် လာသည့်အတွက် ဒေသခံများမှာ နောက်တစ်ဖန် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများရှိနေသည်။