တနင်္သာရီတိုင်းတွင် ပစ်မှတ်ထား မိုင်းထောင်မှု ရပ်ရန် မွန်ပြည်သစ်တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်။
ဒေသခံပြည်သူလူထုကို ပစ်မှတ် ထားပြီး မိုင်းထောင်တိုက်ခိုက်နေသည့် လုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်က သဘောထား ထုတ်ပြန်လိုက်သည်။
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်အတွင်းတွင် လက်နက်ကိုင် အဖွဲ့ အစည်း တစ်ခုခုက မွန်ပြည်သစ်ပါတီနှင့် ဒေသခံပြည်သူများအကြား ယုံကြည်မှုကင်းမဲ့စေရန်နှင့် ခြံလုပ်ကိုင်နေသော မွန်လူမျိုးများအား ၎င်းဒေသတွင် မနေနိုင်စေရန် လူသွားလမ်းနှင့် ခြံတို့တွင် မိုင်း ထောင်ထားခြင်းဖြင့် လူထုအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာနေသည်ဟု ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပြန် လိုက်သည့် ထုတ်ပြန်ချက်တွင် မွန်ပြည်သစ်ပါတီ က ပြောဆိုထားသည်။
“မိုင်းကိစ္စက အရင်တစ်ခေါက်တွေ့ ကတည်းက သူတို့ (KNU) ဝန်ခံထားတယ် ပြန်ရုတ်သိမ်းပေးမယ်ဆိုတာကိုလည်း သဘောတူထားကြတယ်၊ ထောင်ထားတဲ့မိုင်းတွေ ပြန်သိမ်းထားတာ မကုန်ဘူး၊ ကျန်နေတယ်၊ အဓိက က သစ်ထုတ်လုပ်တဲ့ကိစ္စကြောင့်ဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်အတွင်းရေးမှူး ဗိုလ်မှူးဉာဏ်ထွန်း က ပြောသည်။
မွန်ပြည်သစ်ပါတီအနေနှင့် ၎င်းတို့ထုတ်ပြန်ထားသည့်အတိုင်း ဒေသခံပြည်သူတို့၏ အသက်အိုးအိမ်လုံခြုံမှု အတွက်ကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးဉာဏ်ထွန်း က ဆက်ပြောသည်။
ဒီဇင်ဘာ ၆ ရက်နေ့ကလည်း မိုင်းကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီနှင့် KNU မြို့နယ် အဆင့်တာဝန်ရှိသူတို့ ဝယ်ဇင်ကျေးရွာတွင် ထပ်မံတွေ့ ဆုံခဲ့ကြပြီး မွန်ပြည်သစ်ပါတီဘက်မှ ထောင်ထားသည့်မိုင်းများ အကုန်ပြန်ရုတ်သိမ်းပေးရန်၊ ခြံလုပ်ဒေသခံများအကြား ဝင်မရှုပ်ကြရန်နှင့် ညှင်းပမ်းရိုက်နှက်မှုများ မပြုလုပ်ရန်၊ မိုင်းထိထားသည့် ဒေသခံများကိစ္စကိုလည်း တာဝန်ယူပေးရန် KUN အား တင်ပြထားကြောင်း ဗိုလ်မှူးဉာဏ်ထွန်းက ပြောသည်။
မွန်ပြည်သစ်ပါတီ လှုပ်ရှားနေသည့် ရေဖြူမြို့နယ် ကလိအောင်မြို့နယ်ခွဲ အလယ်စခန်းကျေးရွာ အရှေ့မြောက်ဘက် ကြောင်လျှာကွင်းဒေသနှင့် မွန်ပြည်သစ်ပါတီဗဟိုဝန်းကျင်ဒေသတွင် KNU တပ်ဖွဲ့ဝင်တို့မှ သစ်ထုတ်လုပ်မှုရှိခဲ့သည့်အတွက် နှစ်ဖက်တပ်ဖွဲ့ ဝင်များအကြား မကျေလည်မှုများရှိခဲ့ပြီး ထိတွေ့ ပစ်ခတ်မှုများလည်း ရှိခဲ့သည်။
ထိုဖြစ်စဉ် ဖြစ်ပွားပြီးနောက် နှစ်ဖက်အဖွဲ့အစည်း အချင်းချင်း ချစ်ကြည်ရင်းနှီးမှု မပျက်ပြားစေရန်နှင့် နှစ်ဖက်စလုံး ပြေလည်မှုရရှိစေရန်အတွက်ဆိုပြီး အောက်တိုဘာလ ၂၃ ရက်နေ့က KNU ဒူးပလာယာခရိုင်ဥက္ကဌနှင့် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဌတို့ ရေးမြို့ တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အထက်ပါဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် နှစ်ဦးနှစ်ဘက် ထိန်းသိမ်းကြရန် သဘောတူထားခဲ့ ကြသည်။
အဆိုပါ မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်ဒေသတွင် မွန်ပြည်သစ်ပါတီ နှင့် KNU တပ်ဖွဲ့တို့အကြား နယ်မြေ အငြင်းပွားမှုဖြစ်ပွားနေသည့် နေရာဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေသည့် နယ်မြေဒေသဖြစ် သည်။
သို့သော်လည်း KNU ထားဝယ်ခရိုင်က အဆိုပါမိုင်းသည် ၎င်းတို့ ထောင်ထားသည့် မိုင်းမဟုတ်ကြောင်းနှင့် အဆိုပါဒေသတဝိုက်တွင်လည်း ၎င်းတို့တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုမရှိကြောင်း၊ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင် တို့ကသာ လှုပ်ရှားသွားလာနေကြောင်း KNU ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုအယ်နားက ပြောသည်။
မွန်ပြည်သစ်ပါတီနှင့် KNU တပ်ဖွဲ့ဝင်တို့အကြား အငြင်းပွားမှုဖြစ်ပွားနေသည့် ရေးဖြူမြို့နယ် အလယ်စခန်း ကျေးရွာအနီး အောက်တိုဘာ ၁၅ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့ထိ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင် ၁ ဦးနှင့် ဒေသခံ ခြံလုပ်သား ၃ ဦးက မိုင်းနင်းမိပြီး ၂ ဦး ခြေထောက်ဖြတ်တောက်ခဲ့ရသည်။
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းလက်အောက်ရှိ မြို့ နယ်တပ်ဖွဲ့ခွဲနှင့် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ တို့ လှုပ်ရှားရာ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်အတွင်းတွင် နယ်မြေအငြင်းပွားမှုကြောင့် ၂၀၁၆/၂၀၁၇ ခုနှစ်တုန်းက ၆ ကြိမ်ထက်မနည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားမှုရှိခဲ့သည်။