ပိတ်မိပြည်သူ လွတ်မြောက်ရေး ကြိုးပမ်းသူများအား ထောင်ဒဏ် ၆ လ ချမှတ်

သတင်းနှင့်မီဒီယာကွန်ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်

တိုက်ပွဲကြား ပိတ်မိနေသော ပြည်သူများ လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည့် ကချင်လူငယ်ခေါင်းဆောင် ၃ ဦးကို မြစ်ကြီးနား မြို့ နယ်တရားရုံးက ဒီဇင်ဘာလ ၇ ရက်နေ့ (ယနေ့) တွင် ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ် ငါးသိန်းစီ ချမှတ်လိုက်သည်။

“ကျနော်တို့ကို ယနေ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကျနော်တို့ ကယ်တင်တဲ့အတွက်ကြောင့်မို့ ယနေ့ကျနော်တို့ကို အလုပ်မဲ့ ထောင်ဒဏ် ၆ လ နဲ့ ငွေဒဏ် ငါးသိန်း အကယ်၍ ငွေဒဏ်မဆောင်ဘူးဆိုရင် နောက်ထပ်ငွေဒဏ် ခြောက်လစုစုပေါင်း တစ်နှစ်ချမှတ်လိုက်ပါတယ်” ဟု ထောင်ဒဏ် ချမှတ်ခံလိုက်ရသည့် လူငယ် ကိုလွမ်းဇောင်းက ပြောသည်။

ထောင်ဒဏ် ၆ လနှင့် ငွေဒဏ် ငါးသိန်းချမှတ် ခံလိုက်ရသည့် ဆန္ဒထုတ်ဖော်လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည် ကချင်လူငယ် ခေါင်းဆောင် ၃ ဦးမှာ ကိုဇော်ဂျတ်၊ ကိုလွမ်းဇောင်းနှင့် ဒေါ်နန်ပူတို့ ဖြစ်သည်။

၎င်းတို့ ၃ ဦးကို ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင်ပြုလုပ်သည့် ကချင်လူငယ်ထုမှ ဦးဆောင်သော ဆန္ဒထုတ်ဖော်လှုပ်ရှားမှု ပိတ်မိပြည်သူများ လွှတ်ပေးရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ ဓါတ်ပုံများ၊ ပြောဆိုမှု များ၊ အသုံးအနှုန်းများနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက တရား လိုပြုလုပ်ကာ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့တွင် တရားရုံးသို့ တရားလိုဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးမှ ရောက်ရှိလာခြင်း မရှိပဲ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲကြား ပိတ်မိနေသည့် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် ပြည်သူများလွတ်မြောက်ရန်အတွက် အစိုးရတာဝန်ရှိသူများအနေဖြင့် ကူညီလုပ်ဆောင်ပေးရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သော်လည်း မည်သည့်တုန့်ပြန်မှုမှ ရောက်မလာသည့်အတွက် နောက်ဆုံးတွင် ဆန္ဒထုတ်ဖော်သည့် အဆင့်သို့ ရောက်ရှိ လာရခြင်းဖြစ်သည်ဟု ပြစ်ဒဏ်ချမှတ်ခံရသူ ဒေါ်နန်ပူ က ပြောသည်။

“ဆန္ဒထုတ်ဖော်ပြီးတော့မှ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှာ ကျမတို့ကို ဒီလိုမျိုး တရားစွဲဆိုတာပေါေ့နာ ကျမ တို့ တရားစွဲဆိုခံရတာက ကျမတို့ မှားတာမဟုတ်ဘူး ကျမတို့ မှန်တယ်ဆိုပြီးတော့ မှ ကျမတို့ သက်သေအထောက်အထားတွေ ခိုင်ခိုင်မာမာနဲ့ တကယ့် ဒုက္ခရောက်နေတဲ့သူတွေ လေယာဉ်နဲ့ဗုံးကြဲ ပြီးတော့ ဒုက္ခရောက်ပြီး သေသွားတဲ့သူတွေရဲ့ မိဘတွေ လေယာဉ်နဲ့ ဗုံးကြဲလို့ ထိခိုက်ဒဏ်ရာရပြီး ဂျိုင်းထောက်နဲ့ ဒုက္ခရောက်တဲ့ သူတွေနဲ့ သက်သေအထောက်အထား အခိုင်အမာနဲ့ ကျမတို့ တရားရုံးတော်မှာ တရားရင် ဆိုင်ခဲ့တယ် ဒါပေမယ့် ဆုံးဖြတ်ချက်ချတဲ့အခါမှာတော့ ကျမတို့ကို အပြစ်ရှိတယ်ဆိုပြီးတော့မှ ဆုံးဖြတ်ချက်ချတယ်”

၎င်းတို့ ၃ ဦးအား သက်သေအထောက်အထား ခိုင်လုံခြင်း မရှိပဲ အမိန့်ချမှတ်လိုက်သည့်အပေါ် ကိုလွမ်းဇောင်း က ယခုကဲ့သို့ ပြောသည်။

“ဒီဟာကို ကျနော်တု့ိ ကြည့်ခြင်းအားဖြင့် ယနေ့ မြန်မာပြည်ရဲ့ တရားစီရင်ရေးစနစ်ဟာ ဘယ်လောက်အထိ စိုးရိမ်စရာကောင်းနေပြီလဲဆိုတာကို ကျနော်တို့ မိဘပြည်သူတွေ အားလုံး ကျနော်တို့ သိရှိပြီဖြစ်ပါတယ်။ ဒါ ကြောင့် တရားစီရင်ရေးစနစ်ဟာ ဘယ်လောက်အတိုင်းအတာ တစ်ခုထိ ကျနော်တု့ိပြည်သူတွေရဲ့ တရားမျှတ မှုကို ဖော်ဆောင်ပေးမလဲ ဆိုတာ ကျနော်တို့အတွက်ကတော့ အင်မတန်တော့ ဝမ်းနည်းဖွယ်ရာ စိုးရိမ်စရာ ကျနော်တို့ ဖြစ်နေပြီဆိုတာကို မိဘပြည်သူ အားလုံးကို ဒီနေရာကနေ ကျနော်ပြောကြားချင်ပါတယ်။”

လက်ရှိ အစိုးရအနေဖြင့် ဒီမိုကရေစီ အစိုးရဟု ဆိုသော်လည်း မတရားခံနေရသည့် ပြည်သူများဖက်မှ ရပ်တည်ကာ လုပ်ဆောင်သည့် ၎င်းတို့ ၃ ဦး အပေါ် ယခုကဲ့သို့ တရားစီရင်လိုက်ခြင်းသည် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ရှိမနေခြင်းကို အခိုင်အမာပြနေသည်ဟု ထောင်ဒဏ် နှင့် ငွေဒဏ် ချမှတ်ခံလိုက်ရသည့် ကချင်လူငယ်ခေါင်းဆောင်များ က ပြောသည်။

ယနေ့ တရားစီရင်မှုအပြီးတွင် တရားရုံးမှ ချက်မှတ်လိုက်သည့် စီရင်ချက်အပေါ် မကျေနပ်သည့်အတွက် မြစ်ကြီးနားမြို့ တရားရုံးရှေ့တွင် ကချင်ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

တရားရုံးရှေ့ မှ မနောကွင်းထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် မနောကွင်းအတွင်း သတင်းစာရှင်း လင်းပွဲ ပြုလုပ်နေသည်။