စစ်ဘေး ဒုက္ခသည် ခုနှစ်သောင်း ရိက္ခာ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ ဒေသရှိ စစ်ဘေးရှောင် ခုနှစ်သောင်းခန့် စားနပ်ရိက္ခာ ပြတ်လတ်မှုများနှင့် ကြုံတွေ့ နေရသည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC က ပြောသည်။
“ကျနော်တို့ အခု နယ်စပ်မှာရှိတဲ့ IDPs Camp တွေ လူပေါင်းကတော့ ခြောက်သောင်း ခုနှစ်သောင်း နီးပါးခန့်တော့ အခုအစားအစာဖြတ်ထားမှုတွေ ရှိနေတာကို ကျနော်တို့ ရင်ဆိုင်နေရတယ်” ဟု ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ ချုပ် KBC ဥက္ကဌ ဒေါက်တာ ခါလမ်ဆမ်ဆွန် က ပြောသည်။
ယခင်က စစ်ဘေးရှောင်များအတွက် လိုအပ်နေသည့် စားနပ်ရိက္ခာများကို တရုတ်ပြည်ဖက်မှ တင်သွင်းနေရပြီး လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်ခန့်က တရုတ်အစိုးရမှ အကြောင်းပြချက် တစ်စုံတစ်ရာ မပေးပဲ ရိက္ခာတင်ပို့မှုကို တားဆီးပိတ်ပင်လိုက်သည် ဟု KBC ကပြောသည်။
“ကျနော်တို့ ၇ နှစ်ပတ်လုံး ကျနော်တို့က အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲပေါ့ အဲဒါကို တရုတ်ပြည်ဖက်မှ တင်သွင်းပြီးမှ ဖြန့်ဖြူးနေတာ အခုဒီ ၂ ပတ်ကျော်လောက်ကတော့ တရုတ်က ဒါကို တားမြစ်လိုက်တော့ အကြောင်းပြချက်တော့ ဘာမှမပေးဘူး။ ဆိုတော့ အရင်ကတော့ အခုဒီတရုတ်မှာ ကုန်သွယ်တွေနဲ့ သူတို့ အဆင်ပြေတာပေါ့။ ဒီတစ်ခါတော့ သူတို့အားလုံး ဒီနယ်စပ်မှာ ဝင်တဲ့လမ်းတွေလည်း အားလုံး သူတို့ပိတ်တယ်။ ပြီးရင် သူတို့ စစ်ရေးလေ့ကျင့်မှုတွေလည်း လုပ်တယ်” ဟု ဒေါက်တာ ခါလမ်ဆမ်ဆွန် က ပြောသည်။
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က စစ်ဘေးရှောင်များအတွက် ရိက္ခာတင်ပို့နိုင်ရန် ဒီဇင်ဘာလ ၇ ၇က် ယနေ့တွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ နယ်စပ်ဒေသရှိ လူမှုကယ်ဆယ် ရေးအဖွဲ့များနှင့် သွားရောက် ညှိနှိုင်းကာ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ပြောသည်။
KIO ထိန်းချုပ်နယ်မြေ လိုင်ဇာရှိ ဝေကြိုင် စစ်ရှောင်စခန်းမှ စခန်းတာဝန်ခံတစ်ဦးက “ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းက တရုတ်က ဆန်မပေးသယ်တော့ ကျနော်တို့အခက်အခဲကြုံနေရတယ်။ အခုဆိုရင် ဆန်က တစ်လုံး နှစ်လုံးလောက်ပဲ ပေးနိုင်တော့တယ်။ အရင်တော့ အိမ်ထောင်တစ်စုကို သူ့သတ်မှတ်ချက်နဲ့အညီပေါ့ ပြည်လိုက်၊ အိတ်လိုက်ဝေပေးနိုင်တယ်၊ အခုက နို့ဆီဗူးတစ်လုံး နှစ်လုံးတောင် ပုံမှန်ထုတ်ပေးဖို့ အခက်အခဲကြုံနေရတယ်” ဟု ပြောသည်။
တရုတ်ဘက်ခြမ်းမှ ဆန်တင်ပို့ခွင့်ပို့ခွင့်ကို ပိတ်ပင်ထားသည်မှာ နှစ်လကျော်ပြီဟု စစ်ဘေးရှောင် စခန်းတာဝန်ရှိ သူများက ပြောသည်။
ဝေကြိုင် စစ်ဘေးရှောင်စခန်းမှ စစ်ရှောင် အမျိုးသမီးတစ်ဦးက “ထမင်းလည်း ကောင်းကောင်းမစားရတော့ဘူး။ အလုပ်လုပ်ဖို့လည်း အဆင်မ ပြေဘူး။ ငရုတ်သီးထောင်းတောင် မစားနိုင်တော့ဘူး။ ထမင်းတောင်မှ ဝအောင် မစားရဘူး။ အရမ်းစိတ်ပျက်လာသလို ခံစားရတယ်” ဟု ပြောသည်။
လိုင်ဇာအနီးပတ်ဝန်းကျင်တွင် ဂျေယန့်၊ ဖုန်လုံယန်၊ ဝေကြိုင်စစ်ရှောင်စခန်းများရှိပြီး စခန်းအားလုံးတွင် စားနပ်ရိက္ခာ အခက်အခဲများ ကြုံနေရသည် ဟု စခန်းတာဝန်ခံများ၊ စစ်ရှောင်ပြည်သူများက ပြောသည်။
အဆိုပါ စခန်းသုံးခုအပါအဝင် KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းအားလုံးသည် လက်ရှိတွင် စားနပ်ရိက္ခာ အခက်အခဲများနှင့် ကြုံနေရသည်။
ထို့ကြောင့် ယခုအပတ်အတွင်း အခြေအနေ တစ်စုံတစ်ရာ ထူးခြားလာမည်ဟု မျှော်လင့်ကြောင်း၊ စားနပ်ရိက္ခာ တင်ပို့သည့် လမ်းကြောင်းကို မဖွင့်ပေးပါက စစ်ဘေးရှောင်များအတွက် ပိုမိုခက်ခဲလာနိုင်သည်ဟု KBC က ပြော သည်။
ယခုကဲ့သို့ စားနပ်ရိက္ခာ တင်သွင်းသည့် လမ်းကြောင်းများကို ပိတ်လိုက်သည့် အနေအထားကို ကြည့်မည် ဆိုပါက ကချင်လွတ်လပ်ရေးအဖွဲ့ KIO အား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီ စာချုပ် NCA ကို လက်မှတ်ထိုးရန် ဖိအားပေးသည့် သဘောလည်း ပါကောင်းပါဝင်နိုင်သည်ဟု ဒေါက်တာ ခါလမ်ဆမ်ဆွန်က သုံးသပ်ပြောဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပံ့ပိုးကူညီနေသည့် နီပွန်ဖောင်ဒေးရှင်းနဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC တို့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားတွင် တွေ့ဆုံကြမည်ဖြစ်ပြီး စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ တင်ပို့နိုင်ရန် အဖြေရှာ ဆွေးနွေးသွားမည်ဟု KBC က ပြောသည်။
“ကျနော်တို့က နီပွန်ဖောင်ဒေးရှင်းကို ပြောပြပြီး တော့မှ ကျနော်တို့ တရုတ်နဲ့ ဘယ်လိုညှိ ထား သလဲမသိဘူး။ ဆိုတော့ တရုတ်နဲ့ ဂျပန် ဒီနီပွန်ဖောင်ဒေးရှင်းနဲ့ ညှိနှိုင်းလို့လည်း ပါဝင်မယ်လို့ ကျနော်ထင်တယ်လေ။ ဆိုတော့ အဲဒါတွေ ကျနော်တို့ ပြန်ပြီး အဖြေရှာရမှာပေါ့” ဟု ဒေါက်တာ ခါလမ်ဆမ်ဆွန်က ပြောသည်။