တရားရုံး ဆုံးဖြတ်ချက် ကန့်ကွက်ဆန္ဒပြသူ ကချင်လူငယ် ၃ ဦးကို တရားစွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်။

ကချင်လူငယ်ခေါင်းဆောင် သုံးဦးအား ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ၅ သိန်း ချမှတ်လိုက်သည့်အပေါ် တရားမျှတမှုမရှိကြောင်း ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည့် နောက်ထပ် ကချင်လူငယ်ခေါင်းဆောင်သုံးဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မဖြင့် အာဏာပိုင်များက ထပ်မံ တရားစွဲဆိုခဲ့သည်။

ကချင်ပြည်နယ် တိုက်ပွဲအတွင်း ပိတ်မိပြည်သူများ လွတ်မြောက်ရေး ဦးဆောင် လှုပ်ရှားခဲ့သော ကချင်လူငယ်ခေါင်းဆောင် (၃)ဦးဖြစ်သည့် ကိုဇော်ဂျတ်၊ ကိုလွမ်းဇောင်းနှင့် ဒေါ်နန်ပူ တို့ကို သောကြာ နေ့တွင် မြစ်ကြီးနားမြို့နယ် တရားရုံးမှ ထောင်ဒဏ်နှင့်ငွေဒဏ် စီရင်ချက်ချခဲ့သည့် အပေါ် ကန့်ကွက်ဆန္ဒပြရာတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ယခု ထပ်မံ၍ငြိမ်းစုစီ အက်ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲခံရသည့် လူငယ် ခေါင်းဆောင်သုံးဦးမှာ မဆွတ်ဆိုင်းထွယ်၊ ကိုဆိုင်းခွမ်အောင်နှင့် ဆရာဘရန်မိုင် တို့ဖြစ်သည်။

ယခု ထပ်မံ တရားစွဲဆိုခံထားရသည့် ကချင်လူငယ်ခေါင်းဆောင် မဆွတ်ဆိုင်းထွယ် က “ကျမတို့က အခုလိုမျိုး စီရင်ချက်ချလိမ့်မယ်လို့ မထင်ဘူး။ ဒဏ်ငွေလောက်နဲ့ ပြီးမယ်လို့ပဲ ထင်ထားခဲ့တာ။ ကျမတို့ ခေါင်းဆောင်တွေကို အခုလို စီရင်ချက်ချတာဟာ လုံးဝမတရားဘူး။ အဲ့ကြောင့် we wants justice တို့၊ တရား ဥပဒေ စိုးမိုးမှု လုံးဝမရှိဘူးဆိုတဲ့ စကားလုံးတွေနဲ့ ကျမတို့စုစီးပြီးတော့ လိုချင်တဲ့ဆန္ဒတွေကို ဖော်ထုတ် လိုက်တဲ့အတွက် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ မြို့နယ်ရေးမှူးက တရားစွဲဆိုလိုက်တာဖြစ်တယ်” ဟု ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့က မြစ်ကြီးနားတရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့ကြသည့် ကချင် လူငယ်ခေါင်းဆောင်များကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် မြစ်ကြီးနားမြို့နယ်၊ မြို့မရဲစခန်းတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကချင်လူငယ်သုံးဦးမှာ ယမန့်နေ့ ညပိုင်းက အာမခံရရှိခဲ့ပြီး လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ (တင်္နလာနေ့)တွင် မြစ်ကြီးနားမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးသွားမည်ဟု မဆွတ် ဆိုင်းထွယ် က ပြောသည်။

“မနေ့ညက ကျမတို့ထဲက တစ်ယောက်ကို ဖမ်းသွားတယ်။ နောက်ပြီး ကျမရော ဆိုင်းခွမ်အောင်ကိုရော၊ ကျမတို့ရဲ့ ဆရာဘရန်မိုင်ရော ကျမတို့သုံးယောက်လုံး အာခံနဲ့ ပြန်လွှတ်လာတယ်။ အခု တင်္နလာနေ့ကျရင်တော့ တရားရုံးသွားရမှာဖြစ်တယ်။ ကြီးတဲ့အမှုငယ်စေ ငယ်တဲ့အမှု ပပျောက်စေ ဆိုတာရှိတယ်။ ဒါပေမယ့် အဲ့ဒီအပေါ် မှာလည်း တန်ဘိုးမထားဘူး။ ကျမတို့က စစ်ဘေးရှောင် မိဘပြည်သူတွေအတွက် တောင်းဆိုတာ၊ တခြားပြစ်မှု ကျူးလွန်တာလည်းမဟုတ်ဘူး။ ဒါကို မတရားစီရင်ချက်ချတယ်၊ အဲ့ဒီအပေါ်မှာ ကျမတို့က လုံးဝကန့်ကွက်တယ်၊ မကျေနပ်ဘူး” ဟု ပြောသည်။

“အခုတော့ ပြောင်းပြန် ကျမတို့ကို တရားပြန်စွဲတယ်။ တရားမျှတမှုဆိုတာ ပြည်သူတွေအပေါ်မှာ ရှိမနေဘူး။ တရားဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့ဆိုတာပဲ ကျမတို့ကနားလည်တယ်။ အခုတော့ ပြည်သူတွေ အတွက်မဟုတ်တော့ဘူး။ ပြည်သူတွေရဲ့ တရားရုံးလည်း မဟုတ်တော့ဘူး။”

ယခုကဲ့သို့ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ ထပ်မံတရားစွဲဆိုခံထားရခြင်း ခြိမ်းခြောက်ခြင်း သက်သက်သာ ဖြစ်သည် ဟု ကချင်တမျိုးသားလုံးဆိုင်ရာ လူငယ်များသမဂ္ဂ (AKYU) မှ မကျန်းဇေး က ပြောသည်။

“အခုလို တရားစွဲတာက ကျမတို့က နောက်တစ်ခါ ဒါမျိုးမလုပ်ရဲ အောင်ဆိုပြီး ခြိမ်းခြောက်လိုက်တာပဲ။ အခုက ဆန္ဒပြဖို့ကို စာမတင်လို့၊ ကြိုတင်အကြောင်းမကြားလို့ဆိုပြီးပြောတယ်။ ကျမတို့က ဘယ်လိုတင်မလဲ၊ စီရင်ချက်က မတရား တဲ့အတွက် အခုလိုဆန္ဒပြတာကိုး။ ဘယ်လိုပဲ ခြိမ်း ခြောက် ခြိမ်းခြောက် ကျမတို့ လူငယ်တွေအနေနဲ့ကတော့ ဆက်ပြီး တောင်းဆိုသွားဖို့ပဲ ရှိတယ်။ အားလုံးကို ဝန်းရံပြီး အတူလက်တွဲတွန်းလှန်သွားမယ်” ဟု ပြောသည်။

ယခုနှစ် အစောပိုင်း တိုက်ပွဲများကြားတွင် ပိတ်မိနေသည့် ပြည်သူများအား ကူညီကယ်ထုတ်နိုင်ရန် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သော လူငယ် ခေါင်းဆောင် ၃ ဦးကို ဒီဇင်ဘာ ၇ ရက်က ထောင်ဒဏ် ၆ လ စီနှင့် ဒဏ်ငွေ ၅ သိန်းစီ ပေးဆောင်ရန် မြစ်ကြီးနား တရားရုံးက အမိန့်ချခဲ့သည်။

အဆိုပါ တရားစီရင်ချက်အား မကျေနပ်သည့်အတွက် တရားရုံးရှေ့တွင် ကချင်ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မြစ်ကြီးနားမြို့ တရားရုံးရှေ့ မှ မနောကွင်းထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် မနောကွင်းအတွင်း သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့သည်။