ပထမဆုံး အကြိမ် လီဆူလူငယ် ညီလာခံ ကျင်းပရန် ပြင်ဆင်
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်။
ပထမဆုံးအကြိမ် လီဆူလူငယ် ညီလာခံကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ ပမ္မတီးရပ်ကွက်တွင် ကျင်းပပြုလုပ်သွားမည်ဟု ပွဲကျင်းပရေး တာဝန်ရှိသူများက ပြောသည်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစရှိသည့် ကဏ္ဍ အသီးသီးတွင် လီဆူလူငယ်များ အတူတကွ လက်တွဲလုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး ညီလာခံကို ကျင်းပပြုလုပ်ရခြင်းဖြစ်သည်ဟု ပထမအကြိမ် လီဆူလူငယ် ကျင်းပရေး ကော်မတီ၏ ဥက္ကဌ ဦးလယ်မယ်တား က ပြောသည်။
“အဓိကရည်ရွယ်ချက်က လီဆူလူငယ်တွေပေါ့ မြန်မာနိုင်ငံမှာရှိတဲ့ လီဆူလူငယ်တွေ မြို့နယ်နှင့်တိုင်းနှင့် အသီး သီးက လီဆူလူငယ်တွေ အတူတကွ စည်းစည်းလုံးလုံးနဲ့ စည်းလုံးညီညွှတ်စွာ လက်တွဲလာဖို့ ပြီးရင် နောက်တစ် ခုက ကျနော်တို့ လီဆူလူငယ်တွေ အတူတကွ လက်တွဲပြီးမှ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းတွေပေါ့ လုပ်ဆောင်နိုင်ဖို့အတွက် ကျနော်တို့ လုပ်ဆောင်ရခြင်းဖြစ်တယ်”
ညီလာခံကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
သုံးရက်ကြာ ကျင်းပပြုလုပ်သွားမည့် အဆိုပါညီလာခံတွင် အပိုင်း ၃ ပိုင်းဖြင့် ပြုလုပ်သွားမည် ဟု သိရသည်။
ပထမအပိုင်းအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပညာရေး အစရှိသည့် ကဏ္ဍများအလိုက် လေ့လာသင်ယူ နိုင်ရန်အတွက် ပြည်တွင်းပြည်ပ ပညာရှင်များကို ဖိတ်ခေါ်ဟောပြောစေခြင်းအစီအစဉ်များ ပြုလုပ်သွားမည်ဟု ပထမအကြိမ် လီဆူလူငယ် ကျင်းပရေး ကော်မတီ က ပြောသည်။
ဒုတိယအပိုင်းအနေဖြင့် လီဆူလူ ငယ်များ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ရန် အစီအစဉ် ရေးဆွဲခြင်း၊ တတိယအပိုင်း အနေဖြင့် လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်သည့် ကော်မတီဖွဲ့စည်းခြင်းတို့ပါဝင်သည်ဟု ဦးလယ်မယ်တားက ပြောသည်။
“ကျနော်တို့ မျှော်မှန်းတာကတော့ အဓိကကတော့ ကော်မတီရှိလာဖို့ပေါ့။ ကျနော်တို့ လီဆူစာပေယဉ်ကျေးမှု ကော်မတီဖွဲ့မယ်။ ပြီးရင် ကျနော်တို့ မြန်မာနိုင်ငံ လီဆူလူငယ်ကွန်ရက် ဖွဲ့မယ်ပေါ့ ပြီးရင် အဲဒီလူငယ်ကွန်ရက် ကနေတစ်ဆင့် ကျနော်တို့ လီဆူလူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေ ပညာရေးမှာ စီးပွားရေးမှာ ဖွံ့ဖြိုး တိုးတက်လာဖို့ အဲလိုရည်မှန်းထားတာလေ”
အိမ်နီးချင်း နိုင်ငံများတွင် နေထိုင်နေကြသည့် လီဆူတိုင်းရင်းသားများနှင့် စာပေ၊ ယဉ်ကျေးမှု အပြင် အနာဂတ် လူငယ်များ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍများ ချိတ်ဆက် လုပ်ဆောင်နိုင်ရေးရည်ရွယ်ပြီး ယခုကျင်းပမည့် ပထမဆုံး လီဆူလူငယ်ညီလာခံတွင် ဖိတ်ကြားထားသည်ဟု သိရသည်။
ယခုကျင်းပမည့် ပထမဆုံးအကြိမ် လီဆူလူငယ် ညီလာခံကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းရှိ လီဆူလူငယ်များအပြင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ လူငယ်များ စုစုပေါင်း နှစ်ထောင်ကျော်ခန့် တက်ရောက်မည်ဟု ပွဲကျင်းပရေး ကော်မတီက ပြောသည်။