ထောင်ချီသော ပြည်သူများ မြစ်ကြီးနားတွင် ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။

တရားရုံးများက တရားမျှတမှုမရှိသော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်ဆိုကာ ထောင်နှင့်ချီသော ကချင်ပြည်သူများ မြစ်ကြီးနားမြို့တွင် ယနေ့ ဆန္ဒထုတ်ဖော်ခဲ့သည်။

တရားမျှတမှုမရှိပဲ ထောင်ဒဏ်ချမှတ်ခံရသည့် ကချင်လူငယ် ခေါင်းဆောင် ၃ ဦးအား ချွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရန်နှင့် တရားမျှတမှုကို ဖော်ဆောင်ပေးရန် ဒီဇင်ဘာလ ၁၁ ရက်နေ့ (ယနေ့) တွင် ပြုလုပ်သည့် ကချင်လူထုဆန္ဒ ထုတ်ဖော်ပွဲမှ အလေးအနက် တိုက်တွန်းတောင်းဆိုလိုက်သည်။

“အဓိက က ဆန္ဒပြတဲ့ ရည်ရွယ်ချက်က တိုက်ပွဲကြား ပိတ်မိနေသူများကို ကယ်ထုတ်ရန် လူသားချင်း စာနာထောက်ထားဖို့ ကြိုးစားခဲ့တဲ့ဟာ အဲဒါဖြစ်ဖို့အတွက် ဆန္ဒဖော်ထုတ်တဲ့အချိန်မှာ အဖမ်းခံရပြီးမှ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင် ၃ ဦးပေါ့နော်။ အဲဒါကို အပြစ်ဒဏ်ချမှတ်တဲ့အတွက်ကြောင့်မို့ တရားမျှတမှု မရှိပဲ အပြစ်ဒဏ်ချ မှတ်တဲ့အတွက် သူတို့ကို ခြွင်းချက်မရှိ လွတ်မြောက်ပေးရန်နှင့် အမှန်တရားကို ဖော်ထုတ် နိုင်ရန် တရားမျှတမှုကို ဖော်ထုတ်နိုင်ရန် ကျနော်တို့ ရည်ရွယ်ပြီးမှ လုပ်တာပေါ့နော” ဟု ကချင်လူထု ဆန္ဒထုတ်ဖော်ပွဲ ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်ဖြစ်သည့် ဦးနော်အောင်က ပြောသည်။

တိုက်ပွဲကြား ပိတ်မိနေသော ပြည်သူများ လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည့် ကချင်လူငယ်ခေါင်းဆောင် ၃ ဦးဖြစ်သည့် ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်၊ ဒေါ်နန်ပူတို့ကို မြစ်ကြီးနား မြို့ နယ်တရားရုံးက ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ် ငါးသိန်းစီ ချမှတ်လိုက်ခြင်းသည် တရားမျှတသည့် တရားစီရင်မှု မဟုတ်သည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ကာ တောင်းဆိုရခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူများက ပြောသည်။

ကချင်လူထု ဆန္ဒထုတ်ဖော်ပွဲ ဖြစ်မြောက်ရေး ကော်မတီမှ တိုက်ပွဲကြား ပိတ်မိပြည်သူများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သူ ၃ ဦးအပေါ် ပြစ်ဒဏ်ချမှတ်မှုကို ပြင်းထန်စွာရှုံ့ချသည်ဟု ပြောသည်။

ယခုကဲ့သို့ ပိတ်မိ ပြည်သူများ လွတ်မြောက်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့ကြသူများအပေါ် စီရင်ဆုံးဖြတ်မှုသည် လွတ်လပ်ပြီး တရားမျှတသော တရားစီရင်ရေး မဟုတ်ကြောင်း ပေါ်လွင်ထင်ရှားနေသည် သာမက လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ဖိနှိပ်ခြင်း၊ နှိပ်ကွပ်ခြင်း သက်သက်သာ ဖြစ်သည်ဟု ကချင်လူထုဆန္ဒထုတ်ဖော်ပွဲ ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်များနှင့် ကချင် ပြည်သူများက ပြောသည်။

ထို့အပြင် တရားမျှတမှုမရှိပဲ ထောင်ချခံရသော ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့အား ချွင်းချက်မရှိ အမြန် ဆုံးလွတ်ပေးရန်နှင့် တရားမျှတမှုကို ဖော်ဆောင်ပေးရန် အလေးအနက်တိုက်တွန်းကြောင်းလည်း ယနေ့တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် တောင်းဆိုထားသည်။

ယနေ့ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ပိတ်မိပြည်သူ လွတ်မြောက်ရေး ဦးဆောင်နေသူ ၃ ဦးအား မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည့် မြစ်ကြီးနားမြို့နယ် တရားရုံးအား ပြင်းထန်စွာ ရှုတ်ချရေး – (ဒို့အရေး၊ ဒို့အရေး )၊ တရားမျှတမှု မရှိပဲ ထောင်ချခံထားရသော ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ် နှင့် ဒေါ်နန်ပူ ၃ ဦးတို့အား ချွင်းချက် မရှိ ချက်ခြင်း လွတ်ပေးရေး – (ဒို့အရေး ဒို့အရေး )၊ အမှန်တရားဘက် ရပ်တည်မှု မရှိသော တရားသူကြီး အလို မရှိ-(အလိုမရှိ၊ အလိုမရှိ)၊ လွတ်လပ်ပြီး တရားမျှတသော တရားစီရင်ရေး မဏ္ဏိုင်အမြန်ဆုံး ဖော် ဆောင်ရေး-(ဒို့အရေး ဒို့အရေး)၊ ပိတ်မိပြည် သူ လွတ်မြောက်ရေးဆောင်ရွက်သူ ၃ ဦးအား တရားစွဲဆိုမခဲ့မှုအား ပြင်းထန်စွာ ရှုတ်ချရေး-(ဒို့အရေး ဒို့အရေး)၊ လူ့အခွင့်အရေး ချိုးဖောက်သူများအား ထိရောက်စွာ အရေးယူ ပေးရေး-ဒို့အရေး ဒို့အရေး စသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေစဉ်ကာလအတွင်း တိုက်ပွဲကြား ပိတ်မိနေသူ များကို ကယ်ထုတ်ရန် ကြိုးစားသူများအား ထောင်ဒဏ်ချမှတ်ခြင်းသည် လူထုများက အစိုးရအပေါ် ယုံကြည်မှု ပျက်ပြားစေနိုင်သည့်အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်လည်း အတားအဆီးဖြစ်စေနိုင်သည်ဟု ကချင်လူထုဆန္ဒထုတ်ဖော်ပွဲ ဖြစ်မြောက်ရေး ဦးဆောင်သူများက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေး အနေအထားနှင့် ပတ်သက်ပြီး ဦးနော်အောင်က “မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအပေါ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေး လုံးဝမရှိဘူးဆိုတဲ့ဟာ တွေ့ရတယ်။ သူတို့ ကြောက်တဲ့ဖက်မှာ ရပ်တည်ပြီးမှ တစ်ဖက်မှာ အာဏာကြီးတဲ့ဖက်မှာ တစ်ဖက်ရဲ့ စကားကိုပဲ နားထောင် ပြီးမှ အဲဒီအပေါ်မှာပဲ မူတည်ပြီးတော့ တရားစီရင်ဆုံးဖြတ်တဲ့ဟာကို တွေ့ရှိရတာပေါ့ ဒါကြောင့်မို့ လွတ်လပ်ပြီး တရား မျှတတဲ့ဟာတွေ မရှိဘူး တရားဥပဒေစိုးမိုးရေးတွေ မရှိဘူးဆိုတဲ့ဟာ မျက်မြင်ထင်ရှား တွေ့ရှိရတာ ပေါ့နော်”

ကချင်လူငယ် ခေါင်းဆောင် ၃ ဦးဖြစ်သည့် ကိုဇော်ဂျတ်၊ ကိုလွမ်းဇောင်းနှင့် ဒေါ်နန်ပူတို့ကို ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင်ပြုလုပ်သည့် ကချင်လူငယ်ထုမှ ဦးဆောင်သော ဆန္ဒထုတ်ဖော်လှုပ်ရှားမှု ပိတ်မိပြည်သူများ လွှတ်ပေးရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ ဓါတ်ပုံများ၊ ပြောဆိုမှုများ၊ အသုံးအနှုန်းများနှင့် ပတ်သက် ၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက တရား လိုပြုလုပ်ကာ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့်တရားစွဲဆိုခံရပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။