ဘုရားကျောင်းအားလုံး ပြန်မဖွင့်နိုင်သေးဟု လားဟူခေါင်းဆောင်များပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်။
ရှမ်းပြည်နယ် အရှေ့ပိုင်း “ဝ” အထူးဒေသ ၂ အတွင်း လားဟူ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ ပြန်ဖွင့်ပေးလိုက်ပြီဟု “ဝ” ဘက်မှ ပြောသော်လည်း ဘုရားကျောင်း အားလုံးဖွင့် ပေးခြင်း မရှိသေးဟု လားဟူ တိုင်းရင်းသားခေါင်းဆောင်များ က ပြောသည်။
“လိုင်းပေါ်မှာတွေကလည်း ပြန့်နေတယ်။ ပြန့်နေတယ်ဆိုတာက သူတို့ဘုရားကျောင်းကို ပြန်ဖွင့်ပေးမယ်ဆိုပြီး တော့ ဗဟိုကနေ ဖုန်းဆက်ထားပြီးပြီဆိုတဲ့ဟာတွေပေါ့။ အခုမိုင်းပေါက်ဘက်မှာက ဘုရားကျောင်းဝတ်ပြုနေရ တဲ့ရွာက ချဲကျန် ရွာနဲ့ နာဟူရွာ ရွာနှစ်ရွာပဲ ရှိတယ်လို့ ပြောတယ်။ ကျန်တဲ့နေရာ လုံးဝမဖွင့်ပေးသေးဘူးပေါ့ နော်။ ဒါက အခု ၂ နာရီ ၃၅ အထိပေါ့နော် အခုထိ မဖွင့်ပေးသေးဘူးတဲ့။ ဒါက ဟိုမှာရှိတဲ့ ဒေသခံတွေဆီက ရတဲ့သတင်းပေါ့နော်” လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (LNDP) ဥက္ကဌ ဒေါ်အေးသီတာမြင့်က ပြော သည်။
UWSP “ဝ” ဘက်မှ ဘုရားကျောင်းများကို ပြန်လည်ဖွင့်ခွင့်ပြုခြင်း၊ ဝတ်ပြုကိုးကွယ်ခွင့်ပြုခြင်းနှင့် ပျက်ဆီးသွားသည့် ဘုရားကျောင်းများကို ပြန်လည်ပြုပြင်ပေးမည်ဟု ကြားသိရသော်လည်း အတည်ပြု၍ မရသေးကြောင်း လားဟူ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ ဒေါက်တာ လာဇရု က ပြောသည်။
“အခုက ဘုရားကျောင်းပြန်ဖွင့်ပေးမယ်လို့ ကြားတယ် ဒါပေမယ့် သူတို့ ဒီလို တရားဝင် (Officially) သတင်းထွက် တာတော့ မဟုတ်ဘူး ကောလဟာလပဲ။ အတည်ပြုလို့ မရသေးဘူး။”
သို့ရာတွင် ၎င်းဒေသအတွင်းရှိ ဘုရားကျောင်းများကို ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက ဗဟိုဌာန ချုပ်၏ ဆုံးဖြတ်ချက်ဖြင့် ဘုရားကျောင်းများကို စီစစ်ကာ ပြန်လည်ဖွင့်ပေးလိုက်သည် ဟု “ဝ” ပြည်သွေးစည်း ညီညွတ် ရေး ပါတီ (UWSP) လားရှိုး ဆက်ဆံရေးရုံးမှ ဒု-တာဝန်ခံ ဦးညီရန်း က ပြောသည်။
“ကျနော်သိသလောက်က ဒီလားဟူဘုရားကျောင်းရယ်၊ ကချင်ဘုရားကျောင်းတချို့တွေ ဖွင့်ခွင့်ပြုလိုက်ပြီလို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ဝန်းကျင်လောက်က အဲ့ဒီဗဟိုဌာနချုပ်က ဗဟိုကော်မတီတွေ အစည်းအဝေးထိုင်ပြီးမှ စီစစ်ပြီးမှပေါ့နော်၊ စည်းစနစ်ရှိပြီးမှ၊ စည်းကမ်းရှိတဲ့ မည်သည့် ကိုးကွယ်မှုမျိုးကိုမဆို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားတယ်ဆိုတဲ့ ကျနော်တို့ ဒီအရင်တုန်းက “ဝ” ပြည်နယ်ရဲ့ ပြဌာန်းထားတဲ့ ချမှတ်ထားတာရှိတယ်လေ” ဟု ဦးညီရန်းက ပြောသည်။
“အခုကျနော်ပြောနိုင်တာတခုကတော့ လောလောဆယ်ကတော့ ခရစ္စမတ်လည်း နီးလာပြီဆိုတော့လေ အဲ့ဒါ လားဟူရယ်၊ ကချင်ဘုရားကျောင်းအချို့တွေကို ခွင့်ပြုလိုက်ပြီလို့ ကျနော်အဲ့လိုမျိုးပဲ ပြောလိုပါတယ်နော်”
UWSP “ဝ” ဖက်မှ ခရစ်ယာန် ဘုရားကျောင်းများကို ဖြိုဖျက်ခြင်း၊ ဝတ်ပြုကိုးကွယ်မှုကို ပိတ်ပင်ထားသည့် နေရာသည် “ဝ” အထူးဒေသ ၂ ရှိ မိုင်းပေါက်ဒေသ ဖုန်တာမြို့တွင် ဖြစ်သည်ဟု သိရသည်။
ထို့အပြင် ဒီဇင်ဘာလ ၁၈ ရက်(ယနေ့)တွင် ၎င်းကိစ္စများနှင့် ပတ်သက်ပြီး “ဝ” အထူးဒေသ ၂ မှ တာဝန်ရှိသူများက အ စည်းအဝေးပြုလုပ်ရန် ဒေသခံခရစ်ယာန် ဓမ္မဆရာများအား ခေါ်ဆိုထားသော်လည်း အစည်းအဝေး မပြုလုပ်ဖြစ်ဟု ဒေါ်အေးသီတာမြင့်က ပြောသည်။
“ဝ” အထူးဒေသ ဖြစ်မလာခင်ကတည်းက လားဟူနှင့် “ဝ” တိုင်းရင်းသားများသည် အတူတကွ နေထိုင်လာကြ သည့် တိုင်းရင်းသားများဖြစ်ပြီး ယခုကဲ့သို့ ဘာသာရေး ကိုးကွယ်မှု လွတ်လပ်ခွင့်များကို တားဆီးပိတ်ပင်ခြင်း ဖမ်းဆီးအရေးယူခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲစေသည်သာမက လက်ရှိတည်ဆောက်နေသည့် ဖက်ဒရယ် ပြည်ထောင်စုအတွက် အခက်အခဲဖြစ်စေနိုင်သည်အတွက် အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းပေးရန် လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (LNDP) က တောင်းဆိုသည်။
“အခုကျမတို့ကငြိမ်းချမ်းရေးကို တည်ဆောက်နေတယ် ငြိမ်းချမ်းရေး ယူနေတယ် နောက်ပြီးတော့ ဖက်ဒရယ်ကို တည်ဆောက်ဖို့အတွက် ဖက်ဒရယ်နိုင်ငံ ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့ လုပ်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံအတွင်းမှာဖြစ်တဲ့ တိုင်းရင်း သား လူမျိုးစုတွေ ဖြစ်တဲ့အတွက်ပေါ့နော ငြိမ်းချမ်းရေးအတွက်ပဲ ဖြစ်ဖြစ် ဖက်ဒရယ်တည်ဆောက်ရေးအတွက်ပဲ ဖြစ်ဖြစ်ပေါ့နော ဒါကကျမတို့အတွက် အခက်အခဲတစ်ခုဖြစ်လာနိုင်တယ် ဆိုတဲ့ဟာကို ကျမအနေနဲ့ ပြောချင်ပါ တယ်။” ဟု ဒေါ်အေးသီတာမြင့်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလလယ်မှ စတင်ပြီး UWSA ခေါ် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်ရာ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၂ တွင် ဘာသာရေးအရ တင်းမာမှုများ ဖြစ်ပွားလာခဲ့ရာမှ ခရစ်ယာန် ဘုရားကျောင်း ၆၀ကျော်ကို ပိတ်သိမ်းခဲ့သည့်အပြင် ရာနှင့်ချီသည့် ခရစ်ယာန် ဓမ္မအမှုတော်ဆောင်များကိုလည်း UWSA ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
UWSP “ဝ” အနေဖြင့် ဗဟိုဌာနချုပ်၏ ခွင့်ပြုချက်မရှိသည့် ဘုရားကျောင်းများကို ပိတ်သိမ်းတာဖြစ်ကြောင်းနှင့် အစွန်းရောက် ဘာသာရေး ဆရာအချို့ကြောင့် ဒေသတွင်းရှိ တိုင်းရင်းသားများကြား စည်းလုံးရေးအပိုင်း ထိခိုက်မည်ကို စိုးရိမ်သောကြောင့် အခြေအနေများကို ထိန်းသိမ်းခဲ့ရခြင်းဖြစ်သည်ဟု “ဝ” ဘက် ပြောဆိုထားသည်။