တရားရုံး ဆုံးဖြတ်ချက် ဆန့်ကျင်ဆန္ဒမှု ဦးဆောင်သူများအား ငွေဒဏ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်။
တရားရုံးဆုံးဖြတ်ချက် ကန့်ကွက်ဆန္ဒပြသူ ကချင်လူငယ်ခေါင်းဆောင် (၃) ဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးက ဒီဇင်ဘာလ ၁၈ ရက်နေ့ (ယနေ့)နံနက်ပိုင်းက ငွေဒဏ်ကျခံရန် အမိန့်ချမှတ်လိုက်သည်။
၎င်းတို့ သုံးဦးမှာ တိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူများ လွတ်မြောက်ရေး ဦးဆောင်လှုပ်ရှားခဲ့သူများအား ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်လိုက်သည့်အပေါ် တရားမျှတမှုမရှိကြောင်း ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ခြင်းကြောင့် ငြိမ်းစုစီ အက်ဥပဒေပုဒ်မ (၁၉) ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။
ကချင်လူငယ်ခေါင်းဆောင်များဖြစ်သည့် မဆွတ်ဆိုင်းထွယ်၊ ကိုဆိုင်းခွမ်အောင်နှင့် ကိုဘရန်မိုင်တို့ကို ယနေ့ တွင် ငွေဒဏ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည် ဟု အမိန့်ချမှတ်ခံရသူများက ပြောသည်။
“ဒီကိစ္စအပေါ်မှာ မြို့နယ်တရားသူကြီးကနေ ငွေဒဏ်နဲ့ ထောင်ဒဏ်နှစ်ခုပေါ့နော်၊ ကျမတို့က ရွေးချယ်ရတာပေါ့။ ၁၃ ရက်နေ့မှ တရားလိုဘက်ကနေ တရားလိုသက်သေတွေကိုစစ်ဆေးတယ်။ ကျမတို့သုံးဦးကတော့ ရှေ့နေ မပါဘူး။ ဒီတိုင်းပဲ တိုးခဲ့တယ်။ ဒီနေ့ ၁၈ ရက်နေ့က ရုံးချိန်း၊ အဲ့မှာ တရားသူကြီးက ကျမသည် ဆွတ်ဆိုင်းထွယ် က ဧပြီလ movement မှာလည်း ပုဒ်မ (၁၉) ငြိမ်းစုစီဥပဒေနဲ့ တစ်ခါထိထားပြီဆိုတော့ အခုက ဒုတိယအကြိမ်ဆိုတော့ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း တစ်သိန်းထက်မပိုတဲ့ ဒဏ်ငွေလို့ပြောတဲ့အတွက်ကြောင့် ဒဏ်ငွေတစ်သိန်း၊ ဒီတစ်သိန်းကို မပေးဆောင်ဘူးဆိုရင်တော့ ထောင်ဒဏ် (၃)လဆိုပြီးတော့ ကျမကို ဒီလိုချမှတ်ခဲ့ တယ်” ဟု မဆွတ်ဆိုင်းထွယ် က ပြောသည်။
ငြိမ်းစုစီ အက်ဥပဒေပုဒ်မ (၁၉) ဖြင့် တရားရင်ဆိုင်နေရသည့် နောက်ထပ် ကချင်လူငယ် ခေါင်းဆောင်နှစ်ဦးအားလည်း ငွေဒဏ်ချမှတ်ခဲ့သည်ဟု မဆွတ်ဆိုင်းထွယ်က ဆက်လက်ရှင်းပြသည်။
“ပြီးတော့ နောက်ထပ် ဆိုင်းခွန်အောင်နဲ့ ကိုဘရန်မိုင်တို့ကိုကျတော့ အခု ဒါက ပထမဆုံးဆိုတော့ ဒဏ်ငွေ သုံးသောင်း၊ သုံးသောင်းမပေးဆောင်ဘူးဆိုရင် ထောင်ဒဏ် (၁၅) ရက်ဆိုပြီး ချမှတ်ခဲ့ပါတယ်။ ကျမတို့ သုံးဦးကလည်း ဒဏ်ငွေဆောင်ပြီးမှ ဒီအမှုကို အဆုံးသတ်လိုက်တာပါရှင့်”
ဒီဇင်ဘာလ (၇)ရက်နေ့က ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့ကို မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်သည့်အတွက် တရားရုံးရှေ့ရှိ လူအုပ်ကြီးမှာ မကျေမနပ်ဖြစ်ကာ မြို့နယ် တရားရုံးရှေ့မှ မနောကွင်းအထိ လမ်းလျှောက်ပြီး ဆန္ဒ ဖော်ထုတ်ခဲ့တာကြောင့် သူတို့ သုံးဦးကို ဦးဆောင်သူများအဖြစ် တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။
သက်ဆိုင်ရာကို ခွင့်ပြုမိန့် မတောင်းဆိုပဲ လမ်းလျှောက် စီတန်း ဆန္ဒထုတ်ဖော်ခဲ့ခြင်း၊ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့ခြင်းတို့ကြောင့် ငြိမ်းစုစီ အက်ဥပဒေ ပုဒ်မ ၁၉ ဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်မိုးက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြရာတွင် ပါဝင်ခဲ့ကြသည့် ၎င်းတို့ သုံးဦးကို ဒီဇင်ဘာလ ၁၃ ရက်နေ့ က တစ်ကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပြီး ယနေ့ ရုံးချိန်းတွင် ယခုကဲ့သို့ စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ထောင်ဒဏ်ချမှတ်ခံထားရသည့် ကချင်လူငယ် ၃ ဦးကို ချက်ချင်းလွှတ်ပေးရန် ဒီဇင်ဘာ ၁၁ ရက်နေ့က ခွင့်ပြုမိန့်တင်ပြီး မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ရာ ခွင့်ပြုမိန့်စာတွင် မပါသည့် စာသားများ၊ ထောင်ဒဏ် ချမှတ်ခံထားရသည့် လူငယ် (၃) ဦး၏ ပုံများနှင့် အသံချဲ့ စက်လော်စပီကာများ၊ ကြွေးကြော်သံများ၊ ဗီနိုင်းစားသားများကို အသုံးပြုခဲ့သည့်တွက် ဦးဆောင်သူ နှစ်ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ ဖြင့် မြို့ နယ်ရဲတပ်ဖွဲ့မှူးက ထပ်မံတရားစွဲ ဆိုထားသေးသည်။