နှစ်ကူးတိုက်ပွဲများကြောင့် အရပ်သား ၅၀၀ ကျော် စစ်ပြေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ဘေးလွတ်ရော ထွက်ပြေးတိန်းရှောင်နေရသည်ဟုဒေသခံများက ပြောသည်။

မန်စံကျေးရွာမှ ဦးစိန်တုန် က “တိုက်ပွဲအခြေအနေကတော့ အခုကလည်း အသံတွေကြားနေရတယ်။ လက်နက်ကြီးသံတွေလေ။ နမ္မတူမြို့နယ် မန်ဝါဘက်မှာလည်း ဖြစ်တယ်။ ကျနော်တို့နေတဲ့ နေရာကို ထွက်ပြေးလာတာက အိမ်ထောင်စု ၇ စုပဲ တနေ့က ပြေးလာတယ်။ ဒါပေမယ့် မန်စံဘုန်းကြီးကျောင်းမှာက များတယ်။” ဟု ပြောသည်။

နမ္မတူမြို့နယ်အတွင်းရှိ မန်စံကျေးရွာအနီး တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး၊ နှစ်ဘက်တပ်များ အကြားတင်းမာမှုများ ရှိနေသည့်အတွက် အနီးအနားရှိ နားငူး၊ နောင်အော့၊ နားဟန်း၊ နားကျိုင်းနှင့် မန်ဝါ စ သည့် ကျေးရွာများရှိ ဒေသခံ ၅၀၀ နီးပါးခန့်မှာ နမ္မတူမြို့ပေါ်နှင့် မန်စံရွာသို့ တိမ်းရှောင်နေကြရသည်ဟု ပြောသည်။

နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာများအနီးတွင် တိုက်ပွဲများ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဒီဇင်ဘာ လကုန်ရက်က ဖြစ်တာ၊ ဒီ ၃၁ ရက်နေ့က စပြီးပြန်ဖြစ်တာပါ။ မန်စံရွာနားက နားဟန်းဆိုတဲ့ ရွာနားမှာ ဖြစ်တယ်။ နောက်ပြီး မန်ဝါရွာနားမှာဖြစ်တယ်။ အဲ့နားမှာ ဆက်တိုက်ဖြစ်နေတာ။ ရွာနားမှာဖြစ်နေတာဆိုတော့ အားလုံးက ကြောက်တယ်လေ၊ အဲ့ဒါကြောင့် ထွက်ပြေးလာကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၄ ရက်နေ့ (ယနေ့) ထိတိုင် တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်နက်ကြီးအမြှောက်သံများ မန်စံကျေးရွာမှ ကြားနေရစဲဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရေး အဆင်မပြေသေးဘူးဟု အကူအညီပေးနေသူများက ပြောသည်။

နမ္မတူမြို့နယ် စစ်ဘေးရှောင်များ ကူညီပံ့ပိုးရေး ကော်မတီရဲ့ ဒု-ဥက္ကဌ စိုင်းဘဉာဏ်က “လက်ရှိကတော့ ကျနော် တို့ အရင်လက်ကျန်အဟောင်းတွေရယ်၊ နောက် ကျနော်တို့ မြို့နယ်ကနေ ပံ့ပိုးပေးတဲ့ ရိက္ခာနဲ့ပဲ ရပ်တည်နေတာ ပါ။ တခြားက နည်းနည်းပါးပါးလာပေးတာတွေနဲ့ပေါ့၊ အခုက စားနပ်ရိက္ခာအတွက်တော့ လိုအပ်တာပေါ့။ ကျနော်တို့ဆီကို မန်ဝါက ၅၀ ကျော်ရောက်နေတယ်။ ကျန်တာတွေကတော့ မန်စံအုပ်စုမှာ ထွက်ပြေးကြတယ်။ သုံးရာကျော်၊ လေးရာနီးပါးလောက်ရှိနေတယ်၊ အဲ့ဒီမှာက” ဟု ပြောသည်။

မန်ဝါရွာမှ ထွက်ပြေးလာကြသူများအား နမ္မတူမြို့ ရှိ ပုဗ္ဗါရုံကျောင်းတွင် နေရာချထားပေးသည်ဟု စိုင်းဘဉာဏ်က ပြောသည်။

မန်ဝါကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျခဲ့ပြီး အိမ်မွေးတိရစ္ဆာန် ကွဲျ၊ နွားများ လက်နက်ကြီးကျည်များ ထိခိုက်မှုများ ရှိသည်ဟု ပြောသည်။

ထို့အပြင် ကျေးရွာများတွင် သက်ဆိုင်ရာ နှစ်ဘက်တပ်မှာ လက်နက်ကိုင်များ ဝင်ထွက်သွားလာခြင်းများ ရှိနေသည့်အတွက် ကျေးရွာထဲတွင် မေနေရဲသောကြောင့် ယခုကဲ့သို့ စစ်ဘေးလွတ်ရာ ထွက်ပြေးလာကြခြင်း ဖြစ်သည်ဟု သိရသည်။

မန်စံကျေးရွာရှိ မန်ဟောင်ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်များ ရာနှင့်ချီ ရောက်ရှိနေပြီး အဓိကအားဖြင့် စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု ပြောသည်။

ဒီဇင်ဘာလ တတိယအပတ်အတွင်းတွင်လည်း သီပေါ့မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ် မတော်(မြောက်ပိုင်း) SSPP/SSA နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (တောင် ပိုင်း) RCSS/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လူဦးရေ ထောင်နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။