တနင်္သာရီတိုင်းအတွင်း မြေမြုပ်မိုင်း ၃ လုံး ကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇန္နဝါရီ ၈ ရက်။
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသတွင် တစ်ရက်အတွင်း မြေမြှုပ်မိုင်း ၃ နေရာ နင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့သည် ဟု မွန်ပြည်သစ်ပါတီက ပြောသည်။
ဇန်နဝါရီ ၇ ရက်နေ့က နံနက် ၈ နာရီနှင့် ၁၂ အကြား ရေဖြူမြို့ နယ် ကင်းချောင်းတောင်ဘက်ခြမ်း မျောက်ချောကျေးရွာအနီးတွင် မြေမြှုပ်မိုင်း ၃ လုံးနင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိပဲ ဆိုင်ကယ် ၂ စီး ပျက်စီးသွားပြီး ကျွဲတစ်ကောင် မိုင်းထိ သေဆုံးသွားသည်ဟု သိရသည်။
ယခုမိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင် အခြေချစခန်းနှင့် နီးပြီး ယခင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာများနှင့် ဝေးသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။
“အခုပေါက်တဲ့နေရာက နေရာအသစ် အရင်ကပေါက်တဲ့နေရာနဲ့ ဝေးတယ်၊ အဲနေရာမှာက ဒေသခံတွေ ခြံလုပ် ထားတာရှိတယ်။ အခုပေါက်တာကလည်း ခြံသွားတဲ့လမ်းမှာပဲ ဆိုင်ကယ် ၂ စီးနဲ့ ကျွဲတစ်ကောင်ထိသွားတယ်။ လူကတော့ဘာမှမဖြစ်ဘူး” ဟု ၎င်းက ပြောသည်။
မိုင်းထောင်သူတို့သည် ခြံလုပ်နေသည့် ဒေသခံပြည်သူတို့အား ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေသည်ဟုလည်း မွန်ပြည်သစ်ပါတီဝင် နိုင်ဝင်းလှက စွတ်စွဲထားသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့ထိ ရေဖြူမြို့နယ် အလယ်စခန်း ကျေးရွာအနီးတဝှိုက်ရှိ ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံများထဲတွင် မြေမြှုပ်မိုင်းနင်းမိမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့သည်။
မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့်ဒေသတွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တို့ လှုပ်ရှားရာနယ်မြေဒေသဖြစ်ပြီး KNU ဘက်မှ သစ်များခိုးထုတ်နေမှုကြောင့် အငြင်းပွားမှုဖြစ် ပွားနေသည့် ဒေသများလည်း ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီဘက်က ပြောသည်။
မွန်ပြည်သစ်ပါတီအနေဖြစ် အပစ်ခတ်ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် မြေမြှုပ်မိုင်း အသုံးပြုမှုများ မရှိခဲ့ကြောင်း၊ ယခုဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ်သည်လည်း ၎င်းတို့တပ်ဖွဲ့မှ မြေမြှုပ်မိုင်းများ မဟုတ်ကြောင်း ငြင်းဆိုထားသည်။
အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်ကလည်း အဆိုပါမိုင်းများသည့် ၎င်းတို့တပ်ဖွဲ့ ၏ မိုင်းများ မဟုတ်ကြောင်း ငြင်းဆိုထားသည်။
အငြင်းပွားနေသည့် သစ်ထုတ်လုပ်မှုကိစ္စ၊ မြေမြုပ်မိုင်းကိစ္စတို့ကို နှစ်ဘက်တပ်ဖွဲ့တို့က ပူးပေါင်းဖြေရှင်းသွားရန် ညှိနှိုင်းမှုများ ရှိနေသော်လည်း ယနေ့ထိ အကောင်အထည်ဖော်နိုင်မှုမရှိသေးပေ။
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းလက်အောက်ရှိ မြို့ နယ်တပ်ဖွဲ့ခွဲနှင့် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ တို့ လှုပ်ရှားရာ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်အတွင်းတွင် နယ်မြေ အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် နယ်မြေဖြစ်သည်။
ထို့အပြင် အဆိုပါဒေသတွင်းတွင် ၂၀၁၆/၂၀၁၇ ခုနှစ်အတွင်း ၆ ကြိမ် ထက်မနည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။