KNPP နှင့် ငြိမ်းချမ်းရေး ကော်မရှင် အလွတ်သဘောတွေ့ဆုံ၊

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉  ခုနှစ် ဇန္နဝါရီလ ၁၅ ရက်နေ့။

ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ KNPP က ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးနိုင်ရန် တစ်စို့နေသော အချက်များ တင်ပြခဲ့သည်ဟု ပြောသည်။

“ဒီနေ့တော့ ကျနော်တို့ အဓိကတော့ KNPP ဘက်က အကြောင်း အရာ ၂ ချက်တင်တာပေါ့နော်၊ ပထမ တစ်ချက်က မြေပြင်အနေအထား အခုလတ်တလော ၂၀၁၈ ခုနှစ်အတွင်းမှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ထိန်းချူပ်တဲ့နယ်မြေမှာ ဖြစ်ခဲ့တဲ့ အကြောင်း အရာတွေ၊ အဲ့ဒီ မြေပြင်အနေအထားကို ဆွေးနွေးဖို့ တင်ထားတယ်၊ နောက်တစ်ချက်က KNPP အနေနဲ့ NCA ရေးထိုးနိုင်ဖို့လေ တစ်စို့မှုတွေရှိတော့ အဲ့ဒါတွေကို ဘယ်လိုဖြေလျှော့ပြီးတော့မှ ဆက်ပြီးတော့ သွားနိုင်မလဲ ဆိုတဲ့ အကြောင်းအရာ နှစ်ခုကို ကျနော်တို့အဓိက ဆွေးနွေးတယ်”ဟု KNPP မှ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသည့် အငြိမ်းစား ဒု ဗိုလ်ချူပ်ကြီး ဦးခင်ဇော်ဦး ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့နှင့် ဒုဥက္ကဋ္ဌ ခူဦးရယ် ခေါင်းဆောင်သော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့တို့ ဇန္နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက ၃ နာရီကြာ ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

NCA လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရန် နယ်မြေတွင်း ပြသနာများ အရင်ဆုံး ပြေလည်အောင် ဖြေရှင်းနိုင်ရန်အတွက် လစဉ်ကျင်းပနေသည့် ပြည်နယ်အဆင့် အစည်းအဝေးတွင် ငြိမ်းချမ်းရေး ကော်မရှင် PC မှ ကိုယ်စားလှယ်တစ်ဦး စေလွတ်ပြီး ညှိနှိုင်းသွားရန်နှင့် ရရှိလာသည့် ခြေလှမ်းပေါ်မူတည်၍ NCA ရေးထိုးနိုင်ရေး ကိစ္စများကို ဆက်လက်ညှိနှိုင်းသွားမည်ဟုလည်း KNPP က ဆက်ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်ကလည်း ယနေ့ဆွေးနွေးပွဲတွင် တိုးတက်မှုများ ရခဲ့သည်ဟု ပြောသည်။

“အဓိကကတော့ ဒီနေ့ လာတာလည်း အများကြီး ကောင်းပါတယ်၊ ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ်တယ်၊တိုးတက်မှုတွေလည်း အများကြီးရတယ်၊” ဟု အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့မှ အဖွဲ့ဝင် ဦးဇော်ဋ္ဌေးက ပြောသည်။

ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စ၊ KNPP ရဲဘော် သုံးဦး နှင့် အရပ်သားတစ်ဦး သေဆုံးမှုကိစ္စ၊ ပြည်နယ်အဆင့် လစဉ် အစည်းအဝေး ကျင်းပမှုကိစ္စများ နှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့သော်လည်း အလွတ်သဘောဆွေးနွေးပွဲဖြစ်သောကြောင့် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ် သဘောတူညီခဲ့ခြင်း မရှိဟု KNPP က ပြောသည်။

လက်မှတ်ရေးထိုးရေး ဆွေးနွေးနေသည့် ကာလအတွင်း အောက်ခြေတွင် ဖြစ်ပွားခဲ့သော ပြဿနာများကိုလည်း ညှိုနှိုင်းခဲ့ကြောင်း ဦးဇော်ဌေးက ပြောသည်။

ဒီကြားထဲမှာ တချို့ပြသနာ ကိစ္စလေးတွေ အောက်ခြေမှာဖြစ်သွားတာလေးတွေ ရှိတယ်ပေါ့နော်၊ အဲ့ဒီ ဖြစ်သွားတဲ့ ပြသနာလေးတွေအပေါ်မှာ အဆင်ပြေအောင်ပေါ့ ကျနော်တို့ ညှိနှိုင်းနေတဲ့ အနေအထားလေးတွေ အဲ့တော့ ဒီနေ့ကတော့ ကျနော်တို့ ရလာဒ်ကောင်းတယ် NCA ကို ဘယ်လိုသွားကြမလဲ ဆိုတဲ့ နည်းလမ်းတွေကိုလည်းပဲကျနော်တို့က ဆွေးနွေးခဲ့တယ် အချိန်ကာလ အပိုင်းအခြား တချို့ဟာလေးတွေလည်း ကျနော်တို့ နှစ်ဖက်တော့ ပြန်ညှိရမယ် ပြန်ညှိပြီးတော့ လုပ်ရမည့် လုပ်ငန်းစဉ်လေးတွေ တဆင့်ပြီးတဆင့် ဘယ်လိုသွားမလဲ ဆိုတာလည်း ကျနော်တို့ ဆွေးနွေးနိုင်ခဲ့တယ် ပြောရရင်တော့ အပြုသဘောဆောင်တယ်၊ ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ်တယ်၊

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ကို အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး ဦးဆောင်၍ အဖွဲ့ဝင် ဦးအောင်စိုး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ PC အကြံပေး အဖွဲ့ဝင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦးတို့ တက်ရောက်သည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့မှ ဒုဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဗိုလ်မှူးကြီး ဘုန်းနိုင်၊ ဗဟိုကော်မတီဝင် ခူတော်ရယ် (သက်)၊ အရံ ဗဟိုကော်မတီဝင် တာဂေချိုင်း ၊ နည်းပညာအထောက်အကူပြုအဖွဲ့ဝင် နဲနယ်ပလိုး၊ နည်းပညာ အထောက်အကူပြုအဖွဲ့ဝင် မော်သဲမာ၊ နှင့် ရုံးအဖွဲ့ဝင် ခွန်နောင် တို့ တက်ရောက်ခဲ့သည်။
ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့PC အဖွဲ့သည် ယနေ့ နေ့လည်ပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ  ရန်ကုန်မြို့သို့ ပြန်သွားခဲ့ပြီးနောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးရန် တရုတ်ပြည်သို့ ခရီးဆက်မည်ဟု သိရသည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့သည် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့ တွင် ထိုအချိန်က တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ သော်လည်း ၃ လ အကြာတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး သဘောတူညီမှု ပျက်ပြားခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင်  ကယားပြည်နယ် လွိုင်ကော်မြို့၌ အစိုးရနှင့် ပဏာမ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး နှင့် ဇွန်လ ၉  ရက်နေ့တွင် ပဏာမပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထား သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။