AA အား ချေမှုန်းရန် နိုင်ငံတော် အတိုင်ပင်ခံနှင့် သမ္မတရုံးမှ မှာကြားဟု တပ်မတော်ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရက္ခိုင့်တပ်မတော် (AA) ကို ထိရောက်စွာ ပြတ်ပြတ် သားသားချေမှုန်းရန် မှာကြားခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောပါတယ်။

ဇန်နဝါရီလ (၁၈) ရက်နေ့ ယနေ့တွင် နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒု-ဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီက “နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ AA အဖွဲ့ က သောင်းကျန်းသူ အဖွဲ့သာဖြစ်တယ်။ ထိထိရောက်ရောက် ပြတ်ပြတ်သား ချေမှုန်းဖို့ မှာကြားခဲ့ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲရှိ ရဲကင်းစခန်း (၄) ခုကို AA အကြမ်းဖက်တိုက်ခိုက်ပြီးနောက် ရက္ခိုင့်တပ်မတော်ကို အမြစ်ပြတ်ချေမှုန်းဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မှာကြား ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်သည့် ရခိုင်အရေး တပ်မတော်နှင့် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

သမ္မတရုံးက တပ်မတော်မှ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး တပ်အင်အားတိုးမြှင့်အသုံးပြုခြင်း၊ ရဟတ်ယာဉ်များ အသုံးပြုပြီး သောင်းကျန်းသူများအား နှိမ်နှင်းရေးကို ထိရောက်စွာ ဆောင်ရွက်ရန် ညွန်ကြားခဲ့သည်ဟု ပြောသည်။

AA သည် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သာ ဖြစ်ကြောင်း၊ ARSA အဖွဲ့ကို ဘာသာခြားအဖွဲ့ ဖြစ်၍ ချေမှုန်းပြီး AA အား တိုင်းရင်းသားဖြစ်သောကြောင့် မချေမှုန်းဘူးလားဆိုသည့် ဝေဖန်မှုများ ဖြစ်လာနိုင်သည့်အတွက် ပြတ်ပြတ်သားသား ထိရောက်စွာ ချေမှုန်းဖို့ ပြောဆိုခဲ့သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

AA အဖွဲ့ တောင်းဆိုနေသည့် ကွန်ဖက်ဒရိတ် Confederate လမ်းကြောင်းသည် အစိုးရနှင့် တပ်မတော်က သွားနေသည့် ဖက်ဒရယ်လမ်းကြောင်းနှင့် ကွဲလွဲနေသည်ဟု ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား ၂၀၁၆ ခုနှစ်တွင် တိုက်ပွဲပေါင်း ၂၆ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၅၆ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ၆၁ ကြိမ်နှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တိုက်ပွဲပေါင်း ၈ ကြိမ် ဖြစ်ပွားခဲ့သည်။

ထို့အပြင် ဇန်နဝါရီလ ၄ ရက်နေ့က ရဲကင်းစခန်း ၄ ခုကို AA က တချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ သည့်အတွက် ရဲဝန်ထမ်း ၁၃ ဦး ကျဆုံးခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း နှင့် ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးလက် ဒေသများတွင် ရက္ခိုင့်တပ်မတော် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရသည်။

ဒေသခံ ၆၀၀၀ နီးပါးခန့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အရေးပေါ် အကူအညီများလည်း လိုအပ် နေသည်ဟု အကူအညီပေးရေးအဖွဲ့များက ပြောသည်။