နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့ ကျင်းပ
 
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၃၁ ရက်နေ့၊ ၂၀၁၉ ခုနှစ်။
 
ကရင်အမျိုးသား အစည်းအရုံး KNU နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ယနေ့ ဇန္နဝါရီလ ၃၁ ရက်နေ့ နံနက် ၇ နာရီက KNU ဗဟိုဌာနချူပ်ဖြစ်သည့် ဘားအံခရိုင် ကလိုယော်လေးတွင် ကျင်းပခဲ့သည်။
 
အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချူပ် နန်းခင်ထွေးမြင့် နှင့် EAOs တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှ ခေါင်းဆောင်ကိုယ်စားလှယ်များ အပါအဝင် ပြည်တွင်းပြည်ပ မှ ကရင်လူမျိုးစု တစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်။
 
ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အခမ်းအနားတွင် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ ကရင့်တော်လှန်ရေးစတင် ချိန်ကစပြီး ယနေ့အချိန်ထိ အနှစ် ၇၀၊ အနှစ် ၅၀၊ အနှစ် ၄၀ နှင့် ၂၅နှစ် ကြာ တိုက်ပွဲဝင်ခဲ့ပြီး သက်ရှိထင်ရှားရှိနေဆဲရဲဘော်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
 
ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့သည် ၁၉၄၉ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်နေ့ကို အစိုးရတပ်မှ ကရင်အမျိုးသားတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုကို ပြန်လည်ခုခံခဲ့သည့်နေ့ကိုအကြောင်းပြု၍ ကရင့်တော်လှန်ရေးနေ့ အဖြစ်သတ်မှတ်ခဲ့ပြီး နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်သည်။