ထိုင်း ဘတ် ၄၅ သန်း ကျော်ဖိုး မူးယစ်ဆေးများ ဖမ်းမိ
သတင်းနှင့်မီဒီယာ ကွန်ရက်။
ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့၊ ၂၀၁၉ ခုနှစ်။
ထိုင်း မြန်မာ နယ်စပ်မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ သယ်ယူလာသည့် မက်သ်အမ်ဖက်တမင်း စိတ်ကြွဆေးပြား ၅ သန်းကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်တွင် ယနေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်။
မြန်မာနိုင်ငံ တာချီလိတ်ခရိုင်ဖက်ခြမ်းမှတဆင့် ထိုင်းနိုင်ငံ မယ့်ဖါ့လုံမြို့နယ် ဖက်ခြမ်းကိုဖြတ်ပြီး ကားနှစ်စီးဖြင့် သယ်ယူလာသော ထိုင်းဘတ်ငွေ ၄၅ သန်းကျော်ခန့်တန်းဖိုးရှိသည့် မူးယစ် ဆေးဝါးများကို ယနေ့ နံနက် ၁ နာရီခွဲ့ခန့်တွင် ထိုင်းမူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးသယ်ဆောင်လာသည့် အသက် ၂၉ နှစ်အရွယ် ထိုင်းနိုင်ငံသား နိုင်အာကော် ဆယ့်မီ ဆိုသူအား ရဲတပ်ဖွဲ့မှ စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် သေနတ်ဖြင့် ပြန်လည်ခုခံသဖြင့် မူးယစ်ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးခဲ့ရာတွင် မူးယစ်ဆေးသယ်ဆောင်လာသူ သေနတ်ထိမှန် သေဆုံးခဲ့ပြီး ၎င်းကိုင်ဆောင်သည့် သေနတ်တလက်နှင့်အတူ ကားနောက်တွင် အိတ် ၂၅ အိတ်ဖြင့် ထည့်လာသည့် မူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
၎င်း နှင့်အတူ နောက်မှလိုက်ပါလာသည့် ကားတစ်စီးတွင်မူ မူးယစ်ဆေးဝါးများ သယ်ဆောင် လာခြင်းမရှိသော်လည်း ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် ယာဉ်မောင်းလာသူမှာ ထွက်ပြေးသွား ခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သတင်းထောက်များအား ပြောဆိုသည်။
မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ထို VIGO ကားတစ်စီး နှင့် REVO ကားတစ်စီးသည် ချင်းရိုင်းမြို့နယ်ဖက်သို့ မရောက်မှီ ထိုင်း မြန်မာနယ်စပ်မှတဆင့် မယ်ဖါ့လုံမြို့နယ်အတွင်းရှိ ရွာလမ်းကြားများကို ကွေ့ကောက်ဖြတ်သန်းသယ်လားခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ နေရာ ၆ နေရာတွင် စစ်ဆေးရေးဂိတ်များ တားဆီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
နယ်စပ်ဒေသနှင့် ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အထူးအစီ အစဉ်တစ်ရပ်အဖြစ် ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျှက်ရှိရာတွင် ၃ လအတွင်း ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားပေါင်း သန်း ၂၅၀ ကျော်၊ အဖြူရောင်မူးယစ်ဆေးမှုန့် (အိုက်စ်) ၃၄၅၅ ကီလို၊ ဟီရိုအင်း ၈၀၀ ကီလိုဂရမ်၊ ဆေးခြောက် ကီလို ၉၀၀၀ ရှိသွားပြီဖြစ်ပြီး ဖမ်းဆီးရမိသူပေါင်း အယောက် ၂၃၀၀၀ ဦး ရှိခဲ့ပြီဟု ထိုင်းရဲချူပ်ကြီးက ဘန်ကောက်မြို့မှာ သတင်းထောက်များကို ပြောဆိုခဲ့သည်။