ရှမ်းမြောက် စစ်ရှောင်များအား WFP က ထောက်ပံ့မှု ပြန်တိုးပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ( ၂၁ ) ရက်။

ရှမ်းပြည်မြောက်ပိုင်း စစ်ရှောင်ဒုက္ခသည်များအတွက် ထောက်ပံ့မှုများကို ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က မူလထက်ပိုမို တိုးပေးလာသည်။

နမ့်ခမ်း၊ မူဆယ်နှင့် ကွတ်ခိုင်မြို့များတွင်ရှိသော စစ်ဘေးဒုက္ခသည်စခန်းများတွင် WFP အဖွဲ့မှ ယခင်ပေးနေသည့် အထောက်အပံ့များအား ယခုနှစ် ဇန်နဝါရီလ မှ စတင်ပြီး ထပ်တိုးပေးလာသည်ဟု ဒုက္ခသည်များက ပြောသည်။

နမ့်ခမ်းမြို့နယ် ပန်လုံ ဒုက္ခသည်စခန်းမှ လက်ထောက်မန်နေဂျာ ဦးဖန်လာက “ကျနော်တို့ဒီမှာကတော့ စားနပ် ရိက္ခာနဲ့ ပတ်သက်ပြီးမှ WFP ကနေ ထောက်ပံ့ပါတယ်။ အရင်က ၁၈ နှစ်ကနေ အသက် ၅၀ အကြား တစ်ဝက် ပေါ့ ၇၅၀၀ ရပါတယ်။ ၁၈ နှစ်အောက်နဲ့ ၅၀ အထက်ကတော့ ၁၅၀၀၀ ရတယ်။ အခု ဇန်နဝါရီလကနေပြီးတော့ ၇၅၀၀ ရတဲ့လူက တစ်သောင်းပြန်ရတယ်။ တစ်သောင်းခွဲ ရတဲ့လူက နှစ်သောင်းပြန်ရတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များအား မည့်သည့်အကြောင်းကြောင့် ရိက္ခာအတွက် ထောက်ပံ့ကြေးငွေတိုးပေးလိုက်သည်ကို ကုလသမဂ္ဂရဲ့ ကမ္ဘာ့စား နပ်ရိက္ခာအစီအစဉ် WFP အဖွဲ့ မှ တစ်စုံတစ်ရာ ပြောဆိုရှင်းပြခြင်း မရှိဘူးဟု ပြောသည်။

ဦးဖန်လာက “ဘာလို့တိုးပေးတယ်ဆိုတာတော့ မပြောဘူး။ ဒါပေမယ့် ကျနော်တို့ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းက စစ်ရှောင်စခန်းက တာဝန်ရှိသူတွေကို ဒီ ၂၀၁၈ နှစ်ကုန်ပိုင်းက WFP က အကြီးအကဲတွေ ခေါ်တွေ့တယ် ကွတ်ခိုင်မှာပေါ့နော်၊ အဲ့မှာ အားလုံးက ရိက္ခာမလုံလောက်ဘူးဆိုတာ ပြောပြကြတယ်။ အဲ့ချိန်တော့ သူတို့က တိုးပေးမယ် မပေးဘူးဆိုတာ ဘာမှအဖြေမပေးဘူး။ အခု ဇန်နဝါရီလကျမှ လာတိုးပေးလိုက်တာ၊ မူဆယ်ရော၊ ကွတ်ခိုင်ရော၊ ကျနော်တို့ နမ့်ခမ်းရောက စစ်ရှောင်တွေအားလုံးကိုလေ၊ တိုးပေးတဲ့ထဲမှာ နမ့်ဖက်ကာကလူတွေလည်း ပါမယ်ထင်တယ်” ဟု ပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ နေဝန်းနီ တအာင်း(ပလောင်) စစ်ရှောင်ခန်း၊ ဂျော်ဝမ်း၊ ဂျော်တူး၊ ပန်လုံ ကချင်စစ်ရှောင်စခန်း (KBC) ရှိ စစ်ဘေးရှောင်စခန်းနေ စစ်ရှောင်များအားလုံးအား ယခုကဲ့သို့ တိုးပေးခြင်းဖြစ်သည်ဟု ပြောသည်။

ပန်လုံစစ်ရှောင်စခန်းမှ ဒေါ်ကိုင်လွမ့်က “ကျမတို့ဒီနားမှာက နေ့စားကလည်း ပုံမှန်မရဘူး။ အဝေးကိုသွားမယ်ဆိုလည်း ဆိုင်ကယ်ဆီဖိုးကျန်သေးတယ်။ ရွာမှာဆိုရင်တော့ ကြံခင်းတွေ လယ်တွေစိုက်တာတွေလည်း အများကြီး အဲ့မှာက လုပ်စားရတာ အဆင်ပြေမယ်။ ကိုယ့်လယ်လည်းရှိတော့ စိုက်စားလို့ရတယ်။ ဒီမှာတော့ အဆင်မပြေဘူး။ ရိက္ခာတိုးပေးပေမယ့် လုံလောက်တာမျိုးတော့ မရှိပါဘူး။ အခုလို တိုးပေးတဲ့အတွက် နည်းနည်းတော့ သက်သာလာတာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဒေသကိုပဲ ပြန်ချင်တယ်” ဟု ပြောသည်။

နေဝန်းနီစစ်ရှောင်စခန်း ကော်မတီဝင် ဒေါ်ဝင်းဝင်းဆွေက “ကျမတို့ဆီမှာလည်း တိုးပေးတယ်၊ ဆန်၊ ဆီ၊ ဆား အစား ငွေပေးနေတာကို ထပ်ပြီး တိုးပေးတယ်။ ကျမဆို ၇၅၀၀ ရတာ အခုက တစ်သောင်း ရတယ်လေ။ တစ်သောင်းခွဲ ရတဲ့လူတွေက နှစ်သောင်းဖြစ်သွားတယ်။ ဒါပေမယ့် ကျမတို့ဆီက အိမ်ထောင်ဦးစီးတွေ မရဘူး။ အရင်ကတည်းက မပေးတာ။ ၁၈ နှစ်နဲ့ ၅၀ ကြား အမျိုးသား အိမ်ထောင်ဦးစီးတွေအနေနဲ့ အပြင်မှာ အလုပ်လုပ်လို့ရတယ်ဆိုတဲ့သဘောမျိုးလားမသိဘူး။ အရင်ကလည်း မပေးဘူး။ အခုလည်း မပေးဘူး။ တခြားစခန်း တွေကတော့ ရတယ်ပြောတယ်။ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အို ၅၀ အထက်ဆိုရင်တော့ ရပါတယ်” ဟု ပြောသည်။

နေဝန်းနီ တအာင်း(ပလောင်) စစ်ရှောင်စခန်းမှ စစ်ဘေးရှောင် ၃၇၇ ဦးတို့မှာ ကချင်ပြည်နယ်၊ မန်ဝိန်းကြီးမြို့နယ်မှ မန်လွယ် အထက်ရွာ၊ မန်လွယ်အောက်ရွာနှင့် ကျူဆိုင်းကျေးရွာ ၃ ရွာမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ယနေ့ချိန်ထိ နေရပ်မပြန်နိုင်သေးခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ဇူလိုင်လအထိ ဒုက္ခသည်များအား ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ လူတဦးအား တစ်လလျှင် ဆန် ၅ ပြည် နို့ဆီဗူး ၄ ဗူး အပြင် ဆီ၊ ဆား၊ ပဲ၊ အာဟာရ တို့အတွက် ကျပ်ငွေ ၆၀၀၀ ကျပ် ထောက်ပံ့ပေး ရာမှ ၂၀၁၈ သြဂုတ်လမှစတင်ကာ ထက်ဝက်လျော့ချခဲ့သည်။

ယခု ၂၀၁၉ ဇန်နဝါရီလမှ စတင်ပြီး ထောက်ပံ့ကြေးများကို ပြန်လည်တိုးပေးလာခြင်းဖြစ်သည်။

မူဆယ်မြို့ရှိ အိမ်ထောင်စု စုစုပေါင်း(၅၁) စုရှိပြီး လူဦးရေ ၂၀၃ ဦး နေထိုင်နေသည့် မူဆယ် KBC IDPs camp နှင့် နမ့်ခမ်းမြို့ရှိ ပန်လုံ KBC စစ်ရှောင်စခန်းမှ အိမ်ထောင်စု ၁၁၄ စုမှ လူဦးရေ ၅၄၃ ဦးတို့မှာ ကချင်တိုင်းရင်း သားများ ဖြစ်ကြပြီး နမ့်ခမ်းမြို့နယ်အတွင်းက ကတော့ကောင်၊ ယန်ဝူး၊ မော်ဆွေ၊ ဒိန်ဂါ၊ ကျမ်းကာ၊ စသည့် ရွာ ၅ ရွာမှ စစ်ဘေးရှောင်များဖြစ်ကြသည်။

၎င်းတို့မှာ မြန်မာအစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် ၂၀၁၄ ဧပြီလ နှစ်ဆန်းပိုင်းမှ စတင်၍ ယနေ့အချိန်ထိ နေရပ်ရင်း မပြန်ရသေးပဲ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြရခြင်းဖြစ်သည်။

ကွတ်ခိုင်၊ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့ရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ၏ စားဝတ်နေရေးကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၊ မေတ္တာဖောင်ဒေးရှင်းနှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) တို့မှ အဓိက ကူညီထောက်ပံ့ပေးနေခြင်းဖြစ်သည်။