ရှမ်းမြောက် စစ်ရှောင်များ နေရပ်ပြန်ရန် အစိုးရနှင့် NGO များထံ တောင်းဆို တင်ပြမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ( ၂၁ ) ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ပန်လုံ KBC စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အချို့ အပစ်ရပ် ကာလအတွင်း နေရပ်ပြန်နိုင်ရန် အစိုးရတာဝန်ရှိသူများအား အကူအညီတောင်းခံသွားမည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
“ဒီမှာကျတော့ ကျနော်တို့ အခုပြန်ဖို့ကျတော့ ၅ ရွာ ရှိတယ် ကျနော်တို့ ပြန်ဖြစ်အောင်ပြန်မယ်ဆိုပြီးမှ ကျနော်တို့ ဒီမှာ ဝိုင်းပြီးမှ ဆွေးနွေးပါတယ်။ ကျနော်တို့ အခုပြန်ဖို့ ကျနော်တို့အခု စီစဉ်နေတာကျတော့ အခုအစိုးရကိုလည်း ပြောမှာပေါ့ အစိုးရကိုလည်း ပြောသွားမယ် ပြီးတော့ ဒီ NGOs အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ ပြောသွားမယ်။ ကျနော်တို့ အခုပြောဖို့ စီစဉ်နေတုန်းရှိသေးတယ်။ ကျနော်တို့ ဧပြီလလောက်မှာ ကျနော်တို့ ပြန်ဖို့ စီစဉ်ပါတယ်” ဟု ပန်လုံစခန်းမှ လက်ထောက်မန်နေဂျာ ဦးဖန်လာ က ပြောသည်။
ပန်လုံ KBC စစ်ဘေးရှောင်စခန်းတွင် ကတော့ကောင်၊ ယန်ဝူး၊ မော်ဆွေ၊ ဒိန်ဂါ၊ ကျမ်းကား၊ စသည့် ကျေးရွာ ၅ ရွာမှ စစ်ဘေးရှောင် ၅၄၃ ဦး နေထိုင်နေကြပြီး ၎င်းကျေးရွာ ၅ ရွာမှ ကတော့ကောင်နှင့် ယန့်ဝူး ကျေးရွာ ၂ ရွာက စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်အောင် စီစဉ်လုပ်ဆောင်သွားမည်ဟု ဦးဖန်လာက ဆက်ပြောသည်။
“အိမ်ထောင်စုကျတော့ ၈၀ ကျော်လောက်ရှိမယ် အခုပြန်ဖို့ကျတော့ ကျနော်တို့ ယန့်ဝူးနဲ့ ကန်တော့ကောင် ဒီ ဒိန်ဂါကျတော့ ယန့်ဝူးနှင့် နည်းနည်းကပ်ကပ်ဖြစ်နေတယ်။ အဲဒီ ဒိန်ဂါလည်း သူတို့က ယန့်ဝူးပြန်ဖို့ သေချာပြီ ဆိုလို့ရှိရင် သူတို့လိုက်ဖို့ ဒီရွာက သူတို့နည်းနည်း အစီအစဉ်လည်း ပြန်ပါတယ်”
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အစိုးရတပ်မတော်အနေနဲ့ ရှမ်းပြည်နယ်အပါအဝင် စစ်တိုင်း (၅) ခုကို လေးလကြာ အပစ်ခတ်ရပ်စဲထားပြီး စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
သို့သော် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် မည်သည့်အဖွဲ့အစည်း မည်သည့်အာဏာပိုင်မှ အာမခံချက်မပေးနိုင်သည့်အပြင် မြေမြှုပ်မိုင်းပြဿနာများ၊ လက်ရှိအချိန်ထိ နယ်မြေမငြိမ်းချမ်းမှုများနှင့် အခြားအခက်အခဲများစွာ ရှိနေသေးသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
လက်ရှိတွင် ဒေသအတွင်း အပစ်ရပ်ထားသည့်အတွက် နေရပ်ပြန်ရေး စီစဉ်ရခြင်းဖြစ်ပြီး ပြန်ရောက်ပြီးမှ တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်သည်ဟု ကတော့ကောင်ကျေးရွာမှ ဒေါ်ဘောက်ဂျာ က ပြောသည်။
“ကျမတို့ ဖြစ်စေချင်တာက အစိုးရဆိုရင် နှစ်ဖက်စလုံးပေါ့နော် လုံခြုံရေးတွေကောင်းကောင်းပေါ့ အာမခံချက် ရစေချင်တယ် အဲဒါရမှ ကျမတို့က လုံခြုံမှာလေနော်” ဟုပြောသည်။
အစိုးရက ပြဌာန်းလိုက်သည့် မြေလွတ် မြေလပ် မြေရိုင်း ဥပဒေအပြင် ဒေသတွင်း လုပ်ဆောင်မယ့် ရထားလမ်းနှင့် ကားလမ်းဖောက်လုပ်မယ့် အစီအစဉ်များကြောင့် ၎င်းတို့ နေထိုင်လုပ်ကိုင် စားသောက်ခဲ့သည့် မြေနေရာများ ဆုံးရှုံးသွားမည်ကို စိုးရိမ်သည့်အတွက် ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ယန့်ဝူးကျေးရွာမှ ဒေါ်ကိုင်လွမ့်က ဆက်ပြောသည်။
“အဓိက ကိုယ့်မြေနေရာ ဆုံးရှုံးမှာလည်း အကြောက်ဆုံးပဲ ကျမတို့က မြေနေရာ ဆုံးရှုံးမှာ ကြောက်လို့ ကျမတို့က အဓိက ပြန်ချင်တာပေါ့နော် ပြီးတော့ ဒီမှာနေတာဆိုတာက ကိုယ့်လယ်လည်း လုပ်စားလို့မရ ယာလည်းလုပ်စားလို့ မရတဲ့အခါကျတော့ ဒီမှာ နေလို့ရှိရင် ပိုပြီးမှ အခက်အခဲဖြစ်လာတာပေါ့နော်။ အဲဒါကြောင့် ကျမတို့က ပိုပြီးမှ ပြန်ချင်တာပါ။ ပြီးတော့ ကျမတို့ နေတဲ့ နေရာဖက်မှာ မီးရထားလမ်းတို့ ကားလမ်းပေါ့နော အဲဒါတွေ ဖောက်မယ် ဆိုတဲ့အသံတွေ ကြားလာတာပေါ့နော် ဖောက်မယ်ဆိုလို့ရှိရင်တော့ ကျမတို့ ကိုယ်တိုင်သွားမနေထားလို့ရှိရင် ကျမတို့ မြေတွေလယ်တွေထဲမှာ ထိသွားမှာလည်း ကျမတို့ ကြောက်တာပေါ့နော်။ အဲဒါကြောင့် ကျမတို့က ပြန် ချင်တာပါ။”
စစ်ဘေးရှောင်များ လုံခြုံစွာနေရပ်ရင်း ပြန်နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် အစိုးရ အနေဖြင့် ကူညီပေးစေလိုသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
စစ်ဘေးရှောင်များအနေဖြင့် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်လာကြသည်မှာ ငါးနှစ်နီးပါးခန့် ရှိလာပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ကလေးများ၏ ပညာရေးတို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများရှိနေသော်လည်း လုံလောက်မှု မရှိသည့်အပြင် အလုပ်အကိုင်နှင့် အခြားအခက်အခဲများစွာ ရှိနေသည်ဟု ပန်လုံစစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များက ပြောသည်။
ပန်လုံ KBC စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များသည် အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIO) တို့အကြား ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူများဖြစ်ပြီး နေရပ်ပြန်ချင်သော်လည်း ယနေ့အချိန်ထိ မပြန်နိုင်ပဲ ရှိနေသည်။