UNODC စွပ်စွဲချက်ကို KIO ပယ်ချ၊
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်။
ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC ၏ အစီရင်ခံစာတွင် ပါဝင်သော ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင် ဘိန်းစိုက်ပျိုးမှု တိုးများလာနေသည်ဆိုသော စွပ်စွဲချက်ကို KIO အဖွ့ဲက ငြင်းဆိုလိုက်သည်။ ထို့အပြင် ထိုအခြေအမြစ်မရှိသော စွပ်စွဲချက် အဘယ်ကြောင့် ထည့်သွင်းရသည်ကိုလည်း KIO ၏ အိပ်ဖွင့်ပေးစာတွင် မေးခွန်းထုတ်ထားသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန္နဝါရီလ ၁၁ ရက်နေ့တွင် UNODC က “Myanmar Opium Survey 2018” အမည် ဖြင့် အစီရင်ခံစာ တစ်ခုထုတ်ပြန်ရာတွင် ထုတ်ပြန်ချက်ပါ အချို့အချက်အလက်များတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA ထိန်းချုပ်နယ်မြေတွင် ဘိန်းစိုက်ပျိုးမှုများ တိုးများလာနေသည်ဟု ဖော်ပြထားခြင်းကို ကန့်ကွက်ခြင်းဖြစ်သည်ဟု KIO က ပြောသည်။
“UNODC က ကျနော်တို့ KIA ကို ဘိန်းစိုက်တယ်ဆိုပြီးမှ စွပ်စွဲထားတာ ပုတ်ခတ်ထားတာ အဲဒါကြောင့် ကျနော်တို့ KIA/KIO ကတော့ ဘိန်းစိုက်တာ မရှိဘူး။ ကျနော်တို့ကို မဟုတ်မမှန်ပဲနဲ့ အခြေအမြစ် မရှိပဲနဲ့ အဲဒီစစ်တမ်း တွေအပေါ်မှာပေါ့နော ကျနော်တို့ကို ပုတ်ခတ်တာတွေ နာမည်ပျက်အောင်လုပ်တာပေါ့နော။ reject letter ပေါ့ open letter (အိတ်ဖွင့်ပေးစာ) ပေးခြင်းဖြစ်ပါတယ်” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
UNODC ၏ အစီရင်ခံစာ စစ်တမ်းထဲတွင် မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘိန်းစိုက်ပျိုးမှုလျှော့ကျခဲ့ကြောင်း ကချင်ပြည်နယ်တွင် ၁၃% အထိလျော့ကျခဲ့ကြောင်းဖော်ပြပြီး ဘိန်းဆက်လက် စိုက်ပျိုးနေမှုများ နှင့် လက်နက်ကိုင်ပဋိပက္ခကို ချိတ်ဆက်ကာ ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပမာဏ အမြင့် ဆုံး နေရာများမှာ ကချင်လွတ်လပ်ရေး တပ်မတော် ထိန်းချုပ်ရာဒေသ သို့မဟုတ် စိုးမိုးမှု ရှိသော ဒေသများတွင် ဖြစ်သည် ဟု ဖော်ပြထားသည်။
အဆိုပါစစ်တမ်း၏ စာမျက်နှာ ၆ မြေပုံအမှတ် ၁ အရ မြန်မာနိုင်ငံတွင် ဇွန်လ ၂၀၁၇ မှ မေ လ ၂၀၁၈ အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ၂၀၁၃ – ၁၀၁၈ အတွင်း ဘိန်းစိုက်ပျိုးမှု ပမာဏ ညွှန်းကိန်းပြ မြေပုံတွင် မြစ်ကြီးနားမြို့၏ အရှေ့ဖက်တွင်တည်ရှိသည့် ဆဒုံးဒေသနှင့် တနိုင်းဒေသကို ဘိန်းစိုက်ပျိုးမှု ပမာဏ အမြင့်ဆုံးဒေသအဖြစ် ဖော်ပြထားသည်။
ထို့အပြင် အစီရင်ခံစာ၏ စာမျက်နှာ ၇ မြေပုံ အမှတ် ၂ တွင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များ ၂၀၁၇-၂၀၁၈ ဘိန်းစိုက်ရာသီတွင် ကချင်ပြည်နယ်အတွင်းရှိ KIA လှုပ်ရှားသည့် ဒေသများနှင့် နယ်ခြားစောင့်တပ်များ BGF များ အခြေစိုက်သည့် နေရာများကို ဖော်ပြထားသည်။
၎င်းဖော်ပြချက်နှင့် ပတ်သက်ပြီး KIO/KIA က “သူတို့ပြောနေတဲ့ ဘိန်းစိုက်တဲ့နယ်မြေ ဘိန်းစိုက်တဲ့ဒေသဟာ ကျနော်တို့ KIO အုပ်ချုပ်ဒေသမဟုတ်ဘူးလို့ ကျနော်ပြောလိုပါတယ်။ သူတို့ ညွှန်းထားတဲ့မြေပုံမှာလည်း မှားယွင်းနေပါတယ်။ နောက်ပြီးတော့ ဒီသူတို့ ပြောနေတဲ့ ဒီဆဒုံးဒေသတွေက ကျနော်တို့ အုပ်ချုပ်တာ မဟုတ်ဘူး။ ဒါက အစိုးရ တပ်မတော်လက်အောက်ခံ ပြည်သူ့စစ်တွေ BGF တွေ အုပ်ချုပ်တဲ့ နယ်မြေပဲဖြစ်ပါတယ်။ နောက်တနိုင်းမှာလည်းပဲ KIA အုပ်ချုပ်နယ်မြေလို့ သူတို့ရေးထားတယ်။ အမှန်ဆိုလို့ရှိရင်လည်း အဲဒီမှာလည်း မဟုတ် ဘူး။ တပ်မတော်တပ်စခန်းတွေ နောက်ပြည်သူ့ စစ်တွေရဲ့ တပ်စခန်းတွေ နေရာတစ်ဝိုက်ပဲဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
UNODC အနေဖြင့် အောက်ခြေအထိ ကွင်းဆင်းလေ့လာမှု မရှိပဲ တစ်ဦးတစ်ယောက် တစ်ဖွဲ့၏ အစီရင်ခံစာကိုယူကာ ထုတ်ပြန်ထားသည့် အစီရင်ခံစာဖြစ်နိုင်ကြောင်း၊ ယခု အစီရင်ခံစာကို ပူးတွဲရေးသားသည့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်မှ တာဆီးကာကွယ်ရေးအဖွဲ့၏ ဖိအားပေး တောင်းဆိုမှုကြောင့်ဟုသာ ယူဆကြောင်း KIO/KIA က ပြောသည်။
“သူတို့ရေးတဲ့ သူတို့တင်ပြတဲ့ စစ်တမ်းတွေကတော့ သူတို့ ကောက်တာ မဟုတ်ပဲနဲ့ တစ်ဖွဲ့ဖွဲ့ပေါ့နော် တစ်ဖွဲ့ဖွဲ့ တစ်ယောက်ယောက်ရဲ့ အစီရင်ခံစာကို ယူပြီးမှ အခုလိုမျိုး မဟုတ်မမှန်တဲ့ စစ်တမ်းတွေ ထုတ်ဖြစ်တယ်လို့ပဲ ကျနော်က ပြောလိုပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
ကချင်လွတ်လပ်ရေး အဖွဲ့ KIO သည် ၁၉၉၃ ခုနှစ်တွင် မူးယစ်ဆေးဝါးပပျောက်ရေး ကော်မတီ ( Drugs Eradication Committee ) စတင်ဖွဲ့စည်းထားပြီး ၎င်းတို့ ထိန်းချုပ်ရာဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ခြင်း၊ ဖြန့်ဖြူးရောင်းချသူများအား အပြစ်ပေးခြင်း၊ သုံးစွဲသူများအား ပြန်လည်ပြုပြင်ပေးရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်ဟု KIO/KIA က ပြောသည်။