သင်တန်းကျောင်း သိမ်းပိုက်ခံရသည်ဆိုသည်မှာ မမှန်ကန်ဟု AA ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်။
ရက္ခိုင့်တပ်မတော် AA ၏ စစ်လေ့ကျင့်ရေး သင်တန်းကျောင်းတစ်ခုအား တပ်မတော်မှ သိမ်းပိုက်ရရှိသည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်မှု မှန်ကန်ခြင်း မရှိဟု AA က ငြင်းဆိုလိုက်သည်။
“အဲဒီသူတို့ ပြောသလိုမျိုး ဘာမှမရှိဘူးခင်ဗျ။ သူတို့ပြောသလိုမျိုး အဲဒီနေရာမှာ လေ့ကျင့်ရေးစခန်းလည်း မရှိဘူး။ စခန်းသိမ်းတဲ့ဖြစ်စဉ်လည်း မရှိဘူးခင်ဗျ။ အဲဒီနေရာမှာ ကျနော်တို့ စခန်းလည်း မရှိဘူး။” ဟု ရက္ခိုင့်တပ်မတော် AA ၏ သတင်းနှင့် ပြန် ကြားရေး တာဝန်ခံ ခိုင်သုခ က ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် မြောက်ဦး မြို့သို့ ဆက်သွယ်ထားသည့် ကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းများတွင် ရက္ခိုင့်တပ်မတော် AA မှ အင်အား ၁၀၀ ဦးခန့်သည် လေ့ကျင့်ရေး စခန်းဖွင့်လှစ်ရန်နှင့် အခြေခံ နယ်မြေတည်ဆောက်ရန် ရောက်ရှိနေသည်ဟု ဖော်ပြထားသည်။
ထိုကြောင့် တပ်မတော်အနေဖြင့် ၎င်းဒေသများတွင် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ရာ ဖေဖော်ဝါရီ လ ၁၉ ရက်နေ့တွင် AA နှင့် ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည် ဟု တပ်မတော် သတင်းထုတ်ပြန်ချက်က ဖော်ပြသည်။
ထို့နောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရာ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲအတွင်း ရက္ခိုင့်တပ်မတော် AA မှ သင်တန်း ကျောင်းဖွင့်လှစ်ရန် ရည် ရွယ်ထားသော လေ့ကျင့်ရေး စခန်းတစ်ခုအား သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း ရက္ခိုင့်တပ်မတော် AA ဖက်မှ အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိ သည်ဟု တပ်မတော်က ပြောသည်။
ထိုသတင်းထုတ်ပြန်ချက် နှင့် ပတ်သက်၍ ခိုင်သုခ က “အဲဒီ ၁၉ ရက်နေ့မှာတော့ ဒီတိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာတော့ ရှိတယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် နေ့မှာတော့ ဒီမြောက်ဦး မြို့ နယ်ထဲမှာ တစ်နေ့မှာ သုံး ကြိမ်ဖြစ်ပွားခဲ့တာ ရှိတယ်။ ဆိုတော့ မြောက်ဦးမြို့ နယ်ထဲက ဒီ ၁၉ ရက်နေ့ တိုက်ပွဲဖြစ်စဉ်တစ်လျှောက်လုံး မှာ တော့ အရာရှိတွေအပါအဝင် ဗမာ့တပ်မတော်ဖက်ကနေ ၃၀ ထက်မနည်း ကျဆုံးတာရှိတယ်” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်အတွင်း AA ဘက်မှလည်း ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း ခိုင်သုခက “နောက်ပြီးတော့ ဗမာ့ လက်နက်ကိုင်တွေဖက်က ကျနော်တို့ရဲ့ စစ်ဆင်ရေးသွားနေတဲ့ စစ်ကြောင်းတစ်ခုကို ခြုံခိုတိုက်ခိုက်တဲ့ အတွက် ကြောင့်မို့လို့ ကျနော်တို့ ရက္ခိုင့်တပ်မတော်က ရဲဘော်သုံးဦး ကျဆုံးတာရှိတယ်။ အာလ်ပီဂျီတစ်လက် ဆုံးရှုံး တာရှိတယ်။ ဒီလောက်ပဲ အခုဟာ သူတို့ဖော်ပြထားသလိုမျိုး အဲလိုဖြစ်စဉ်မျိုး မရှိဘူးခင်ဗျာ” ဟု ဆက်ပြော သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့ နယ်များဖြစ်သော မြောက်ဦးမြို့ နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏား ကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်းတောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့ နယ်တို့တွင် AA နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အခုရက်ပိုင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု AA က ပြောသည်။
“တိုက်ပွဲကတော့ ဆက်ပြီးတော့ ပြင်းထန်လာနိုင်တဲ့ အနေအထားတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့ တပ်မတော်ဖက်ကနေ ရခိုင်ဒေသအတွင်းမှာ စစ်အင်အားတွေ ထပ်ပြီးတော့ ဖြည့်တင်းပြီးတော့ စစ်အင်အား တွေ အလွန်အကျွံ ဖြည့်တင်းပြီးတော့မှ သူတို့ ဆက်ပြီးမှ ထိုးစစ်ဆင်နေတာဗျာ။ ဆိုတော့ အဲဒါကြောင့်မို့လို့ တိုက်ပွဲကတော့ ထပ်ပြီးတော့ ပြင်းထန်လာနိုင်တဲ့ အနေအထား အများကြီးရှိတယ်” ဟု ခိုင်သုခ က ပြောသည်။
ပြီးခဲသည့် ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်မှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့် တြိဂံ ဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေး နွေးသွားရန် စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းလိုက်သည်ဟု ထုတ်ပြန်ထားသော်လည်း ရက္ခိုင့် တပ်မတော် AA နှင့် တိုက်ပွဲဖြစ်ပွားနေသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ ပါဝင်ခဲ့ခြင်း မရှိပေ။
ထိုထုတ်ပြန်ချက်နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းတွင် ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာ့တပ်မတော်တို့ အ ကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလာပြီး တိုက်ပွဲကြောင့် ဒေသခံ ပြည်သူများမှာ စစ်ဘေး ရှောင်များအဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။