အတိုင်ပင်ခံ စကား ပြန်ရုတ်သိမ်းသင့်ဟု AA ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း အစိုးရနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောင်နိုင်ရန် ဒေါ်အောင်ဆန်း စုကြည်၏ စကားကို ပြန်လည် ရုတ်သိမ်းရန် လိုအပ်သည်ဟု ရက္ခိုင့်တပ်မတော် AA က ပြောသည်။

“အဲလိုမျိုး အမြစ်ပြတ်ချေမှုန်းမယ် ကြွေးကြော်ပြီးမှ ဒါငြိမ်းချမ်းရေးကို စကားပြောမယ်ဆိုတော့ ဒါသိပ် ပြီးမှ လက်တွေ့မကျတဲ့ သဘောလို့ ကျနော်တို့က အဲလိုပဲမြင်တယ်ဗျာ” ဟု ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ က ပြောသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲရှိ ရဲကင်းစခန်း (၄) ခုကို AA အကြမ်းဖက်တိုက်ခိုက်ပြီးနောက် ရက္ခိုင့်တပ်မတော်ကို အမြစ်ပြတ်ချေမှုန်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ထိုမှာကြားချက်ကို ဇန္နဝါရီလ (၁၈) ရက်နေ့က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ရက္ခိုင့်တပ်မတော် (AA) ကို ထိရောက်စွာ ပြတ်ပြတ်သားသား ချေမှုန်းရန် မှာကြားခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒု-ဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီက “နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ AA အဖွဲ့ က သောင်းကျန်းသူ အဖွဲ့သာဖြစ်တယ်။ ထိထိရောက်ရောက် ပြတ်ပြတ်သား ချေမှုန်းဖို့ မှာကြားခဲ့ပါတယ်” ဟု ဇန္နဝါရီလ ၁၈ ရက်နေ့က ပြောသည်။

AA သည် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သာ ဖြစ်ကြောင်း၊ ARSA အဖွဲ့ကို ဘာသာခြားအဖွဲ့ ဖြစ်၍ ချေမှုန်း ပြီး AA အား တိုင်းရင်းသားဖြစ်သောကြောင့် မချေမှုန်းဘူးလားဆိုသည့် ဝေဖန်မှုများ ဖြစ်လာနိုင်သည့်အတွက် ပြတ်ပြတ်သားသား ထိရောက်စွာ ချေမှုန်းဖို့ ပြောဆိုခဲ့သည်ဟု ပြီးခဲ့သည် ဇန္နဝါရီလ ၁၈ ရက်နေ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

နိုင်ငံရေး ဆွေးနွေးပွဲလုပ်ငန်းစဉ်များတွင် နှစ်ဘက်ယုံကြည်မှုကို ပိုမို ခိုင်မာစွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံမှ AA အား အမြစ်ပြတ် ချေမှုန်းရန် မှာကြားထားသည့် စကားကို ပြန်လည်ရုတ်သိမ်းရန် လိုသည်ဟု ရက္ခိုင့်တပ်မတော် AA က ပြောသည်။

“ဗမာအစိုးရနဲ့ ဗမာစစ်တပ်ဖက်က ငြိမ်းချမ်းရေးကို လိုချင်လို့ရှိရင်တော့ အခုနေပြီးတော့ ဒီ ရက္ခိုင့်တပ်မတော်ကို အမြစ်ပြတ်ချေမှုန်းမယ်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံက အမိန့်ပေးထားတဲ့ ဥစ္စာကို ပြန်ပြီးတော့ ရုတ်သိမ်းဖို့လို တယ်။ အဲလိုရုတ်သိမ်းမှသာလျှင် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးကို ဆက်ပြီးတော့ ကြိုးပမ်းရမယ့် သဘောရှိတယ်” ဟု ခိုင်သုခ က ပြောသည်။

လက်ရှိတွင် တပ်မတော်နှင့် AA တို့ ရခိုင်ပြည်နယ်ရှိ မြို့နယ် တော်တော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး တစ်ဖက်တွင် AA သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ နှင့်အတူ အစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများတွင်ပါဝင်နေသည်။

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲမှာ ပိုမို ပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေသည်ဟု AA က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သော မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်းတောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့ နယ်တို့တွင် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု AA က ပြာသည်။

ရက္ခိုင့်တပ်မတော် AA နှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ ၇၀၀၀ နှင့် အထက် စစ်ဘေးရှောင်နေကြရသည် ဟု ကယ်ဆယ်ကူညီရေး လုပ်သားများက ပြောသည်။

ရက္ခိုင့်တပ်မတော် AA သည် မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ၊ တအာင်း(ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် PSLF/ TNLA မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့နှင့် ရက္ခိုင့်တပ် မတော်(AA) တို့ပါဝင်သည်။