အစီရင်ခံစာအပေါ်အဖွဲ့အစည်းအချို့၏ တုန့်ပြန်ချက်အပေါ် UNODC ကြေညာချက်ထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်။
ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC ၏ “၂၀၁၈ ခုနှစ် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက် ပျိုးမှု စစ်တမ်းကောက်ယူခြင်း” အစီရင်ခံစာ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KIO/KIA အပါအဝင် အဖွဲ့အစည်း အချို့က တုန့်ပြန်ပြောဆိုလာသည့်အပေါ် UNODC က တုန့်ပြန်ချက် ထုတ်ပြန်သည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၂၇ ရက်နေ့)က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် ” မည်သည့် အဖွဲ့အစည်း၏ ထိန်းချုပ်နယ်မြေတွင် ဘိန်းစိုက်ပျိုးသည်ကို ဖော်ပြရန် မရည်ရွယ်ပဲ ဂြိုလ်ထုနည်းပညာဖြင့် ဖော်ထုတ်ထားသည့် အချက်အလက်များကို အတိအကျ ဖော်ပြထားခြင်းသာ ဖြစ်သည်” ဟု UNODC က ဆိုသည်။
ထို့အပြင် ဘိန်းစိုက်ပျိုးခြင်းနှင့် လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခများ ဆက်နွယ်နေကြောင်းကို ဖော်ပြခြင်းသာဖြစ်သည်ဟု ပြောလိုခြင်းဖြစ်ကြောင်း UNODC ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန္နဝါရီလ ၁၁ ရက်နေ့တွင် UNODC က “Myanmar Opium Survey 2018” အမည် ဖြင့် အစီရင်ခံစာ တစ်ခုထုတ်ပြန်ရာတွင် ထုတ်ပြန်ချက်ပါ အချို့အချက်အလက်များတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA ထိန်းချုပ်နယ်မြေတွင် ဘိန်းစိုက်ပျိုးမှုများ တိုးများလာနေသည်ဟု ဖော်ပြထားခြင်းကို ကန့်ကွက်ကြောင်း KIO/KIA က UNODC ထံ ပြီးခဲ့သည့် ရက်ပိုင်းက အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့သည်။
၎င်း အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည့် နောက်ပိုင်း UNODC က ယခုကဲ့သို့ ထုတ်ပြန်ချက် ထပ်မံ ထုတ်ပြန်ကာ တုန့်ပြန် လိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန္နဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်သည့် UNODC ၏ အစီရင်ခံစာ စစ်တမ်းထဲတွင် မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘိန်းစိုက်ပျိုးမှုလျှော့ ကျခဲ့ကြောင်း ကချင်ပြည်နယ်တွင် ၁၃% အထိလျော့ကျခဲ့ သည်ဟု ဆိုသည်။
ထို့အပြင် ဘိန်းဆက်လက် စိုက်ပျိုးနေမှုများနှင့် လက်နက်ကိုင်ပဋိပက္ခကို ချိတ်ဆက်ကာ ကချင်ပြည်နယ် အ တွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပမာဏ အမြင့်ဆုံး နေရာများမှာ လက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေသည့် ဒေသတွင် ဖြစ်သည်ဟု UNODC ၏ ညွှန်းကိန်းပြ မြေပုံတွင် ဖော်ပြထားသည်။
အဆိုပါစစ်တမ်း၏ စာမျက်နှာ ၆ မြေပုံအမှတ် ၁ အရ မြန်မာနိုင်ငံတွင် ဇွန်လ ၂၀၁၇ မှ မေ လ ၂၀၁၈ အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ၂၀၁၃ – ၁၀၁၈ အတွင်း ဘိန်းစိုက်ပျိုးမှု ပမာဏ ညွှန်းကိန်းပြ မြေပုံတွင် မြစ်ကြီး နားမြို့၏ အရှေ့ဖက်တွင်တည်ရှိသည့် ဆဒုံးဒေသနှင့် တနိုင်းဒေသကို ဘိန်းစိုက်ပျိုးမှု ပမာဏ အမြင့်ဆုံး ဒေသ အဖြစ် ဖော်ပြထားသည်။
ထို့အပြင် အစီရင်ခံစာ၏ စာမျက်နှာ ၇ မြေပုံ အမှတ် ၂ တွင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များ ၂၀၁၇-၂၀၁၈ ဘိန်းစိုက်ရာသီတွင် ကချင်ပြည်နယ်အတွင်းရှိ KIA လှုပ်ရှားသည့် ဒေသများနှင့် နယ်ခြားစောင့်တပ်များ BGF များ အခြေစိုက်သည့် နေရာများကို ဖော်ပြထားသည်။
ကချင်လွတ်လပ်ရေး အဖွဲ့ KIO အနေဖြင့် ၁၉၉၃ ခုနှစ်တွင် မူးယစ်ဆေးဝါးပပျောက်ရေး ကော်မတီ ( Drugs Eradication Committee ) စတင်ဖွဲ့စည်းထားပြီး ၎င်းတို့ ထိန်းချုပ်ရာဒေသအတွင်း မူးယစ်ဆေးဝါး တိုက် ဖျက်ခြင်း၊ ဖြန့်ဖြူးရောင်းချသူများအား အပြစ်ပေးခြင်း၊ သုံးစွဲသူများအား ပြန်လည်ပြုပြင်ပေးရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည် ဟု KIO/KIA က သတင်းနှင့်မီဒီယာ ကွန်ရက်အား ပြောသည်။
မြန်မာနိုင်ငံထဲတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် တို့တွင် ဘိန်းအများဆုံးစိုက်ပျိုးနေပြီး ယခုနောက်ပိုင်း ချင်းပြည်နယ်နှင့် ကယားပြည်နယ်ထဲမှာလည်း ဘိန်းစိုက်ပျိုးမှုများ ရှိနေသည်။