နမ္မတူမြို့နယ်အတွင်း ကျေးရွာအချို့ ရွာလုံးကျွတ် စစ်ဘေးရှောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသည့်အတွက် ဒေသခံများ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရပြီး နေရပ်ရင်း ပြန်နိုင်ရေး အခက်အခဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း ယမန်နေ့မှစတင်ကာ ယနေ့နံနက်အချိန်ထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ များ နှင့် RCSS/SSA (ရှမ်းပြည်တပ်မတော် တောင်ပိုင်း)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

နမ္မတူဒေသခံတစ်ဦးက “ဖြစ်တာတော့ မနေ့ကတည်းကဖြစ်တာ၊ ဒီနေ့ မနက်ပိုင်းလည်း ထပ်ဖြစ်တယ်။ သေနတ်သံတွေကြားနေရတယ်” ဟု ပြောသည်။

သီပေါမြို့နှင့် နမ္မတူမြို့နယ်ကြားရှိ မန်လီကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားလာသည့်အတွက် မန်လီကျေးရွာ မှ ဒေသခံ ၃၀၀ နီးပါး စစ်ဘေးလွတ်ရာ ထွက်ပြေးနေရသည်ဟု သွားရောက်ကူညီခဲ့သည့် နယ်စည်းမခြား ပရဟိတအဖွဲ့(သီပေါ) မှ ကိုမျိုး က ပြောသည်။

“အခုလောလောဆယ်တော့ မန်လီရွာက စစ်ရှောင်တွေကို ကွန်စံလိတ်ကျောင်းမှာ ပို့ထားတယ်လေ။ အားလုံး နှစ်ရာကျော် သုံးရာလောက်ရှိတယ်။ အခုလောလောဆယ်တော့ စားဝတ်နေရေးအတွက် အခက်အခဲရှိနေ တယ်။ လောလောဆယ်တော့ ကျနော်တို့ ပရဟိတအဖွဲ့တွေက စီစဉ်ပေးထားတယ်။ ရက်ကြာလာရင်တော့ ဒီထက်အခက်အခဲဖြစ်မှာပေါ့။ ဒီနေ့မနက်လည်း ထပ်ဖြစ်နေသေးတယ်။ သူတို့ရွာတွေနားမှာ သေနတ်သံတွေက ကြားနေရတုန်းပဲ၊ ထပ်ဖြစ်နေတော့ လောလောဆယ်တော့ ပြန်ဖို့ မဖြစ်သေးဘူး။”

မန်လီကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအား သီပေါမြို့နယ်ရှိ ကွန်စံလိတ်ကျေးရွာမှ ဘုန်းတော်ကြီးကျောင်သို့ ပရဟိတအဖွဲများက သွားရောက်ပို့ဆောင်ပေးထားရသည်ဟု နယ်စည်းမခြား ပရဟိတအဖွဲ့ (သီပေါ) က တာဝန်ရှိသူက ပြောသည်။

“မနေ့က ၁၀ နာရီ ကျော်ကျော်လောက်က လူတွေက ဖုန်းဆက်တယ်၊ ရွာနားမှာ တိုက်ပွဲဖြစ်နေတယ်၊ သေနတ် သံတွေကြားနေရတယ် လာကူညီပါအုံးဆိုပြီး အကူအညီတောင်းလို့ ကျနော်တို့ မနေ့က သွားခေါ်လာတာပါ။ တစ်ရွာလုံးပဲ သွားခေါ်လာရတာ” ဟု ကိုမျိုးက ဆက်ပြောသည်။

SSPP info ဆိုသည့် SSPP/SSA ၏ လူမှုကွန်ရက်စာမျက်နှာတွင် “RCSS မှ ဒေသခံပြည်သူများကို ဖမ်းဆီးဆိုပြီး ၂၇.၂.၂၀၁၉ မွန်းလွဲ ၂ နာရီအချိန်က သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စု တုန်ကျိုင်းကျေးရွာမှ လုံးစိုင်းေျာ်နှင့် နန်းတိန်းငွေတို့၏သား စိုင်းဆွေအောင်ကို အပစ်မရှိပဲ ဖမ်းဆီခေါ်ဆောင်ထားသည်” ဆိုပြီး ရှမ်းဘာသာဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စအပြင်၊ မန်လီကျေးရွားအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ နှစ်ဖက်လက်နက်ကိုင် တပ်များအား သတင်းနှင့်မီဒီယာကွန်ရက်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်လန်ဒေသတို့တွင် ယခုလ(ဖေဖော်ဝါရီလ) အတွင်း ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPP/SSA (ရှမ်းပြည်တပ်မတော် မြောက်ပိုင်း) နှင့် RCSS/SSA (ရှမ်းပြည် တပ်မတော် တောင်ပိုင်း) တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့် RCSS/SSA တို့အကြားလည်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

ပြီးခဲ့သည့်နှစ်က စတင်ကာ ဖြစ်ပွားလာသည့် ရှမ်းပြည်နယ် မြောက်ပိုင်းက တိုင်းရင်းသားတပ်ဖွဲ့ အချင်းချင်း ကြားက တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ အကြိမ်ကြိမ်နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ လူ့အခွင့်ရေးချိုး ဖောက်ခံရမှု အမျိုးမျိုးနှင့်လည်း ကြုံနေရသည်ဟု ဒေသအတွင်းမှ ဒေသခံများနှင့် အရပ်ဘက်လူမှုကူညီရေး အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပြောသည်။