အပစ်ရပ် လက်နက်ကိုင်အဖွဲ့၏ PPST အဖွဲ့ ထိပ်တန်း ခေါင်းဆောင်များ ပြောင်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၅ ရက်နေ့၊ ၂၀၁၉ ခုနှစ်။
NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ခေါင်းဆောင်နှစ်ဦးကို ပြောင်းလဲပြင်ဆင်ဖွဲ့စည်းသွားမည်ဟု ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် PPST အထူးအစည်းအဝေးတွင် KNU ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ ပြောဆိုလိုက်သည်။
ခေါင်းဆောင်မှု အပြောင်းအလဲနှင့် ပတ်သက်၍ တရားဝင်ရွေးချယ်တင်မြောက် ပြောင်းလဲခြင်း မရှိသေးသော်လည်း ထွက်ပေါ်နေသည့် သတင်းများအရ KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး နေရာတွင် အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမူး နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး ယွက်ဆစ် နေရာတွင် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ပေါင်ခေး တို့ကို ပြောင်းလဲမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
KNU နှင့် RCSS တို့အနေနဲ့ကတော့ PPST အစည်းအဝေးနဲ့ ပတ်သက်ပြီး လိုက်လျောညီထွေ ဖြစ်စေမယ့် သင့်တော်တဲ့ ကိုယ်စားလှယ် လွှဲပြောင်းမှုတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ် ဆိုတဲ့ အကြောင်းကိုလည်း အသိပေးအပ်ပါတယ်။ဟု ဗိုလ်ချူပ်ကြီး မူတူးစေးဖိုးက ပြောသည်။
PPST ဖွဲစည်းမှု ပုံစံကိုလည်း ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းရန် KNU ဥက္ကဌက အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းသွားခဲ့သည်။
ကျွန်တော်တို့ ၂ ဖွဲ့ အနေနဲ့ PPST စုဖွဲ့မှုကို အကြေအလည် ညှိနှိုင်းဆွေးနွေးပြီး ရည်မှန်းချက် တူညီရာကို အတူတကွ ပူးတွဲအကောင်အထည်ဖော်နိုင်တဲ့ ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးအဖြစ်သို့ အသွင်ပြောင်းလိုတဲ့ကိစ္စကိုလည်း ဒီအထူးအစည်း အဝေးမှာ အဆိုပြု ဆွေးနွေးသွားမှာဖြစ်ပါတယ်။
သို့သော် ခေါင်းဆောင်အပြောင်းအလဲ ကိစ္စကို ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပြီးနောက် အစည်းအဝေး နောက်ဆုံးရက်တွင် ဆွေးနွေးပြီး ဆုံးဖြတ်သွားမည်ဟုလည်း သိရသည်။
ယခု အစည်းအဝေးတွင် ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ PPST အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အဖွင့် မိန့်ခွန်း ပြောကြားခြင်းဖြစ်သော်လည်း မိန့်ခွန်း၌ ပါဝင်သည့် အချက်များသည် KNU နှင့် RCSS တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထားရှိသည့် ရပ်တည်မှုကို ထပ်မံအတည်ပြု ဖော်ပြခြင်း ဖြစ်ပြီး NCA လက်မှတ် ရေးထိုးထားကြသော EAOs တွေအကြား ယခု အထူးအစည်း အဝေးမှ ဘုံသဘောထား ရယူဖို့ ဆန္ဒရှိကြောင်း ဆက်လက်ပြောဆိုသည်။
လက်ရှိ နိုင်ငံရေးဆွေးနွေးမှု အခြေအနေများနှင့် ပတ်သက်၍ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ လက်ရှိနိုင်ငံရေးအခင်းအကျင်းအရရောက်ရှိနေတဲ့ NCA အကောင်အထည် ဖော်မှု လမ်းကြောင်း ဟာ မူလက ကျွန်တော်တို့ရည်မှန်းထားတဲ့ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ၊ အာမခံချက်တွေ အပြည့်အဝရှိပြီး ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စု ကို ရောက်ရှိစေမယ့် လမ်းကြောင်းကနေ သွေဖည်သွားပြီဖြစ်ပါတယ်။ဟု ယနေ့ အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ဆို့နေသည့် အနေအထားမှတဆင့် အပေါင်း လက္ခဏာ ဆောင်ပြီး ပိုမိုကောင်းမွန်သည့် အရွေ့တစ်ခုကို ဖန်တီးနိုင်ရန် လိုအပ်နေကြောင်း နှင့် NCA- EAOs အဖွဲ့ဝင်များ အကြား၌လည်း အကြေအလည် ညှိနှိုင်းဆွေးနွေးနိုင်သော အထူးအစည်းအဝေး (Extra-ordinary Meeting) တစ်ရပ်လိုအပ်နေခြင်းကြောင့် အခုလို ခေါ်ယူရတာဖြစ်တယ်လို့လည်း ထည့်သွင်းပြော ဆိုသွားပါတယ်။
ဒီကနေ့ အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ထံ စာရေးသားပေးပို့ထားသည့် အချက် ၃ ချက်နှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအပေါ် တစ်စုံတစ်ရာ တုန့်ပြန်မှု မရှိသည့်အပေါ် ပြန်လည်ဆွေးနွေးသွားကြဖို့လည်း တိုက်တွန်းပြောဆိုခဲ့သည်။
ပြန်လည်တည့်မတ်ဖို့ရည်ရွယ်ချက်နဲ့ပဲ KNU နဲ့ RCSS ဥက္ကဌ ၂ ဦးကနေ ဆွေးနွေး စရာအချက် (၃)ချက်ပါတဲ့ စာတစ်စောင်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၁) နေ့မှာလက်မှတ်ရေး ထိုးခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့ဆီကို ပေးပို့ခဲ့ပါတယ်။ အဲ့ဒီ ပေးပို့ခဲ့တဲ့ စာပါ အကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော် တို့အကြားမှာ ဆွေးနွေး လိုပါတယ်။ အဲဒီအချက်တွေအပေါ်မှာ ဘုံ သဘောထားရယူပြီးရှေ့ ဘယ်လို ဆက် သွားကြမလဲဆိုတာကို ဆွေးနွေးရမှာ ဖြစ်ပါတယ်။ဟု မိန့်ခွန်းတွင် ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ ပြောသည်။
နှစ်ရက်ကြာကျင်းပမည့် အစည်းအဝေးကို NCA အပစ်ရပ် လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်ကိုယ်စားလှယ် အားလုံး တက်ရောက်နေကြသည်။
လက်ရှိ NCA-s EAO အဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ RCSS ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ် ဦး ABSDF၊ ပအို့အမျိုး သား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့များ ပါဝင်ကြသည်။