ရှမ်းမြောက်တိုက်ပွဲ အကြား ရွာသား ၁၀ ဦး တပတ်နီးပါး ပျောက်ဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၅ ရက်။

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများအတွင်း ပျောက်ဆုံးနေသော မန်လီကျေးရွာသား ၁၀ ဦးကို ယခုချိန်အထိ တွေရှိခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါ-နမ္မတူလမ်းပေါ်ရှိ ကျေးရွာများတွင်ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ရွာသားများ ပျောက်ဆုံးနေသည်မှာ တပတ်ခန့်ကြာပြီဖြစ်သော်လည်း ယနေ့ထိ အဆက်အသွယ် မရပဲ ပျောက်ဆုံး နေသည်ဟု ဒေသခံများက ပြော သည်။

သီပေါမြို့နယ်သို့ ထွက်ပြေးတိန်းရှောင်လာသည့် အမည်မဖော်လိုသူ စစ်ဘေးရှောင်တစ်ဦးက “အခုချိန်ထိ ဘာ အဆက်အသွယ်မှမရဘူး။ တချို့က ရွာမှာနေခဲ့ရင်း ပျောက်သွားတာ၊ တချို့ကတော့ တိုက်ပွဲဖြစ်လို့ ပြေးလာရင်း ကျန်ခဲ့တာ၊ ဘယ်သူတွေဖမ်းသွားလဲမသိဘူး။ စိတ်ပူတာပဲ သိတော့တယ်” ဟု ပြောသည်။

ပျောက်ဆုံးနေသူ (၁၀) ဦးမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး မတ်လ ၃ ရက်နေ့အထိ ဖြစ်ပွားနေသော SSPP/SSA မြောက်ပိုင်းရှမ်ပြည်တပ်မတော်နှင့် PSLF/TNLA တအာင်း(ပလောင်) ပူးပေါင်းတပ်များနှင့် RCSS/SSA တောင်ပိုင်း ရှမ်းပြည်တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင် ပျောက်ဆုံးနေသူများဖြစ်သည်။

ပျောက်ဆုံးနေသူများကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးထားသည်ကိုမသိကြောင်းနှင့် ၎င်းတို့ (၁၀)ဦးအား မိသားစုဝင်များက အမျိုးမျိုးဆက်သွယ်ခဲ့ကြသော်လည်း ယနေ့အချိန်အထိ အဆက်အသွယ်ရသေး ကြောင်း ပြောသည်။

စစ်ဘေးရှောင်များအား ကူညီပေးနေသည့် နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ) မှ ကိုမျိုးက “ပျောက်နေတဲ့ လူတွေက အားလုံး မန်လီရွာကပဲ၊ တိုက်ပွဲဖြစ်လို့ ပြေးကြရင်း သွားရင်းလာရင်းနဲ့ ပျောက်နေတာပေါ့နော်၊ ရွာ စောင့်ကျန်ခဲ့တဲ့နှစ်ယောက်နဲ့ သွားရင်းနဲ့ ပျောက်တာက ရှစ်ယောက်ပါ၊ အားလုံးက အမျိုးသားတွေပါ။ ရွာထဲက ပရဟိအဖွဲပေါ့နော်၊ နာရေးကူညီမှုအသင်းက တစ်ယောက်လည်းပါတယ်။ အခုပျောက်တဲ့ကိစ္စတော့ လောလော ဆယ်အထိ ဘာမှအဆက်အသွယ်မရသေးဘူး၊ မနေ့ကလည်း ကျနော်တို့ ရွာထဲအထိ ထပ်သွားတယ်” ဟု ပြောသည်။

မန်လီကျေးရွာသား (၁၀) ဦးပျောက်ဆုံးနေမှုပတ်သက်၍ ရွာသားများအား ဖမ်းဆီးထားသည့်အဖွဲ့မှ လူသားချင်း စာနာမှု၊ နိုင်ငံတကာဥပဒေဖြစ်သည့် ဂျနီဗာစာချုပ် Common Article-3 ကို လေးစားလိုက်နာမှု၊ ဥပဒေကို လေး စားလိုက်နာမှုမရှိပဲ ဥပဒေမဲ့ အစဖျောက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းများ မပြုလုပ်ရန်၊ ထိုသို့ပြု လုပ်ပါက ၎င်းအဖွဲ့အစည်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းသာ ဖြစ်ကြောင်း အမြန်ဆုံးပြန်လွှတ်ပေးရန် လားရှိုးအခြေဆိုက် တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့ မှ မတ်လ ၄ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ တောင်းဆိုထားသည်။

တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (လားရှိုး)မှ Legal Assistance လွေးအီလောဝ်ကီက “အခုပျောက်သွား တဲ့လူတွေကလည်း တအာင်းတွေကြီးပဲလေ၊ အပြစ်မဲ့ရွာသားတွေပဲလေ၊ တော်တော်များများက ဘယ်တိုက်ပွဲ မှာမဆို ပျောက်သွားပြီဆိုရင် အသက်ရှင်လျှက်ပြန်လာရ တာ မရှိသလောက်ပဲလေနော်၊ ဆိုတော့ ဒီလိုမျိုးဖြစ် နေတဲ့အပေါ် အသက်ရှင်လျှက် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာပါ။ အပြစ်မဲ့တဲ့ ရွာသူရွာသားတွေကို ဖမ်းသွားတာ စစ်ရာဇဝတ်မှုမြောက်တယ်၊ အဲ့ကြောင့်မို့ ဖမ်းသွားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို အပြစ်ရှာပြီး ပြောတာမျိုး မဟုတ်ဘူးနော်၊ ဖြစ်စေချင်တာ တစ်ခုပဲ ရွာသားတွေကို အသက်ရှင်လျှက် ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်တာပါ” ဟု ပြောသည်။

ယမန်နေ့က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ တာဝန်ရှိသူများနှင့် တအာင်း(ပလောင်) စာပေယဉ်ကျေးမှုအဖွဲ့များမှ သီပေါမြို့နယ်သို့ ထွက်ပြေးတိန်းရှောင်လာသည့် မန်လီကျေးရွာမှ စစ်ဘေးရှောင် ပြည်သူများနှင့် လာရောက်တွေ့ဆုံခဲ့ပြီး ပျောက်ဆုံးနေသူများအရေး လက်နက်ကိုင်အဖွဲ့များအား ညှိနှိုင်းဆောင် ရွက်မှုများ ပြုလုပ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ဒေသခံရွာသားများ ပျောက်ဆုံးနေမှုများနှင့် ပတ်သက်၍ နှစ်ဖက်လက်နက်ကိုင်တပ်များအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ပျောက်ဆုံးနေသော ကျေးရွာသားများအား အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင်များ၊ ဒေသခံများ၊ ပရဟိတ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့များ၊ နိုင်ငံရေးပါတီများက တောင်းဆိုနေကြပြီး နမ္မတူမြို့နယ် အုပ်ချုပ်ရေးမှူးရုံး သို့လည်း ပျောက်ဆုံးနေသူများ၏ အမည်စာရင်းများပေးပို့ထားပြီး ကူညီရှာဖွေပေးရန် တောင်းဆိုထားသည်။