သီပေါ-နမ္မတူ ဒုက္ခသည် ၂၄၀၀ ကျော်သွားပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၅ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လတ်တလောတိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ၂၄၀၀ ကျော်ရှိပြီ ဖြစ်သည်ဟု အရပ်ဘက် လူမှုအဖွဲ့ အစည်းများက ပြောသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် မြောက်ပိုင်း စစ်မဟာမိတ်များ ဖြစ်သည့် တအားင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA တပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် သီပေါ-နမ္မတူလမ်းပေါ်ရှိ ကျေးရွာများမှ ရွာသားများ ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်သည်။
“၂၄၀၀ ကျော်က အရင်လက်ကျန်စစ်ရှောင်လူဦးရေရယ်၊ အခုထပ်ရောက်လာတဲ့လူတွေရယ်ပေါ့။ အခုကျနော် တို့ နမ့်လန်-မန်လီအုပ်စုကို ရောက်လာတဲ့ လူဦးရေကတော့ ၁၃၉၉ ပေါ့၊ ဒီအတောအတွင်းရောက်လာတာပါ။ နောက်ပြီး သီပေါမြို့ပေါ်ကိုရောက်လာတာကတော့ မန်လီကျေးရွာက ၂၃၄ ဦးပေါ့နော် တုံစင့် အမက ကျောင်း မှာ၊ နောက်တစ်ခါ နမ္မတူမြို့နယ် မန်လီကျေးရွာကပဲ ၁၉၂ ဦး အဲ့ဒါကတော့ သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်း ကို ရောက်လာပေါ့၊ နောက်ပြီးတခြားနေရာတွေရော၊ နီးစပ်ရာရွာတွေမှာရောပေါ့နော် အားလုံးပေါင်း၊ ၂၄၀၀ ကျော်ရှိပြီ” နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ) က ကိုမျိုးက ပြောသည်။
အလားတူ မတ်လ ၄ ရက်နေ့ (ယမန်နေ့) ကလည်း လွယ်ငင်းကျေးရွာမှ ပိတ်မိပြည်သူ ၄၀၀ ခန့် နမ့်လန် မန်လီ ကျေးရွာသို့ ထွက်ပြေးလာသည်ဟု နမ့်လန်ဒေသခံတစ်ဦးကပြောသည်။
မန်လီဘုန်းတော်ကြီးကျောင်းတွင် ၁၃၉၉ ဦး၊ ဘိုးတော်ကျောင်းတိုက်တွင် ၃၄၈ ဦး၊၊ တုံစင့် အမက ကျောင်း တွင် ၂၃၄ ဦး၊ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတွင် ၁၉၂ ဦး၊ နားမခေါ်ဘုန်းတော်ကြီးကျောင်းတွင် ၁၂၃ ဦး၊ ကွန်စံလိတ်ဘုန်းတော်ကြီးကျောင်းတွင် ၆၀ ဦးနှင့် ကျင်သီဘုန်းတော်ကြီးကျောင်းတွင် ၅၂ ဦး စုစု ပေါင်း ၂၄၀၈ ဦး စစ်ဘေးတိန်းရှောင်နေရသည်ဟု သိရသည်။
စစ်ဘေးရှောင်များ၏ အရေးပေါ်လိုအပ်ချက်များ၊ စားဝတ်နေရေးအတွက် လိုနေသည်များကို ဒေသအတွင်းရှိ ပရဟိတအဖွဲ့များက ကူညီပေးနေသည်ဟု ပြောသည်။
“နောက်ဆုံးကောက်ခံရရှိတဲ့စာရင်းအရကတော့ ဒုက္ခဦးရေ လူဦးရေက ၂၄၀၀ ကျော်သွားပြီ၊ အခုကတော့ ကျနော်တို့ ပရဟိတအဖွဲ့တွေ၊ ရွာကလူတွေနဲ့ တခြားအလှူရှင်တွေကနေပြီးတော့ ရောက်လာတဲ့ စစ်ရှောင်တွေ အကုန်လုံးကို စားဝတ်နေရေးအတွက်တော့ လုပ်ကိုင်ပေးနေပါတယ်၊ လူများတော့ အရေးပေါ်လိုအပ်ချက်တွေ လည်း ရှိပါတယ်၊ ရက်ကပိုကြာလာရင်တော့ လိုအပ်ချက်တွေက ပိုများလာမှာပါ” ဟု ကိုမျိုးက ဆက်ပြောသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ SSPP/SSA ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)၊ PSLF/TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်များနှင့် RCSS/SSA ရှမ်းပြည် တပ်မတော် (တောင်းပိုင်း)တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
နမ္မ္ဖတူမြို့နယ် မန်လီကျေးရွာအနီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် အဆိုပါတိုက်ပွဲများကြောင့် ရွာသား (၃၀၀) ကျော်ကို သီပေါမြို့နယ် ကွန်ဆံလိတ်ဘုန်းတော်ကြီးကျောင်းသို့ ပထမအကြိမ် ထွက်ပြေးခဲ့ရပြီး၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများပိုမိုပြင်းထန်လာသည့်အတွက် သီပေါမြို့ ပေါ်အထိ ထပ်မံထွက်ပြေးခဲ့ရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ယနေ့ချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား စစ်ရေးတင်းမာမှုများရှိနေသေးသည့်အတွက် နေရပ်မပြန်ရဲသေးဘူးဟု ပြောသည်။
“မနေ့ကနဲ့ ဒီနေ့မနက်အထိတော့ တိုက်ပွဲတွေတော့ ဖြစ်သံမကြားဘူး။ ဒါပေမယ့် တင်းမာနေတုန်းပဲ၊ ကျနော်တို့ ရွာသားတွေကလည်း ရွာထဲ ပြန်လို့မရသေးဘူး၊ ပျောက်သွားတဲ့လူတွေလည်း ပြန်မလာသေးဘူး တိုက်ပွဲဖြစ် တုန်းကဆို ရွာထဲအထိ သေနတ်ကျည်ဆံတွေကျ တယ်၊ လက်နက်ကြီးတွေကျတယ်လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။
မန်လီကျေးရွာအတွင်း လက်နက်ကြီးကျည်များ၊ သေနတ်ကျည်ဆံများ ကျရောက်ခဲ့သည်အတွက် နေအိမ်များလည်း ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
မတ်လ ၅ ရက်နေ့ (ယနေ့)တွင် ကမ္ဘာ့ကုလသမ္မဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar ၏ ထုတ်ပြန်သည့် စာရင်းအရ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စတင်ဖြစ်ပွားလာသည့် တိုက်ပွဲများ ကြောင်း ကလေးငယ် ၇၀၀ ခန့်အပါအဝင် လူဦးရေ ၁၇၀၀ ကျော် စစ်ဘေးတိန်းရှောင်နေရသည်ဟု သိရသည်။
ထို့အပြင် တိုက်ပွဲများအတွင်း ဒေသခံရွာသားများ ပျောက်ဆုံးနေသည့်အပြင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့ အတွင်း ကျောက်မဲ၊ နမ္မတူနှင့် သီပေါမြို့နယ်များတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း ကြားက တိုက်ပွဲများကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊ ကလေးငယ် လေးဦးအပါအဝင် ကျေးရွာ သား ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သီပေါမြို့နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု UNOCHA Myanmar က ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ထုတ် ပြန်ထားသည်။
၂၀၁၇ ဇန်နဝါရီလ ၂၀၁၈ ဒီဇင်ဘာအထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း စစ်ဘေးရှောင် ၇၄၅၀၀ နေ ရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကာလတိုဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်မှ စတင်ဖြစ်ပွားလည်သည့် လက်နက် ကိုင်ပဋိပက္ခများကြောင့် အဆိုပါပြည်နယ်နှစ်ခုအတွင်း စစ်ဘေးရှောင် ၁၀၆၀၀၀ က နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားကြောင်း UNOCHA Myanmar က ၂၀၁၈ နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားသည်။”