NCA ထိုး တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီးညီလာခံကို မေလတွင် ကျင်းပမည်။

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို မေလအတွင်းတွင် ကျင်းပပြုလုပ်ပြီး ဦးဆောင်မှု ပုံစံအသစ်ကို ရွေးချယ်သွားမည်ဟု အပစ်ရပ် တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

“ကျနော်တု့ိ summit ပေါ့ ကျနော်တု့ိ summit ကိုမေလထဲမှာ လုပ်သွားမယ်” ဟု ကရင်အမျိုးသား အစည်း အရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက PPST အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ယခု အစည်းအဝေးတွင် အင်အားကြီး အဖွဲ့အစည်းများ ဖြစ်ကြသော ကရင့်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ နှုတ်ထွက်ခဲ့ကြပြီး သက်ဆိုင်ရာအဖွဲ့မှ အခြားခေါင်းဆောင်များနှင့် အစားထိုးခဲ့သည်။

“RCSS အနေနဲ့ကျတော့ ကျနော်တို့ လက်ရှိ RCSS ဥက္ကဌကြီး ဗိုလ်ချုပ်ကြီး ယွတ်စစ်နေရာပေါ့နော်။ RCSS ရဲ့ CEC ဖြစ်လဲ RCSS ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ဘောင်ခေးကို ကျ နော်တို့ အစားထိုးပါတယ်။ KNU ဖက်ကတော့ KNU ဥက္ကဌကြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အစား အထွေ ထွေအတွင်းရေးမှူး ဖြစ်တဲ့ ပဒိုစောတာဒိုမူးကို အစားထိုးခန့်အပ်ပါတယ်” ဟု အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။

မတ်လ ၅ ရက်နေ့ မှ ၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှ NCA-EAOs အဖွဲ့ဝင်များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ကျင်းပပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

PPST ၏ စုဖွဲ့မှုပုံစံနှင့် ဦးဆောင်မှုကိုမူ လာမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် ပြန်လည်ဆုံးဖြတ်ရွေးချယ်သွားမည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

NCA-EAOs ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို မေလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် ယာယီသတ်မှတ်ထားသည် ဟု သိရသည်။

PPST အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင်လည်း အစည်းအဝေးကာလ ၃ ရက်တွင် အဖွဲ့အစည်း များအကြား ကြေကြေလည်လည် ဆွေးနွေးပြီးနောက် PPST စုဖွဲ့မှုနှင့် NCA စာချုပ်ကို အခြေခံသောငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ် မေလတွင် NCA-EAOs ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တစ်ရပ်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရှေ့တိုးဆောင်ရွက် သွားမည်ဟု အစည်းအဝေး ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ KNU နှင့် RCSS တို့မှ ပေးပို့ခဲ့သော ပေးစာတွင် ပါဝင်သည့် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် NCA စာချုပ်ကို တည့်မတ်စွာ အကောင်အထည်ဖော်နိုင်ရေးဆိုင်ရာ အဆိုပြုချက်များကို ဆွေးနွေး ဆောင်ရွက်ရန်အတွက် အလုပ်အဖွဲ့အစည်းကိုလည်း ယခုကျင်းပပြီးစီးသွားခဲ့သည့် PPST အစည်းအဝေးမှ ဖွဲ့ စည်းလိုက်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“ကျနော်တို့ တစ်ဖက်က တာဝန်ရှိတဲ့ နိုင်ငံတော်က အကြီးအကဲတွေနှင့် တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေသွားလိုတဲ့ ဆန္ဒတွေရှိပါတယ် တစ်ဖက်မှာ လည်းဒီဟာတွေက ကျနော်တို့ရဲ့ ဖက်ဒရယ်ပေါ်မှာ သွားကြမယ်ဆိုပေမယ့် အမှန်တကယ် အဲလိုမျိုး road map မရှိတဲ့အခါကျတော့ ကျနော်တို့ တကယ်နိုင်ငံရေး ဆွေးနွေးပွဲလုပ်တဲ့ နေရာ မှာကျတော့ ကျနော်တို့ရဲ့ စိုးရိမ်မှု တွေက ဖက်ဒရယ် အခြေခံတဲ့ အချက်တွေကို ဆွေးနွေးခွင့်မရပဲနဲ့ ကျနော်တို့ ဖက်ဒရယ်တည်ဆောက်မှုကို အဓိက အထောက် အကူမပြုတဲ့ တစ်ခြားကိစ္စတွေပဲ ဆွေးနွေးလိုက်ရ တဲ့ ပုံစံမျိုး တွေရှိတာပေါ့နော်။ ဆိုတော့ အဲဒီအတွက်ကြောင့် ဒါတွေကိုလုပ်ဖို့ ကျနော်တို့ ပြင်ဆင်တဲ့ လုပ်ငန်းစဉ် တွေရှိတယ်” ဟု ပဒိုစောတာဒိုမူး က ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချူပ်ထံသို့ KNU နှင့် RCSS တို့က ပေးပို့ထားသည့် ပေးစာထဲတွင် ဘုံသဘောတူညီချက်တွေဖြစ်သည့် ၂၀၂၀ ရည်မှန်းချက် နဲ့ ရှေ့ဆက်အကောင်အထည် ဖော်ရေးကိစ္စ၊ ဖက်ဒရယ်ရည်မှန်းချက် မတူညီသည့်တန်ဖိုးကိစ္စ၊ NCA အနက်အဓိပ္ပါယ် ဖွင့်ဆိုမှု ကွဲပြားခြင်းကိ စ္စ၊ NCA ယန္တရားများကို ပြန်လည်ပြင်ဆင်ခြင်းကိစ္စ၊ SSR-DDR လုံခြုံရေးကဏ္ဍ နှင့် ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ဘုံရည်မှန်းချက်ကိစ္စ စသည့်အချက်များ ပါဝင်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သုံးရက်ကြာ ကျင်းပပြုလုပ်သွားခဲ့သည့် PPST အစည်းအဝေးအတွင်း NCA-EAOs အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပနိုင်ရေးအပြင် ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ လမ်းပြမြေပုံကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနှင့် မြေလွတ်မြေလတ်မြေရိုင်း ဥပဒေကိစ္စများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည် ဟု NCA-EAOs ခေါင်းဆောင်များက ပြောသည်။

ကျင်းပပြီးစီးသွားခဲ့သည့် PPST အစည်းအဝေးသို့ PPST ခေါင်းဆောင်များ၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ ကိုယ်စားလှယ်များနှင့် နည်းပညာ အထောက်အကူပြု အဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း လူဦးရေ ၅၆ ဦး တက်ရောက်ခဲ့ကြသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ RCSS ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပအို့အမျိုးသားလွတ် မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ဒီမိုက ရေစီအကျိုးပြုတပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့များ ပါဝင်ကြသည်။