NRPC နှင့် တပ်မတော် ဆွေးနွေးရေးအဖွဲ့တို့နှင့် KNU တွေ့ဆုံဆွေးနွေးလို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၉ ရက်။
ကရင့်အမျိုးသား အစည်းအရုံး KNU အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ဆက်သွားနိုင်ရေးအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန NRPC နှင့် တပ်မတော်က ဖွဲ့စည်းထားသည့် ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တွေ့ဆုံဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံနိုင်ရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ညှိုနှိုင်းသည်။
ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC တို့ မတ်လ ၈ ရက်နေ့က ထိုင်း နိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးရာတွင် တစ်ဆို့နေသည့် နိုင်ငံရေး ကိစ္စရပ်များနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ကျော်လွှားနိုင်ရန် အထက်ပါအဖွ့ဲအစည်းများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ညှိုနှိုင်းခဲ့ခြင်းဖြစ်သည်။
ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူး က “ကျနော်တို့ နောက် တစ်ဆင့် ပိုပြီးတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ နှင့် တွေ့မယ် အထူးသဖြင့် ဥပမာ NRPC လိုမျိုး နောက်ပြီးတော့ တပ် ပိုင်းကိစ္စလည်း ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ဆွေးနွေးရေး အဖွဲ့ လိုမျိုး ဒါတွေ လည်း နောက်တစ်ဆင့်တက် ထပ်တွေ့သွားမှာပေါ့နော အခုကတော့ ကျနော်တို့က အကြိုအတွက်ပဲ ရင်း ရင်းနှီးနှီးနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ အဖြေ ရှာကြတဲ့ အလွတ်သဘော ဆွေးနွေးပွဲ အဆင့်တော့ ဖြစ်တာပေါ့နော်” ဟု ပြောသည်။
ယမန်နေ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ်နှင့် ပြင်းပြင်းထန်ထန် ပြောဆိုဆွေးနွေးခဲ့ကြသည့်အတွက် ဆွေးနွေးဖက်များကြားတွင် နားလည်မှုနှင့် ယုံကြည်မှု ပိုမိုရရှိခဲ့ကြသည်ဟု ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဌေး က ပြောသည်။
“ကျနော်တို့ သွားနေတဲ့ NCA လမ်းကြောင်းပေါ့နော် NCA လမ်းကြောင်းကနေ မယိမ်းမယိုင်ပဲနဲ့ ဒီလမ်းကြောင်း ကို ပိုမိုခိုင်မာအောင်ပေါ့နော် ပိုမိုပြီးတော့လည်း ဒီ ပါဝင်တဲ့ အစုအဖွဲ့ကြီး ကြေကြေ လည်လည်ရှိအောင် ဒီအပေါ်မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည်မှုတွေ ပိုမြင့်လာအောင် ဘယ်လို လုပ်ကြမလဲ နည်းလမ်းတွေ ရှာရင်းနဲ့လည်း ကျနော်တို့ ဆွေးနွေးတယ်” ဟု ဦးဇော်ဌေး က ပြောသည်။
အလွတ်သဘော ဆွေးနွေးပွဲမှ ရရှိလာသည့် အချက်များကို နှစ်ဖက်တာဝန်ရှိသူများမှ သက်ဆိုင်ရာ ခေါင်း ဆောင်များထံတင်ပြပြီး အမြန်ဆုံး ဆက်လက်တွေ့ဆုံ ဆွေးနွေးနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြောသည်။
“ကေအင်န်ယူထဲမှာလည်း သူတို့ ပြန်ထိုင်ရမှာ ဖြစ်သလို ကျနော်တို့လည်း လူကြီးတွေ ပြန်တင်ပြရမှာပေါ့။ကျနော်တို့က ရက်တွေ ပြန်ကြည့်ရမယ် သူ့ဖက်ကိုယ့်ဖက် ရက်တွေပြန်ကြည့်ရမယ်။ ပြီးရင်တော့ အမြန်ဆုံးပေါ့ နော် နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေဆုံး အမြန်ဆုံးတွေ့နိုင်အောင်တော့ ကျနော်တို့ ကြိုးပမ်းဖို့တော့ ပြောထားတာရှိတယ်” ဟု ဦးဇော်ဌေး က ပြောသည်။
KNU နှင့် ငြိမ်းချမ်းရေး ကော်မရှင် PC တို့၏ အလွတ်သဘော ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေး ကော်မရှင် PC ဖက်မှ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) အပါအဝင် ဦးလှမောင်ရွှေ၊ ဦးဇော်ဌေး၊ ဦးအောင်စိုး နှင့် ဦးကျော်လင်းဦးတို့ တက်ရောက်ခဲ့ကြပါတယ်။
KNU ဖက်မှ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်ပြီး ဗိုလ်မှူးကြီး စောတူးတူးလေး၊ ဗိုလ်မှူး တာမူလာ၊ ပဒိုစောတာဒိုမူး၊ ပဒိုစောတောနီးနှင့် နော်မေဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ကရင်အမျိုးသား အစည်းအရုံး KNU အနေဖြင့် အစိုးရနှင့် လက်ရှိလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ တစ်ဆို့လာသည့်အတွက် တရားဝင်ဆွေးနွေးပွဲ လမ်းကြောင်းများကို ရပ်ဆိုင်းကာ အလွတ်သဘော တွေ့ဆုံမှုဖြင့် အဖြေရှာသွားမည်ဟု ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက တရားဝင် ထုတ်ပြန် ပြောဆိုထားသည့် အဖွဲ့ဖြစ်သည်။