PC နှင့် NCA အပစ်ရပ် ၁၀ ဖွဲ့ အလွတ်သဘောတွေ့ဆုံ

သတင်းနှင့်မီဒီယာ ကွန်ရက်။
မတ်လ ၉  ရက်နေ့၊ ၂၀၁၉  ခုနှစ်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရှေ့ဆက်နိုင်ရန် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၀ ဖွဲ့မှ ခေါင်းဆောင် ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမဆုံးအကြိမ် အလွတ်သဘောပြန်လည်တွေ့ဆုံနေသည်။

အလွတ်သဘောဆွေးနွေးမှုဖြစ်သောကြောင့် ဆွေးနွေးမှု အကြောင်းအရာနှင့်ပတ်သက်၍ ပြင်ဆင်ထားမှု မရှိကြောင်း နှင့် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆက်လက်ကျင်းပနိုင်ရေးကိစ္စများ ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅-၁၆ ရက်များတွင် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်များ နေပြည်တော်၌ သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့ရာ “တခုတည်းသော တပ်မတော် ထားရှိရေး”၊ “ခွဲမထွက်ရ” စသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုအဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ယနေ့အချိန်ထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့သည်။

ယနေ့ နံနက် ၁၀ နာရီတွင် စတင်တွေ့ဆုံသည့် အလွတ်သဘော တွေ့ဆုံမှုတွင် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC မှ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ဦးဆောင်၍ ဦးလှမောင်ရွှေ၊ ဦးဇော်ဌေး၊ ဦးအောင်စိုး နှင့် ဦးကျော်လင်းဦးတို့ တက်ရောက်ခဲ့ကြသည်။

NCA အပစ်ရပ် ၁၀ ဖွဲ့မှ ALP ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်၍ ABSDF ဥက္ကဌ ရဲဘော် သံခဲ၊ PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်း၊ PNLO နာယက ဦးခွန်ဥက္ကာ၊ LDU ဒုဥက္ကဌ ကြာဟား၊  KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ CNF အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေး ၊RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း၊ DKBA မှ ဗိုလ်မှူး ဟဲစေး၊ KNLA/PC မှ စောကျော်ညွန့် နှင့် NMSP မှ နိုင်အောင်မငေး တို့ပါဝင်သော အဖွဲ့ဝင် ၁၁ ဦး တက်ရောက်ခဲ့သည်။