မျိုးဆက်သစ်များ လေ့လာနိုင်ရန် ပင်လုံလက်စွဲ စာအုပ် ထုတ်ဝေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်။
ပင်လုံစာချုပ် အကြောင်းကို မျိုးဆက်သစ်လူငယ်များ သိရှိရန် ရည်ရွယ်ပြီး ပင်လုံလက်စွဲစာအုပ်ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၄ ဖွဲ့မှ စုပေါင်းပြီး ထုတ်ဝေလိုက်သည်။
ပင်လုံလက်စွဲစာအုပ် ထုတ်ဝေရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးယွတ်စစ်က ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် ပင်လုံလက်စွဲစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားတွင် ယခုလိုပြောသည်။
“NCA ထဲမှာ ပင်လုံစိတ်ဓာတ်ကို အသိအမှတ်ပြုညွှန်းဆိုထားပေမယ့် ပင်လုံကတိကဝတ်ကိစ္စကျ မပါဘူးပေါ့။ ဒါကြောင့် ကျနော်တို့ မြင်တာက ပင်လုံစိတ်ဓာတ်တစ်ခုကိုပဲ ကျနော်တို့ အသိအမှတ်ပြုမယ်ဆိုရင် မပြည့်စုံဘူး ကတိကဝတ်တို့ ပင်လုံစာချုပ်တို့ပါမှ ပြည်စုံမယ်။ အဲလိုမျိုး အမြင်သဘောထားရှိပါတယ်။ ခုနပြောပြောနေတဲ့ ပင်လုံစိတ်ဓာတ်တို့ ပင်လုံကတိကဝတ်တို့ ပင်လုံစိတ်ဓာတ် ဆိုတာ သီးခြားစီ ခွဲလို့မရဘူး သူကတစ်ဆက် တည်း ဖြစ်တယ်။ ဒါကြောင့် ရှေ့ဆက်နိုင်ငံရေးဆွေးနွေးပွဲမှာ မှီညမ်း လက်ကိုင်ပြုဖို့ ပင်လုံနှင့် ပတ်သက်တဲ့ စာအုပ်တစ် အုပ်တော့ လိုမယ် ဒါကြောင့်မို့ ဒီပင်လုံလက်စွဲဆိုတဲ့ စာအုပ်ကို စတင်ရေး သားဖို့အကြောင်းဖန်လာတာဖြစ်ပါ တယ်”
ထို့အပြင် ယခုခေတ် မျိုးဆက်သစ် လူငယ်များအနေဖြင့် ပင်လုံစာချုပ်နှင့်ပတ်သက်သည့် အကြောင်းအရာများ ကို မှန်ကန်စွာ သိရှိမှုမရှိခြင်း၊ သိရှိသူနည်းပါးလာသည့်အတွက် စာအုပ်ထုတ်ဝေရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ယွတ်စစ်က ဆက်ပြောသည်။
ပင်လုံလက်စွဲ စာအုပ်ဖြစ်ပေါ်လာရန် ဦးဆောင်မှုပြုခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့ ဖြစ်သည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ တွေ့ဆုံသည့်အချိန်က လက်ရှိ မျက်မှောက်နိုင်ငံရေး အကြောင်းအရာများကို ဆွေးနွေးပြောဆိုရာမှ ပင်လုံလက်စွဲ စာအုပ်ကို အစပြုလုပ်ဆောင်ရန် ဖြစ်လာသည်ဟု ဆိုသည်။
၂၀၁၆ ခုနှစ်က မိုင်ဂျာယာန်တွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၊ CSO များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီ အစုအဖွဲ့များ အားလုံးပါဝင်သည့် ထိပ်သီးခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေးတွင် ပင်လုံလက်စွဲစာအုပ် ထုတ်ဝေရေးအတွက် မှတ်တမ်းတင်ခဲ့ကြသည်။
ထို့နောက် အလုပ်အဖွဲ့မှ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဒု-ဥက္ကဌ ခူးဦးရယ်အား စာအုပ်ပြုစုရန် တာ ဝန်ပေးအပ်ခဲ့သည်ဟု ပင်လုံလက်စွဲစာအုပ် ထုတ်ဝေသူများ က ပြောသည်။
ပင်လုံစာချုပ်အား လက်မှတ်ရေးထိုးထားသည့် လူမျိုးများအနေဖြင့် ပင်လုံစာချုပ်ပေါ်တွင် ရည်တည်နေသမျှကာ လပတ်လုံး ပင်လုံစာချုပ်သည် ပျောက်ပျက်သွားမည်မဟုတ်ဟု ချင်းအမျိုးသားတပ်ဦး CNF ဒု-ဥက္ကဌ ပူးနင်းခင် က ပြောသည်။
“ပင်လုံစာချုပ်ကို ဘယ်အစိုးရ ဘယ်ပုဂ္ဂိုလ် ဘယ်လူမျိုးကမှ ချန်ထားလို့ မရတဲ့အချက်က ဒီလူမျိုး ၄ မျိုး စော စောက ပြောသွားတဲ့ ဗမာလူမျိုး၊ ရှမ်းလူမျိုး၊ ကချင်လူမျိုး၊ ချင်းလူမျိုး ဒီ ၄ မျိုးထဲက အားလုံးက ပင်လုံစာချုပ်ကို အ ကျုံးမဝင်တော့ဘူးလို့ ကျနော်တို့ တရားဝင်မပြောမချင်း ဒီပင်လုံဟာ ပျောက်ဆုံးပျက်ပြယ်သွားမှာ မဟုတ်ပါ ဘူး။ ဒီ ၄ မျိုးထဲက လူမျိုးတစ်မျိုးမျိုးကတောင် ကိုင်စွဲနိုင်သေးတယ်။ ဒီဟာကိုအခြေခံပြီးမှ ရပ်တည်နေသေး တယ်။ သူရဲ့ အနာဂတ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပဲဖြစ်ဖြစ် လူမျိုးထူထောင်ရေးအတွက်ပဲ ဖြစ်ဖြစ် ဒီပင်လုံစာချုပ်ကို လက်ကိုင်နေသမျှ ဒီပင်လုံစာချုပ်ဟာ ဘယ်လိုမှ ချုပ်ငြိမ်းလို့မရပါဘူး” ဟုပြောသည်။
၂၀၁၆ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် မိုင်ဂျာယာန် မျက်နှာစုံညီ အစည်းအဝေး နောက်ပိုင်း ပင်လုံလက်စွဲစာအုပ်ကို ထုတ်ဝေနိုင်ရန် တာဝန်ရှိသူများက စတင်လုပ်ဆောင်လာခဲ့ကြပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် စာအုပ်ပြီးစီးခဲ့သည်ဟု စာအုပ်ထုတ်ဝေသူများက ပြောသည်။