NCA လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ရန် သဘောတူ၊ အားလုံးပါဝင်ရေးမူကို စွဲကိုင်သွားမည်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၁၀ ရက်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါ လုပ်ငန်းစဉ်များ ဆက်လက်အကောင် အထည်ဖော်နိုင်ရေးအပါအဝင် အချက်သုံးချက်ကို အပစ်ရပ် ၁၀ ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် PC တို့၏ အလွတ်သဘော တွေ့ဆုံမှုကနေ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြသည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

PPST ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့မှ ပြောခွင့်ရသူ ABSDF ဥက္ကဌ ဦးသံခဲ က “အဓိကတော့ သုံးခုပါပဲ၊ တစ်ကတော့ ဒီ ၂၀၂၀ မတိုင်မှီကာလမှာ ကျနော်တို့တွေ အားလုံးဟာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ဘယ်အဆင့်လောက်ထိ ကျနော်တို့တွေ အတူတကွ လုပ်ကိုင်ကြိုးပမ်းနိုင်မယ့် အခြေအနေရှိသလဲဆိုတာ ကျနော်တို့ ဆက်ရှာဖွေမယ်၊ တဆက်တည်းမှာပဲ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ ကျနော်တို့ တိုင်းပြည်အတွက် အရှည်သဘောတရားဖြစ်နိုင်တယ်၊ အဲ့တော့ အဲ့ဒီဟာကို တည်ဆောက်မယ်ဆိုရင်လည်း အဆင့်လိုက် အဆင့်လိုက် ကျနော်တို့ ကြားထဲမှာ ဘယ်လောက်နားလည်သူတွေ တူနေကြပြီလဲဆိုတာ ဆက်ပြီးအဖြေရှာမယ်” ဟု ပြောသည်။

တတိယအချက် အနေဖြင့် NCA စာချူပ်ပါအတိုင်း လုပ်ငန်းစဉ်တွေကို ဆက်အကောင်အထည် ဖော်နိုင်ရန် ပြန်လည် သုံးသပ် ဆွေးနွေးခဲ့ကြသည် ဟု ဦးသံခဲက ဆက်ပြောသည်။

“တတိယတစ်ခုကတော့ အခု NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာ ဖြစ်တည်ခဲ့တဲ့ မက်ဂယ်နက်စင်တွေရှိတယ်။ JICM နောက်တခုက UPDJC၊ နောက်တော့ JMC စသဖြင့် ဒီအဆင့်လိုက် အဆင့်လိုက် ရှိနေတဲ့ဟာတွေထဲမှာ လုပ်ငန်းစဉ်တွေထဲကလည်း ဒီလုပ်ငန်းစဉ်တွေကို ပြန်လည် အသက်ဝင်ဖို့ဆိုရင် ကျနော်တို့ အတူတကွ အသက်ဝင်နိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့ ဆက်ပြီးတော့ ရှာဖွေကြမယ်ဆိုတဲ့ ယူဆချက် ကျနော်တို့မှာ ရှိပါတယ်”

အပစ်ရပ် ၁၀ ဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင် PC တို့၏ တွေ့ဆုံဆွေးနွေးမှုများ လေးလကြာရပ်တန့်ခဲ့ပြီးနောက် မတ်လ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နှစ်ဖက်ပြန်လည် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများမှ တရားဝင် ဆွေးနွေးပွဲများ ဆက်လက်သွားနိုင်ရေး နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်ဟု ငြိမ်းချမ်းရေးကော်မရှင် PC အဖွဲ့ဝင် ဦးဇော်ဌေးက ဆက်ပြောသည်။

“ဒီ informal meeting တွေကို ကျနော်တို့ မြန်မြန်လေး ပြန်စဖို့လိုတယ်ဆိုတာ ကျနော်တို့က လက်ခံတယ်၊ ဆိုလိုတာက ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ့ ဒီနိုင်ငံရေး ဆွေးနွေးပွဲတွေ အကြောင်းကြောင်းကြောင့် တစ်နေရာမှာ ရပ်တန့်သွားတယ်ဆိုရင်လည်း ကျနော်တို့ ဒီရပ်တန့်မှုကို ပြေလည်အောင် ဆွေးနွေးညှိနှိုင်းမှုတွေ စဉ်ဆက်မပြတ် လုပ်ရမယ်ဆိုတဲ့ သဘောထားက နှစ်ဖက်လုံးမှာရှိတယ်၊ အဲ့အပေါ်မှာလည်း ကျနော်တို့ ဆက်လုပ်သွားမယ်၊ အချိန်အတိအကျတော့ ကျနော်တို့ ပြောလို့မရသေးဘူး ဘာကြောင့်လဲဆိုတော့ EAOs ဖက်ကလည်း ပြန်ပြီးတော့ ညှိနှိုင်းရမယ် ကျနော်တို့ အစိုးရဖက်ကလည်း လူကြီး တွေ ပြန်တင်ပြရမယ်၊ ပြီးရင် ကျနော်တို့ အမြန်ဆုံး ပြန်တွေသွားပြီးတော့ ဒီ process မရပ်အောင်ပေါ့ ကျနော်တို့ နှစ်ဖက်လုံးက စဉ်ဆက်မပြတ် ထိတွေ့ ဆွေးနွေးမှုတွေ လုပ်သွားဖို့တော့ကျပါတယ်။”

အပစ်ရပ် ၁၀ ဖွဲ့နှင့် PC တိ့ု၏ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အရေးပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု နှစ်ဖက်ခေါင်းဆောင်များက ဆက်ပြောသည်။

ဦးသံခဲက “အထူးသဖြင့်ကတော့ လက်ရှိ NCA လမ်းကြောင်းပေါ်က လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ခြွင်းချန်လို့မရတဲ့ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ မြောက်ပိုင်းအဖွဲ့ကိစ္စတွေ ပါဝင်မှုကိုလည်း ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။” ဟု ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့်လည်း လက်မှတ်မထိုးရသေးသည့်အဖွဲ့ ၈ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ကမ်းလှမ်းမှုတွေ ဆက်လုပ်သွားဖို့ ရှိသည်ဟု ဦးဇော်ဌေးက ပြောသည်။

ထို့အပြင် အစိုးရနှင့် တပ်မတော်တို့မှလည်း NCA လက်မှတ်ထိုးခြင်းကို ယခင်ကကဲ့သို့ အဖွဲ့အချို့အား ချန်လှပ်ထားခဲ့ခြင်းမျိုး မဟုတ်ပဲ အားလုံးပါဝင်ရေးမူအတိုင်း ကျန်အဖွဲ့များနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန်ရှိသည်ဟု ဦးဇော်ဌေး က ဆက်ပြောသည်။

“ကျနော်တို့က ဟိုးအရင်တုန်းကဆိုရင် NCA ကိုထိုးဖို့ အခွင့်မသာတဲ့အတွက် ကျန်ခဲ့တာတွေ ရှိတယ်ပေါ့နော် အဲ့တော့ အားလုံးပါဝင်ရေးပေါ်မှာ မူတည်ပြီးတော့ မထိုးဖြစ်တဲ့ အဖွဲ့တွေလည်း ရှိတယ်ပေါ့၊ ဒီနေ့ ဒီအချိန်မှာတော့ ၈ ဖွဲ့လုံး NCA ထိုးဖို့ အားလုံးက တပ်မတော်ကရော အစိုးရရော သဘောထား တူတူညီညီနဲ့ ဖိတ်ခေါ်ပြီးတော့ ဆွေးနွေးမှုတွေလုပ်နေတာ ဖြစ်တယ်၊ မကြာခင်မှာလည်း ၈ ဖွဲ့လုံးနဲ့ တွေ့ဆုံမှုတွေကို ကျနော်တို့ ဖြစ်လာနိုင်တယ် ဖြစ်လာဖို့လည်း ကြိုးစားနေတယ်၊ ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဒီ NCA အပေါ်မှာ အပြုသဘော ပိုမိုနားလည်လာရင်တော့ ပိုမိုကောင်းမွန်တဲ့ ရလာဒ်တွေထွက်မယ်လို့ ကျနော်တို့ မျှော်လင့်ပြီး လုပ်နေပါတယ်။”

တွေ့ဆုံဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့မှ အတွင်းရေးမှူး အငြိမ်းစား ဒု-ဗိုလ်ချူပ်ကြီးဟောင်း ဦးခင်ဇော်ဦး ခေါင်းဆောင်ပြီး ဦးဇော်ဌေး၊ ဦးအောင်စိုး၊ ဦးလှမောင်ရွှေနှင့် ဦးကျော်လင်းဦးတို့ တက်ရောက်ခဲ့ ကြသည်။

NCA အပစ်ရပ် အဖွဲ့မှ ALP ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင်၊ ABSDF ဥက္ကဌ ဦးသံခဲ၊ KNU အထွေထွေ အတွင်းရေး မှူး ပဒိုစောတာဒိုမူး၊ DKBA မှ ဗိုလ်မှူး ဟဲစေး၊ KNLA/PC မှ စောကျော်ညွှန့်၊ CNF မှ အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေး၊ RCSS ၏ အတွင်းရေးမှူး(၂) ဗိုလ်မှူး ကြီး စိုင်းငင်း၊ PNLO မှ ဥက္ကဌ ဦးခွန်မြင့်ထွန်း၊ ဦးခွန်ဥက္ကာ၊ LDU ဒုဥက္ကဌ ကြာဟားနှင့် NMSP မှ နိုင်အောင်မငေးတို့ အပါအဝင် အဖွဲ့ဝင် ၁၁ ဦး တက် ရောက်ခဲ့ကြသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ RCSS ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ် ဦး ABSDF၊ ပအို့အမျိုးသား လွတ် မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ဒီမိုက ရေစီအကျိုးပြုတပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊မွန်ပြည် သစ်ပါတီ NMSP၊ လားဟူဒီမိုက ရက်တစ်အစည်းအရုံး LDU အဖွဲ့များ ပါဝင်ကြသည်။