မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေအား ကူကီးတိုင်းရင်းသားများ ဆန့်ကျင် ဆန္ဒပြ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်းက ကူကီးတိုင်းရင်းသား ၄၀၀ ကျော်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေအား မတ်လ ၁၁ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့သည်။

ကူကီးတိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှု အစဉ်အလာများကို ပပျောက်စေမည့် ဥပဒေ ဖြစ်သည့်အတွက် ယခုလို ဆန္ဒပြခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သည့် ကူကီးလူငယ်ကွန်ရက်မှ ဥက္ကဌ ကိုဆေးဂင် က ပြောသည်။

“ဒီဥပဒေက အတည်ပြုပြီး ၆ လအတွင်းမှာ လျှောက်ထားရမယ်ဆိုတာပါတယ်၊ အခုလို အကန့်အသတ်တွေပါ နေတာကလည်း ကျနော်တို့အတွက် အခက်အခဲဖြစ်စေတယ်၊ နောက်ပြီး ဒီဥပဒေကြောင့် ကျနော်တို့ရဲ့ ဘိုးဘွား ပိုင်မြေယာတွေ ဆုံးရှုံးသွားနိုင်တယ်လေ။ ကျနော်တို့က ဒီတောရိုင်းတွေ၊ တောင်ပေါ်တွေမှာ လုပ်ကိုင်စား သောက်တာ ဒီဥပဒေကြောင့် ကျနော်တို့က ဘာမှလုပ်စားလို့ရမှာမဟုတ်တော့ဘူူးလေ။ ဒါ့ကြောင့်ဒါတွေကို ကာကွယ်ဖို့ ဆိုတာမျိုးဖြစ်လာတာလေနော်”

ဆန္ဒထုတ်ဖော်ပွဲတွင် တမူးခရိုင် အထက်ပိုင်းမှ ကျေးရွာ ၁၁ ရွာက ဒေသခံ ၄၀၀ ကျော် က ပါဝင်ဆန္ဒ ထုတ် ဖော်ခဲ့ကြသည် ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူများက ပြောသည်။

၂၀၁၈ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေအား အလိုမရှိ၊ ကူကီးတိုင်းရင်းသားများနေထိုင်သည့် နေရာ ဒေသများတွင် မြေလွတ်မြေလပ်မြေရိုင်းမရှိ၊ ကူကီးလူမျိုးများ၏ ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှု အစဉ်အလာ များ ပပျောက်အောင် လုပ်ဆောင်နေမှုများ ချက်ချင်းရပ်၊ မြေသည် လူတိုင်းအတွက် ဖြစ်ရမည်၊ အကျိုးအမြတ် အတွက် မဟုတ်၊ လူမျိုးတုန်း လူမျိုးပျောက်အောင် နည်းဗျူဟာကျကျ လုပ်ဆောင်နေမှုများ ချက်ချင်းရပ် စသည့် ကြွေးကြော်သံများ ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စေတီကျေးရွာတွင်တစ်နေရာ၊ ဖိုင်လင်းကျေးရွာတွင် တစ်နေရာ၊ တုန်းကျော်ကျေးရွာတွင် တစ်နေရာ၊ ကျွန်းပင် သာကျေးရွာတွင် တစ်နေရာ၊ စုစုပေါင်း နေရာလေးနေရာတွင် စုရပ်များပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

စုရပ်တစ်နေရာတွင် လူဦးရေ တစ်ရာကျော် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု ကူကီးလူငယ်ကွန်ရက်က ပြောသည်။

ဥပဒေအရ မတ်လ ၁၁ ရက်နေ့သည့် မြေယာလုပ်ပိုင်ခွင့် ပြန်လည်လျှောက်ထားရန် ခွင့်ပြုသည့် နောက်ဆုံးရက်ဖြစ်သည်။

“ပြဌာန်းတဲ့နေ့နဲ့ မှတ်ပုံတင်ဖို့ လျှောက်ထားရမယ့်အကြောင်း ထုတ်ပြန်တာကလည်း သုံးပတ်ကျော် လောက်ကြာတယ်၊ အဲ့ချိန်မှ ထုတ်ပြန်တာလေ၊ ကျနော်တို့ အတွက် ဘယ်လိုမှ အဆင်မပြေဘူး ဒီဥပဒေက၊ ဒီဥပဒေကို လုံးဝဖျက်သိမ်းစေချင်တယ်” ဟု ကိုဆေးဂင်က ဆက်ပြောသည်။

ပုဒ်မ ၂၂ (ခ)အရ အဆိုပါဥပဒေကို ပြဌာန်းပြီးနောက် ၆ လအတွင်း သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရန် ပြဌာန်း ထားသည်။ စိုက်ပျိုးလုပ်ကိုင်နေသူများက သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီကို လုပ်ပိုင်ခွင့် လာ ရောက် လျှောက်ထားရမည်ဟု မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ၂၀၁၈ခုနှစ် အောက်တိုဘာလ ၃၀ ရက် က ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလလ ၁၁ ရက်နေ့တွင် ပြဌာန်းလိုက်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့် ခွဲရေးဥပဒေကြောင့် ဒေသခံများ၏ မြေယာများ ဆုံးရှုံးစေနိုင်သည့်အပြင် တိုင်းရင်းသားများ၏ နဂိုကျင့်သုံးနေ သည့် ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်ခွင့် အစဉ်အလာများကို ပပျောက်အောင် လုပ်ဆောင်သည့် ဥပဒေဖြစ် သည်ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့သည့် ကိုဆေးဂင် က ပြောသည်။

“ကျနော်တို့မှာ ဓလေ့ထုံးတမ်းမြေယာပိုင်ခိုင်ခွင့် အစဉ်အလာရှိတယ်၊ ကျနော်တို့က ရိုးရာဓလေ့ထုံးတမ်း မြေ ယာတွေရှိတယ်၊ ပွဲလမ်းတွေလုပ်တဲ့နေရာတွေရှိတယ်၊ ရွာရဲ့ ပတ်ပတ်လည်က တောင်ကုန်းတွေရှိတယ်၊ မြေရိုင်းတွေရှိတယ်၊ ရွာပိုင်တဲ့မြေတွေရှိတယ်၊ အိမ်ဆောက်လို့ သစ်ဝါးလိုတာတွေရှိမယ်၊ အဲ့ဒီနေရာတွေမှာ သွားယူခွင့်ရှိတယ်၊ အဲ့လိုမျိုးပေါ့ ဓလေ့ထုံးတမ်းအရ အားလုံးပိုင်တာမျိုးပေါ့၊ ကျေးရွာပိုင်မြေတို့၊ ဒါတွေကိုလည်း ဒီဥပဒေအရဆိုရင် မြေလွတ်မြေရိုင်းဆိုတာမျိုးလည်း ဖြစ်သွားတာပေါ့နော်၊ ဒါကြောင့် ဒီဥပဒေကို ကန့်ကွက်နေရ တာပါ၊ ဒီဥပဒေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုချင်တာပေါ့နော်” ဟု ဆက်ပြောသည်။

ကူကီးတိုင်းရင်းသားများအနေဖြင့် ၎င်းတို့ဒေသတွင်း ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှု အစဉ်အလာအရသာ မြေယာများကို စီမံခန့်ခွဲခြင်း၊ လုပ်ကိုင်စားသောက်ခြင်းဖြစ်သောကြောင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ အလိုမရှိဘူးဟု ကူကီးတိုင်းရင်းသားများက ပြောသည်။

မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၃၀(က) တွင် တည်ဆဲဥပဒေ စည်းမျဉ်းများနှင့် အညီ တောင်ယာ လုပ်ပိုင်ခွင့် ပေးအပ်ထားသည့် မြေများ၊ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံး တမ်း အစဉ်အလာအရ သတ်မှတ်ထားသည့်မြေများ၊ အများပြည်သူနှင့် တိုင်းရင်းသားများ၏ ဘာသာရေး၊ လူမှု ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့အတွက် လက်ရှိအသုံးပြုနေသည့် မြေယာများအား မြေလွတ် မြေလပ် မြေရိုင်းများ အနေဖြင့် မသတ်မှတ်ကြောင်း ပြဌာန်းထားသည်။