လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရန် တပ်မတော်အပါအဝင် ရှမ်းမြောက်ဒေသ လက်နက်ကိုင် အဖွဲ့များအား တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ပွဲ ဖြစ်ပွားရာ ဒေသများတွင် ဖြစ်ပွားနေသည့် ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို တပ်မတော်အပါအဝင် လက်နက်ကိုင်များအားလုံးက ရပ်တန့်ပေးရန် ရှမ်းမြောက်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် သီပေါ၊ နမ္မတူ၊ ကျောက်မဲ၊ ကွတ်ခိုင်ဒေသများတွင် လက်နက်ကိုင် အဖွဲ့များအနေဖြင့် ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်လျှက်ရှိသည်ဟု ရှမ်းမြောက်ဒေသရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ပြောသည်။

ရှမ်းပြည်နယ်၊ မြောက်ပိုင်း လားရှိုးအခြေဆိုက် တအာင်းအမျိုးသမီးအဖွဲ့ မှ အထွေထွေအတွင်းရေးမှူး-၁ လွေးပိုးကမေဲးခြိုပ်း က “လတ်တလော လူ့အခွင့်အရေးချိုးဖောက်မှုလို့ ပြောရရင် ထိပ်ဆုံးကတော့ လူတွေ ဖမ်းဆီးခံနေရတာတွေပေါ့နော်၊ အခုချိန်ထိလည်း ပျောက်နေတယ်၊ ဖမ်းဆီးတဲ့အဖွဲ့တွေကလည်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့မတူဘူးပေါ့၊ ဒီ RCSS ဘက်က ဖမ်းတာကကျတော့ မန်လီရွာသားတွေဖမ်းခံရတာရှိတယ်။ အခုချိန်ထိ ပြန်မလွတ်လာသေးဘူး။” ဟု ပြောသည်။ “KIA ကဖမ်းတာလည်းရှိတယ်။ ကွတ်ခိုင်မှာ ကြံခင်းလုပ်သားတွေကိုပေါ့၊ ဒါပေမယ့် မနေ့ညနေကပဲ အားလုံး ပြန်လွှတ်ပေးပြီလို့ သတင်းရတယ်။ TNLA ဘက်က ဖမ်းတာတွေလည်း ရှိတယ်။ မူးယစ်ဆေးဝါးကိစ္စကြောင့် ဖမ်းတယ်လို့ပြောတယ်။ ပြန်လွှတ်ပေးမယ်လို့တော့ သူတို့ရဲ့ သတင်း page မှာ ကတိဝန်ခံထားတာ ရှိတယ်”

ထိုကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို လုံးဝလက်မခံကြောင်း၊ ဒေသခံများအား ဆက်လက် ဖမ်း ဆီးထားသည့် လက်နက်ကိုင်အဖွဲ့ များအနေဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးစေလိုသည် ဟု တအာင်းအမျိုးသမီး အဖွဲ့ TWO က ပြောသည်။

အလားတူပင် “ကျနော်တို့လူငယ်တွေ အနေနဲ့ တောင်းဆို ချင်တာက လူထုတွေအပေါ် လက်နက်ကိုင်တဲ့ အဖွဲ့အစည်း မှန်သမျှ၊ တပ်မတော်ရော၊ တိုင်းရင်းသားအဖွဲ့တွေ ရော အားလုံးပေါ့ လူထုကို ဓားစာခံအနေနဲ့ရော၊ မဆိုင်တဲ့ပြည်သူကို သံသယနဲ့ စွပ်စွဲတာမျိုးတွေ မလုပ်ဖို့ တောင်းဆိုချင်တယ်။ မဖမ်းဆီးဖို့ပေါ့နော်။ အခုက သံသယဆိုတာနဲ့ ကျနော်တို့ပြည်သူတွေ မြေစာပင်ဖြစ်နေရ တာများတယ်” ဟု ရှမ်းလူငယ်ကွန်ရက် (TYN) မှ စိုင်းနော်ဆိုင်က ပြောသည်။

တိုက်ပွဲများအတွင်း ဒေသခံများ သေနတ်ကျည်ဆံထိမှန်ခြင်း၊ မိုင်းပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း များရှိနေသည်ဟုလည်း လွေးပိုးကမေဲးခြိုပ်း က ဆက်ပြောသည်။

“ရှမ်းအမျိုးသမီးတစ်ဦး မိုင်းထိတယ်၊ အခုဆိုဆေးရုံတက်နေတယ်။ ကျောက်မဲကပါ၊ နောက်ပြီး SSPP နဲ့ တပ်မတော်ကြားက တိုက်ပွဲမှာ သေနတ်ကျည်ဆံထိတာတွေရှိတယ်လို့ ကြားထားတယ်၊ အသေးစိတ်ကိုတော့ လိုက်စုံစမ်းနေတုန်းပဲ။ ဟိုတလောကလည်း SSPP, TNLA နဲ့ RCSS တို့ တိုက်ပွဲဖြစ်တုန်းက ပလောင်ကလေး တယောက်လည်း ထိခိုက်ဒဏ်ရာရတယ်။”

တိုက်ပွဲအတွင်း ပျောက်ဆုံးနေသည့် မန်လီရွာသား (၁၂) ဦးအား RCSS/SSA မှ ဖမ်းဆီးထားသည့် သက်သေ အထောက်အထားများရရှိထားကြောင်း၊ ထိုရွာသားများအား ခြွင်းချက်မရှိ အပြန်ဆုံးပြန်လွှတ်ပေးရန် တအာင်း အမျိုးသမီးအဖွဲ့ (TWO)နှင့် တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့ (TSYU) တို့က မတ်လ ၇ ရက်နေ့က ထုတ် ပြန်ချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်၍ စိုင်းနော်ဆိုင်က “ဒီနေ့ဒီအချိန်ထိ အဲ့ဒီပြဿနာတွေ မဖြေရှင်းနိုင်တာက နိုင်ငံရေးထက် စီးပွားရေးဘက်များ ဦးတည်နေသလား ပေါ့နော်၊ အခု တိုက်ပွဲတွေဖြစ်နေတာက ဘာကိုလိုချင်လို့ လိုချင်မှန်း ကျနော်တို့ ဒေသခံပြည်သူက နားမလည် တော့ဘူး။ စဉ်းစားလို့ မပေါက်ဘူးဖြစ်နေတယ်” ဟု ဆက်ပြောသည်။

အလားတူ မန်လီကျေးရွာသားများ ပျောက်ဆုံးနေမှုသည် ရွာသားများအား ဖမ်းဆီးထားသည့်အဖွဲ့မှ လူသား ချင်း စာနာမှု၊ နိုင်ငံတကာဥပဒေဖြစ်သည့် ဂျနီဗာစာချုပ် အများနှင့် ဆိုင်သော ပုဒ်မ ၃ ကို လေးစားလိုက်နာမှု၊ ဥပဒေကို လေး စားလိုက်နာမှုမရှိပဲ ဥပဒေမဲ့ အစဖျောက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းများ မပြုလုပ်ရန် လားရှိုးအခြေဆိုက် တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့ ကလည်း တောင်းဆိုထားသည်။

တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (လားရှိုး)မှ လွေးအီလောဝ်ကီက “အခုထိ ပြန်တွေ့ သေးဘူး။ အပြစ်မဲ့ရွာသားတွေပဲလေ၊ ဆိုတော့ ဒီလိုမျိုးဖြစ် နေတဲ့အပေါ် အသက်ရှင်လျှက် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာပါ။ အပြစ်မဲ့တဲ့ ရွာသူရွာသားတွေကို ဖမ်းသွားတာ စစ်ရာဇဝတ်မှုမြောက်တယ်၊ အဲ့ကြောင့်မို့ ဖမ်း သွားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို အပြစ်ရှာပြီး ပြောတာမျိုး မဟုတ်ဘူးနော်၊ ဖြစ်စေချင်တာ တစ်ခုပဲ ရွာသား တွေကို အသက်ရှင်လျှက် ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်တာပါ” ဟု ပြောသည်။

တိုက်ပွဲများအတွင်း ဒေသခံများအားဖမ်းဆီးခြင်း၊ ဒေသခံပြည်သူများ၏ ကျေးရွာများအနီးတိုက်ပွဲများဖြစ်ခြင်း၊ အများပြည်သူ သွားလာလုပ်ကိုင်စားသောက်သည့် နေရာများတွင် မြေမြှုပ်မိုင်းထောင်ထားခြင်းများ မဖြစ်စေချင် ဘူးဟုလည်း နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ) က ကိုမျိုးက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ကွင်းဆင်းလေ့လာခြင်း၊ တာဝန်ယူဖြေရှင်းခြင်း၊ ကျူးလွန်သည့် လက်နက်ကိုင်များ အပေါ် ထိရောက်စွာ အရေးယူခြင်း စသည်တို့ အားနည်းသည့်အတွက် လူ့အခွင့်အရေးချိုးဖောက်မှုများ များသထက်များလာရခြင်းဖြစ်သည်ဟု အရပ်ဘက်လူမှုအဖွဲ့အစည်းများက ထောက်ပြသည်။

တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရေး အဓိက တောင်းဆိုချင်သည်ဟု တအာင်းအမျိုးသမီးအဖွဲ့ TWO က ပြောသည်။ “အဓိက တောင်းဆိုချင်တာက နှစ်မျိုးရှိမယ်ပေါ့နော်၊ တဖက်ကတော့ တပ်မတော်တွေ ဘက်က လည်း လေးလတာအတွင်း အပစ်ခတ်ရပ်စဲမယ်လို့ သူတို့ဘက်က ကြေငြာထားပေမယ့် အခုတကယ့်လက်တွေ့ မှာဆိုရင် ထိတွေ့မှုတွေရှိနေတယ် အဲ့လိုမျိုးရှိနေတဲ့အပေါ်မှာလည်း ဒါမျိုးတွေ ထပ်မရှိဖို့ တောင်းဆိုချင်တယ်။”

လွေးပိုးကမေဲးခြိုပ်း က “နောက် ဒီတိုင်း ရင်းသားလက်နက်ကိုင်အချင်းချင်းကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကို လည်း အမြန်ဆုံးရပ်တန့်စေချင်တယ်။ ဘာလို့ လဲဆိုတော့ တိုင်းရင်းသားအချင်းချင်းဖြစ်တဲ့ ပဋိပက္ခမှာဆိုရင် ပြည်သူတွေ အများကြီးနစ်နာတယ်၊ အိုးအိမ်တွေ စွန့်ခွာပြေးရတဲ့လူတွေလည်း အများအပြားရှိနေပြီ၊ ပြီးရင် ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံတွေ အများကြီးပဲ။ အားလုံးကလည်း ဒီအပေါ်မှာ စိတ်ဒဏ်ရာတွေ ရှိနေတယ်။ ဒါကြောင့် ဒီလိုတိုက်ပွဲတွေ ထပ်မဖြစ်အောင် အမြန်ဆုံး နည်းနဲ့ စားပွဲဝိုင်းပေါ်မှာ ကောင်းကောင်းမွန်မွန်လေး ဖြေရှင်းဖို့လိုအပ်တယ်၊ စကားပြောဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း အစိုးရတပ်မတော်နှင့် မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSA တို့အကြား ဖြစ်ပွားနေ သည့် တိုက်ပွဲများကြောင့် ဒေသခံ ၅၀၀ ကျော် ကျေးသီးမြို့နယ်သို့ စစ်ဘေးတိမ်းရှောင်နေရသည်။

ထို့အပြင် သီပေါမြို့နယ်တွင်လည်း မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSA, တအာင်းလွတ်မြောက်ရေး တပ်မတော် PSLF/TNLA ပူးပေါင်းတပ်များနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့အကြားဖြစ်ပွား ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ၂၄၀၀ ကျော် သီပေါမြို့နယ်ထဲသို့ စစ်ဘေးတိမ်းရှောင်နေရသည်။