NRPC က NCA မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံရန် ဖိတ်ခေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC အနေဖြင့် NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် မတ်လ ၂၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
အစိုးရက ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားထားသည့် အဖွဲ့များသည် မြောက်ပိုင်း မဟာမိတ်ဟု လူသိများသည့် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ FPNCC အဖွဲ့ဝင်များနှင့် ညီညွှတ်သော တိုင်းရင်းသားများ လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင်ဖြစ်သည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ဖြစ်သည်။
NRPC မှ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည့် အဖွဲ့များမှာ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ရက္ခိုင်အမျိုးသားအဖွ့ဲချုပ် ULA (ရက္ခိုင့်တပ်မတော် AA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF (တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA) ၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ MNTJP ကိုးကန့် (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ PSC မိုင်းလား နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တို့ဖြစ်သည်။
ဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မတ်လ ၂၁ ရက်နေ့တွင် NRPC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တရားဝင် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်သည်။ မတ်လ ၂၂ ရက်နေ့တွင်မူ တပ်မတော် တွေ့ဆုံဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံသွားမည်ဟု NRPC က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များထံသို့ ပေးပို့သည့် ဖိတ်ကြားစာထဲတွင် တွေ့ရသည်။
NRPC ၏ ဖိတ်ကြားစာထဲတွင် NRPC နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ၂၂-၃-၂၀၁၉ နေ့တွင် တပ်မတော်ညှိနှိုင်း ရေးအဖွဲ့သည် ၂၁-၁၂-၂၀၁၈ ရက်စွဲပါ ထုတ်ပြန်ချက်အတိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်ဖွဲ့ချင်းအလိုက် တွေ့ဆုံဆွေးနွေးမည်ဖြစ်၍ ဆွေးနွေးလိုသည့် အဖွဲ့အစည်းများ ကြိုတင်ပြန်ကြားပေးရန် ဖြစ်ပါသည်ဟု ပါရှိသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ခေါင်းဆောင် ၁ ဦး နှင့် အဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၂ ဦး တက်ရောက်ရန် NRPC ၏ ဖိတ်ကြားစာထဲတွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသည့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP အနေဖြင့် မတ်လ ၁၈ ရက်နေ့တွင် NRPC နှင့် ရန် ကုန်တွင် အလွတ်သဘောတွေ့ဆုံ ဆွေးနွေး သွားရန်ရှိပြီး ထိုမှတစ်ဆင့် နေပြည်တွင် ကျင်းပပြုလုပ်သည့် တရားဝင် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သွားမည်ဟု ပြောသည်။
“ကျနော်တို့ကတော့ ၁၀ ရက်နေ့မှာ ပို့လိုက်ပြီးတော့ ကျနော်တို့ NRPC နဲ့ တွေ့ဖို့နဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော် ညှိနှိုင်းရေးအဖွဲ့နဲ့ အလွတ်သဘောတွေ့ဖို့တော့ စီစဉ်ထားတာ ရှိပါတယ်။ ရန်ကုန်မှာ ၁၈ ရက်နေ့တွေ့ဖို့ ရှိပါတယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေ သွားဖို့ ခုနကပြောတဲ့ အလွတ်သဘော ဆွေးနွေးပွဲသွားဖို့ စီစဉ်ထားတော့ တစ်ပါတည်းပေါ့ အဲဒီ အစည်းအဝေးလည်း တက်ကြမှာပေါ့လေ” ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၁) ခူးပလူးရယ် ကပြောသည်။
NRPC ၊ တပ်မတော်တို့နှင့် တွေ့ဆုံ ဆွေးနွေးပွဲသို့ KNPP က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ အဖွဲ့ခေါင်းဆောင် ဒု-ဥက္ကဌ ခူးဦးရယ်က ဦးဆောင်သွားမည်ဖြစ်ပြီး အဖွဲ့ဝင် ၆ ဦးခန့် လိုက်ပါသွားမည်ဟု ခူးပလူးရယ်က ပြောသည်။
KNPP အနေဖြင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ် လက်မှတ်ရေးထိုးစဉ်က နှစ်ဖက်လုပ် ဆောင်ရမည့် အကောင်အထည်ဖော်မှုများ အပါအဝင် NCA စာချုပ် လက်မှတ်ရေးထိုးရေးအကြောင်း ဆွေးနွေးသွားရန်ရှိသည်ဟု ပြောသည်။
ဆွေးနွေးပွဲတက်ရောက်မည့် အခြေအနေနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံညှိနှိုင်းရေး ကော်မတီ FPCC အဖွဲ့ဝင်ဖြစ် သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က ယခုလိုပြောသည်။
“အဲဒါနဲ့ ပတ်သက်ပြီးတော့ အခုလောလောဆယ် ဘာမှ မသိရသေးဘူး ကျနော်တို့ ဗဟိုကော်မတီက ဘယ်လို ဆုံးဖြတ်တယ်ဆိုတာလည်း ဘာမှမကြားသိရဘူး။ အစည်းအဝေးထိုင်ပြီးမှပဲ ဆုံးဖြတ်မှာပါ။ အဲဒါမျိုးတွေက ဗဟို ကော်မတီထိုင်မှာပဲ သွားမှာလား မသွားဘူးလားပေါ့နော် ဆိုတဲ့ဟာ အားလုံးက ဒီဗဟိုကော်မတီထိုင်ပြီးမှ ဆုံးဖြတ်တာ အခုဘာမှ မကြားသိရဘူး အဲဒါနဲ့ ပတ်သက်လို့တော့” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
အခြားမြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် PSLF/TNLA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်း အိုက်ကျော် ကလည်း NRPC က ဖိတ်ကြားထားသည့် အစည်းအဝေးပွဲသို့ တက်ရောက်ရန် ရှိ၊ မရှိ အခြေအနေကို ၎င်းအနေဖြင့် မသိရသေးကြောင်း အထက်အရာရှိများသို့ မေးမြန်းပြီးမှသာ ဖြေကြားနိုင်မည်ဟု ပြောသည်။
လက်ရှိ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရက္ခိုင့်တပ်မတော် AA နှင့် အခြား မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များထံသို့ ဆွေးနွေးပွဲ တက်ရောက်ရန်အခြေအနေနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် ဆက်သွယ်သော်လည်း မရသေးပေ။