လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ အဖြေမထွက်သေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၂၀ ရက်။
ကယားပြည်နယ် လွိုင်ကော်တွင် ထားရှိသည့် ဗိုလ်ချုပ်မြင်းစီးကြေးရပ်ကိစ္စနှင့် ပတ်သက်၍ ပြတ်သားသည့် ဆုံးဖြတ်ချက် မရသေးပဲ ငြိမ်းချမ်းစွာ ဆက်လက် အဖြေရှာသွားရန် ဆွေးနွေးဘက် အင်အားစုများက သဘောတူညီခဲ့ကြသည်။
ငြိမ်းချမ်းစွာ ဆက်လက်အဖြေရှာရန်နှင့် နှစ်ဘက်အဆိုပြုချက်များအား လာမည့် ဧပြီလမကုန်မှီ ထပ်မံတွေ့ဆုံညှိနှိုင်းရန် သဘောတူညီခဲ့သည်ဟု ကရင်နီလူငယ်များ အင်အားစုက ပြောသည်။
ကရင်နီလူငယ်များ အင်အားစု မှ ခွန်းသောမတ်က “နံပါတ်တစ်အချက်ကတော့ ကျနော်တို့ကြေးရုပ်ပြဿနာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းကို ငြိမ်းငြိမ်းချမ်းချမ်း ကျနော်တို့ ဆက်ပြီးတော့ အဖြေရှာသွားကြမယ် ဆိုတဲ့ တစ်ချက်ရယ်၊ နောက်တစ်ချက်ကတော့ ကြေးရုပ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လာမယ့် ဧပြီလ လမကုန်ခင်မှာ ကျနော်တို့ရယ်၊ ကျနော်တို့ရယ် KNPP ရယ်၊ ပြည်နယ် အစိုးရရယ်၊ NRPC ရယ် လေးပွင့်ဆိုင်တွေ့ပြီးတော့ ဒီကြေးရုပ်ကု အပြီးအပြတ် ကျနော်တို့ ညှိနှိုင်း အဖြေရှာသွားကြမယ် ဆိုတဲ့ ကျနော် တို့ သဘောတူညီချက် ၂ ချက်ရပါတယ်ဗျာ” ဟု ပြောသည်။
ဖေဖော်ဝါရီလ အတွင်းက ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားပေးရန် လူငယ်များနှင့် ပြည်သူများက ဆန္ဒပြသည်ကို အကြမ်းဖက် နှိမ်နင်းမှု ဖြစ်ပွားပြီး ယင်းကိစ္စကို ဆက်လက်ဖြေရှင်းရန် ယနေ့တွင် တွေ့ဆုံကြခြင်း ဖြစ်သည်။
ကန္ဒာဝန်ပန်းခြံအတွင်းက ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ထုကိစ္စ ကရင်နီလူငယ်များအင်အားစု၊ ကြေးရုပ်ဖြစ်မြောက် ရေးကော်မတီ၊ ကယားပြည် နယ်အစိုးရအဖွဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်ူရေးဗဟိုဌာန (NRPC) နှင့် ကရင်နီအမျိုးသား တိုး တက်ရေးပါတီ (KNPP) တို့က ကိုယ်စားလှယ်များဖြင့် မတ်လ ၂၀ ရက်နေ့ (ယနေ့) တွင် ငါးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ကရင်နီလူငယ်များ အင်အားစုအနေဖြင့် ဗိုလ်ချုပ်ကြေးရုပ်ကို ကယား ပြည်နယ်ပြင်ပသို့ ပြောင်းရွှေ့ပေးရန်နှင့် ပြည်နယ်ပြင်ပသို့ ပြောင်းရွှေ့ ရန်အဆင်မပြေပါက အများနှင့် မသက်ဆိုင်သည့်နေရာ (သို့) ကြေးရုပ်ထားရှိရေး ကြိုးပမ်းသည့် အဖွဲ့အစည်း၊ ရုံးများသို့ ပြောင်းရွှေ့ရန် အဓိက ထား ဆွေးနွေးခဲ့သော်လည်း ပြည်နယ်အစိုးရ က လက်မခံသေးဟု ကရင်နီလူငယ်များ အင်အားစု က ပြောသည်။
“ပြည်နယ်အစိုးရကတော့ ဒါကို သူတို့လက်မခံပါဘူး။ သူကတော့ ကြေးရုပ်ကတော့ ဒီအတိုင်းပဲ ဆက်ထားမယ် ဆိုတဲ့ဟာကို အဓိက ဆက်ပြီးတော့ ငြင်းတာပေါ့နော လက်မခံပါဘူး။ NRPC နဲ့ခါကျတော့ ဒီကိစ္စကို အလျှော့အ တင်းတွေလုပ်ဖို့ကို ဆွေးနွေးသွားတယ်ပေါ့နော်၊ ဆိုတော့သူတို့ကတော့ အဓိက ပြဿနာကြီးထွား မလာစေရန် အတွက်ကို အဓိက ထိန်းကျောင်းပြီးတော့ မှတ်ချက်ပြုသွားပါတယ်။” ဟု ခွန်းသောမတ်စ်က ပြောသည်။
ကယားပြည်နယ်အစိုးရအဖွဲ့က ဗိုလ်ချုပ်ကြေးရုပ်ကို လက်ရှိအတိုင်းထားရှိရန်၊ ကြေးရုပ်နေရာတွင် ပင်လုံ စာချုပ်ပါ ကတိကဝတ်များ၊ အချက်များအား နှစ်ဘက်ညှိနှိုင်း၍ ကမ္ဗည်းကျောက်စာ ထိုးထားရှိရန်နှင့် ဗိုလ်ချုပ် ကြေးရုပ်နှင့်အတူ ကရင်နီခေါင်းဆောင်တစ်ဦး၏ ရုပ်တုအားထားရှိရန် အဆိုပြုဆွေးနွေးခဲ့သည် ဟု ယနေ့ုလက်မှတ်ရေးထိုးသော အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။
နောက်တကြိမ်တွေ့ဆုံပွဲကို ဧပြီလ မကုန်ခင် ပြုလုပ်ရန် သဘောတူခဲ့သည်ဟု ခွန်းသောမတ်စ်က ပြောသည်။
“ဦးဇော်ဌေးတို့က နေပြည်တော်ကို ယူသွားပြီးတော့ အထက်ကို ပြန်တင်ပြ ပြီးရင် တော့ ကျနော်တို့ နောက် ဧပြီလ မကုန်ခင် လုပ်မယ့် အစည်းအဝေးမှာ ဒီကိစ္စကို ကျနော်တို့ အားလုံး ဆုံးဖြတ် နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်ဗျာ။”
ယနေ့တွေ့ဆုံမှု၏ သဘောတူညီချက်အတိုင်း ကရင်နီလူငယ်များအင်အားစုအနေဖြင့် ဧပြီလမကုန်မှီအထိ ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါသဘောတူညီချက်အား အကောင်အထည်မဖော်ပါက ကနဦးက တောင်းဆိုထားသည့်အတိုင်း ကြေးရုပ်ဖယ်ရှားရေး၊ ဖြုတ်သိမ်းရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကရင်နီလူငယ်များအင်အားစုက ပြောသည်။
“ကျနော်တို့ ဧပြီလ မကုန်ခင်ထိလည်း ဒီအဖြေပဲ ရှိနေမယ်ဆိုရင်တော့ နောက်ပိုင်း ကျနော်တို့ ညှိနှိုင်းရေး လမ်းကြောင်းတွေ သွားတော့မှာ မဟုတ်ပါဘူးဗျာ။ ကျနော်တို့ တောင်းဆိုတဲ့အတိုင်း နဂိုမူလတောင်းဆိုတဲ့ အတိုင်းပဲ ကျနော်တို့ လုပ်စရာရှိတဲ့ အလုပ်တွေကိုပဲ ကျနော်တို့ ဆက်ပြီးတော့ လုပ်သွားအုံးမှာပါဗျာ။”
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် KNPP ကိုယ်စားလှယ်များအနေဖြင့် ပြည်နယ်အတွင်း မငြိမ်းမချမ်းဖြစ်စေ နိုင်သည့် ကိစ္စရပ်များအား သိမ်သိမ်မွေ့မွေ့ဖြေရှင်းရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အား ထိခိုက်စေမည့် ကိစ္စရပ်များ၊ ပဋိပက္ခဖြစ်စေနိုင်သည့် ကိစ္စရပ်များအား ရှောင်ရှားကြရန် ဆွေးနွေးခဲ့သည်ဟု အစည်းဝေးသို့ တက်ရောက်လာ သူများက ပြောသည်။
KNPP ပြောခွင့်ရ နဲနယ်ပလိုးက “KNPP ကတော့ ဒီလိုကြေးရုပ်ကိစ္စတွေက ပြည်နယ်သူ ပြည်နယ်သားတွေက လက်မခံဘူးပေါ့နော ကန့်ကွက်တာတွေ ရှိလာတော့ ပြီးတော့ ဒီလိုဟာတွေကလည်း ကရင်နီပြည်ရဲ့သမိုင်းကို ဥပက္ခာပြုထားသလိုလည်းဖြစ်တယ်။ ပြည်သူလူထုရဲ့ တောင်းဆိုချက်ကိုလည်း လျစ်လျူရှုရာလည်း ကျတယ်။ ဆိုတော့ ဒီလိုအနေအထားမျိုးမှာ ကျနော်တို့ ပြည်နယ်အတွက်လည်း မကောင်းဘူး တိုင်းပြည်အတွက်လည်း မကောင်းဘူ အခုလိုငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ကာလ တစ်ဖက်နဲ့ တစ်ဖက် အကြား ယုံကြည်မှုတွေ တည် ဆောက်ရတဲ့ အချိန်မျိုးမှာ ဆိုလို့ရှိရင် ပြည်နယ် အစိုးရအနေနဲ့တော့ ဒီလုပ်ရပ်မျိုးတွေတော့ မလုပ်သင့်ဘူး ပေါ့ နော ပြည်သူလူထုရဲ့ အသံကို နားထောင်သင့်တယ်။ ပြီးတော့ တောင်းဆိုနေတဲ့ လူငယ်အင်အားစုတွေနဲ့ အပြု သဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ပြီးတော့ ပြဿနာကို ပြေလည်အောင်ပေါ့နော ဖြေရှင်းပေး ဖို့တော့ လိုပါတယ်” ဟု ပြောသည်။
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို ဒေသခံပြည်သူများက အကြိမ်ကြိမ်ကန့်ကွက်ခဲ့ကြသော်လည်း ပြည်နယ်အစိုးရက လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံထဲတွင် စိုက်ထူခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြည်နယ်လုံး ကျွတ် ဆန္̔ဒထုတ်ဖော်ခဲ့ကြရာ လုံခြုံရေးရဲတပ်ဖွဲ့များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲများက ရာဘာကျည်များနှင့် ပစ်ခတ်ခဲ့သည့်အတွက် ဆန္ဒပြသူ အယောက် (၂၀) ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်စိုက်ထူးခြင်းအား ကရင်နီပြည်သူများက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်နေ သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။