KNPP နှင့် တပ်မတော် ဧပြီလအတွင်း ထပ်တွေ့မည်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၂၀ ရက်။

NCA လက်မှတ်ရေးထိုးရေးအတွက် ဆွေးနွေးနေသော ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် မြန်မာ့တပ်မတော်တို့ လာမည့် ဧပြီလမကုန်မှီ ထပ်မံတွေ့ဆုံ ဆွေးနွေးရဦးမည်ဟု KNPP က ပြောသည်။

မတ်လ ၁၉ ရက်နေ့ (ယမန်နေ့)က မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများနှင့် နေပြည်တော်တွင် ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအား အဓိကထားဆွေးနွေးခဲ့ကြပြီး လာမည့် ဧပြီလ အတွင်း ထပ်မံတွေ့ဆုံဆွေးနွေးသွားရန် နှစ်ဘက် သဘောတူညီခဲ့ကြသည် ဟု KNPP ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက ပြောသည်။

“ပထမတစ်ပိုင်းက တပ်ပိုင်းဆိုင်ရာကိစ္စ ခုနတပ်ပိုင်းဆိုင်ရာကတော့ ခုနပြောသွားတဲ့အထဲမှာပါတယ်။ တပ်ဖွဲ့ဝင် ရဲ့ သွားလာလှုပ်ရှားမှု ကိစ္စတွေပါတယ်။ ပြီးတော့ တပ်စခန်းအသစ်တွေကို ချထားတဲ့ကိစ္စတွေကို ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့တာပေါ့နော်။” ဟု နဲနယ်ပလိုးက ပြောသည်။ “ကျနော်တို့ ဒီတပ်သား သုံးယောက်နဲ့ အရပ်သားတစ်ယောက် အသတ်ခံရတဲ့ ကိစ္စပေါ့လေ အဲဒီကိစ္စကို ကျနော် တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ သို့သော် ကျနော်တို့ အဖြေတစ်စုံတစ်ရာတော့ မရသေးပါဘူး။ ဒီကိစ္စကလည်း နည်း နည်း နုညံ့သိမ်မွေ့တဲ့ ကိစ္စဖြစ်တယ်။ ပြီးတော့ စိန်ခေါ်မှုတွေလည်း များတယ်ပေါ့နော်။ ဆိုတော့ ဒီကိစ္စတွေကို ကျနော်တို့ ဖြေရှင်းနိုင်ဖို့က နှစ်ဖက်ဆက်လက်ညှိနှိုင်းဆွေးနွေးသွားဖို့လိုသေးတယ်။” ဟု ဆက်ပြောသည်။

အဆိုပါ တွေ့ဆုံမှုတွင် တပ်မတော်ဘက်က ယာယီတပ်စခန်းသစ်များ ချထားခြင်းကိစ္စ နှင့် ပတ်သတ်၍ ဆွေးနွေးရာတွင် တစ်စုံတစ်ရာ သဘောတူညီချက်မရရှိခဲ့သော်လည်း အခြေအနေများ လက်ရှိ အနေအထားထက် ပိုမိုမဆိုးရွားသွားအောင် ဆက်လက်ထိန်းသိမ်း ညှိနှိုင်းလုပ်ဆောင်သွားရန် ပြောဆိုမှုများရှိခဲ့သည်ဟု နဲနယ်ပလိုး က ပြောသည်။

NCA လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းနေသည့် ကာလတွင် နှစ်ဖက်အဖွဲ့အစည်းများအကြား ယုံကြည်မှု ကျဆင်းစေသည့် လုပ်ရပ်မျိုးများနှင့် မြေပြင်တင်းမာမှုများပြန်လည် ဖြစ်ပေါ်စေနိုင်သည့် အခြေအနေများအား မလုပ်မိရန် ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု ပြောသည်။

နဲနယ်ပလိုး က “မြေပြင်တင်းမာမှုတွေပြန်ဖြစ်စေနိုင်တဲ့ လုပ်ရပ်မျိုးတွေပေါ့နော အဲဒါမျိုးတွေကို မလုပ်မိနိုင်ဖို့ အတွက် ကျနော်တို့ နှစ်ဖက်ကြား တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေမှာ ကျနော်တို့ သဘောတူပါတယ်။ အဓိက က တော့ ဒီလက်နက်နဲ့ မသွားလာဖို့ပေါ့နော။ လက်နက်နဲ့ သွားလာဖို့ လိုခဲ့တယ်ဆိုလို့ရှိရင်လည်း နှစ်ဖက်ကြို တင် အကြောင်းကြား ညှိနှိုင်းပြီးတော့မှ သွားဖို့ကိစ္စတွေ ကျနော်တို့ သဘောတူညီမှုတွေ ရခဲ့ပါတယ်”ဟု ဆက် ပြော သည်။

ထို့အပြင် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်ရေးထိုးသည့်အချိန်က အစိုးရနှင့် သဘောတူထားသည့် ကိစ္စရပ်များ အကောင်အထည်ဖော်ရာတွင် မပြေလည်မှုများ၊ ခက်ခဲမှုများနှင့် စိန်ခေါ်မှုများရှိနေသေးသည်ဟု KNPP ကဆိုသည်။

ထို့ကြောင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်ရေးထိုးစဉ်က သဘောတူထားသည့် ကိစ္စရပ်များကို ကြေကြေလည်လည် ဆွေးနွေးညှိနှိုင်းနေသည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေး ထိုး နိုင်ရေးကိုလည်း ဆက်လက်ဆွေးနွေးနေခြင်းဖြစ်သည်ဟု နဲနယ်ပလိုးက ပြောသည်။

ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် KNPP တို့၏ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည် ဟု KNPP က ပြော သည်။

မတ်လ (၂၁) ရက်နေ့ မနက်ဖြန်တွင် KNPP အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟု လူသိများသည့် ပြည် ထောင်စု နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်များသည် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး၊ မတ်လ (၂၂) ရက်နေ့တွင် တပ်မတော်မှ တာဝန်ရှိသူများနှင့် ထပ်မံတွေ့ဆုံသွားရန်ရှိသည်။

KNPP သည် အစိုးရနှင့် ၂၀၁၂ ခုနှစ် မတ်လတွင် ပဏာမ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေးနှင့် ဇွန်လ (၉) ရပ်နေ့တွင် ပဏာမ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းဖြစ်သည်။