ရခိုင်ပြည်နယ်တွင် အခြေချရေးမှာ ပန်းတိုင်တစ်ရပ်ဟု ရက္ခိုင့်တပ်မတော် ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၂၁ ရက်။

ရခိုင်ပြည်သူများ၏ လုံခြုံရေးနှင့် ဒေသခံများ၏ ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ယူနိုင်မည့် အဖွဲ့အ စည်းမှာ ရက္ခိုင့် တပ်မတော် ULA/AA သာ ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်တွင် အခြေချ နေထိုင်ရေးမှာ ULA/AA ၏ ပန်းတိုင် ဖြစ်သည်ဟု ဗိုလ်မှူးကြီး ကျော်ဟန်က ပြောသည်။

“ကျနော်တို့ ရခိုင်မြေကို ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော် တည်ရှိရေးဟာ ကျနော်တို့ ULA/AA ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်။ ရခိုင်ပြည်သူတွေကို ရက္ခိုင့်တပ်မတော်ကပဲ လုံခြုံအေးချမ်းဖို့ ဖွံ့ဖြိုးဖို့အတွက် တာဝန်ယူ နိုင်မှာ ဖြစ်တယ်လို့ ကျနော်တို့ တာဝန်ယူထားတဲ့အတွက် ကျနော်တို့ဟာ ကျနော်တို့ လုပ်သင့်လုပ် ထိုက်တဲ့ ဟာကို ကျနော်တို့ လုပ်နေတာဖြစ်တယ်။ အခုလည်း ကျနော်တို့ ရခိုင်ပြည်မှာ တာဝန်ယူနေပြီဖြစ်တယ်” ဟု ပြောသည်။

မတ်လ ၂၁ ရက်နေ့ ယနေ့တွင် ပြုလုပ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် NCA အပစ်ရပ်စာချုပ် လက်မှတ်မရေး ထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့အစည်း ၈ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ရက္ခိုင့်တပ်မတော် ULA/AA ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးကြီး ကျော်ဟန် က သတင်းထောက်များအား ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ယနေ့ဆွေးနွေးမှုသည် လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းရန် လမ်းစ ဖြစ်သည် သာမက နောက်ထပ်ဆွေးနွေးပွဲများ ရှိလာနိုင်သည့်အတွက် ယခင်ကထက် တိုးတက်မှုများ ရှိလာနိုင်သည် ဟု ULA/AA က ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲအဖွင့် မိန့်ခွန်းတွင် NRPC ဒု-ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက ရခိုင်ပြည်နယ်ကဲ့သို့ အဖြူ ရောင်နယ်မြေအား လက်နက်ကိုင် အဖွဲ့အစည်းမှ အခြေချရန် ကြိုးစားလာသည့်အတွက် အစိုးအနေဖြင့် နယ် မြေလုံခြုံရေးအတွက် ထိုက်သင့်သည့် လုံခြုံရေး ဆောင်ရွက်ချက်များကို ဆောင်ရွက်နေခြင်းသာ ဖြစ်သည်ကို နားလည်သဘောပေါက်ပေးရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

၎င်းပြောဆိုမှုအပေါ် ရက္ခိုင့်တပ်မတော် ULA/AA က “အဖွင့်မိန့်ခွန်းပြောသွားတာနဲ့ ပတ်သက်ပြီးတော့ ရက္ခိုင့် တပ်မတော်ကို ရခိုင်ပြည်မှာ တည်ရှိနေမှုကို တပ်မတော်ဖက်က လက်မခံတဲ့သဘောပဲ ကျနော်တို့နားလည် တယ်” ဟု ဗိုလ်မှူးကြီး ကျော်ဟန် က ပြောသည်။

ယခင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွေ့ဆုံကြသည့် ဆွေးနွေးပွဲများတွင် ကိုးကန့်အဖွဲ့ဖြစ်သည့် MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကို ဆွေးနွေးပွဲတွင် မပါဝင်ရန် အစိုးရနှင့် တပ်မတော်က ကန့်သတ်ထားခဲ့သည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင် ရက္ခိုင့်တပ်မတော် ULA/AA က အစိုးရ ရဲကင်းစခန်း များကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နောက်ပိုင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပိုမိုပြင်း ထန်စွာ ဖြစ်ပွားလာခဲ့သည်။

သို့သော် ရက္ခိုင့်တပ်မတော် ULA/AA နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား နေသော်လည်း အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တံခါးဖွင့်ထားဆဲဟု သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေး ကပြောသည်။

“ကျနော်တို့ NCA ရေးထိုးဖို့ ညှိနှိုင်းနေတဲ့အချိန် ပြီးရင် နောက်တစ်ချိန်မှာ ကျနော်တို့ ဘိုင်လစ်ထရယ်ပေါ့နော ရေးထိုးနိုင်ဖို့ ညှိနှိုင်းနေတဲ့အချိန်မှာပဲ မမျှော်လင့်ပဲ ဇန္နဝါရီလ ၄ ရက်နေ့ ဖြစ်စဉ် တိုက်ခိုက်မှုဖြစ်လာတယ်။ ဆို လိုတာက အဲလိုမျိုး တိုက်ခိုက်မှုတွေ ဖြစ်လာအချိန်က လွတ်လပ်ရေးနေ့လည်း ဖြစ်တယ်။ ဖြစ်နေတော့ ဒီအပေါ် မှာ ကျနော်တို့က NCA ကို မလာနဲ့ မထိုးနဲ့လို့ ပိတ်ပင်ထားတာ မဟုတ်ဘူး။ NCA ထိုးဖို့ညှိနေတဲ့အချိန်မှာကို ဒါ မျိုးတွေ ဖြစ်လာတာပေါ့နော်။ သို့သော်လည်း ကျနော်တို့ အစိုးရကတော့ ၂ ပိုင်းခွဲပြီးတော့ လုပ်တယ်။ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းပိတ်မထားဘူး။ ဆက်ပြီးတော့ ဆွေးနွေးမယ်၊ တစ်ဖက်မှာလည်း ဒီဒေသ တည်ငြိမ် အေးချမ်းရေးအတွက် အစိုးရတစ်ရပ်အနေနဲ့ တာဝန်ရှိတဲ့အလျောက် ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ ဒီလိုမျိုး ခွဲမြင်ဖို့တော့လိုတယ်။”

မတ်လ ၁၉ ရက်နေ့ကလည်း ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရရေး ကြိုးပမ်းနေတဲ့ မြောက်ဦးရှေး ဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသတွင်း ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ယခုခါ ဒေသအတွင်းရှိ ကျေးရွာများတွင် တပ်မတော်မှ တစ်အိမ်တက်ဆင်းဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေ ကြောက်လန့်နေကြရသည်ဟု မြောက်ဦးဒေသခံများက ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် ULA/AA တို့အကြား ရခိုင်ပြည်နယ်ရှိ မြောက်ပိုင်းရှိ နေရာ တော်တော်များများနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား လျက်ရှိ သည်။