NCA-မထိုး EAO များနှင့် အစိုးရတို့ နှစ်လ တစ်ကြိမ် ဆွေးနွေးသွားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၂၁ ရက်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် NCA အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၈ ဖွဲ့တို့ တွေ့ဆုံရာတွင် အနည်းဆုံး ၂ လ တစ်ကြိမ် ဆက်လက်ဆွေးနွေးသွားရန် အပါအဝင် အချက် ၅ ချက် သဘောတူညီမှု ရရှိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရ ဦးဇော်ဌေး က ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများအား ပြောသည်။
“လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ လျော့ချ နိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း ကြိုးပမ်းသွားမယ်။ နံပါတ် ၂ က တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းကြိုးပမ်းကြမယ်။ နံပါတ် ၃ က ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူများ အ ရေးအတွက် နှစ်ဖက်လုံးက အလေးထား ဆောင်ရွက်ကြမယ်။ နံပါတ် ၄ က အမျိုးသား ပြန်လည်သင့်မြတ်ရေး နဲ့ အရင်းခံအကြောင်းတရားဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းကြမယ်။ နံပါတ် ၅ ကတော့ နှစ်ဖက် အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မကြာခဏ ဆက်လက် ပြုလုပ်သွားမယ် ဆိုပြီး ကျနော်တို့ သဘောတူညီမှု ရခဲ့ပါတယ်”
NRPC မှ တာဝန်ရှိသူများ နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၈ ဖွ့ဲမှ ကိုယ်စားလှယ် တို့သည် နေပြည်တော်ရှိ NRPC ရုံးတွင် မတ်လ ၂၁ ရက် ယနေ့တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး အထက်ပါ အချက်များကို သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သဘောထားစုစည်းချက်အရ သဘောတူညီထားကြသည့် အကြောင်းအရာများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် အစိုးရတို့အကြား အနည်းဆုံး ၂ လ တစ်ကြိမ် ဆက်လက်တွေ့ဆုံဆွေးနွေးသွားကြရန် ရှိသည်ဟု ဦးဇော်ဌေး က ဆက်ပြောသည်။
“နောက်တစ်ချက်ကတော့ မကြာခဏ တွေ့ဆုံမှုဆိုတာ ကျနော်တို့ အစိုးရဖက်ကတော့ အဆိုပြုလိုက်တာက ၂ လတစ်ကြိမ်ပေါ့ အနိမ့်ဆုံးအားဖြင့် ၂ လ တစ်ကြိမ် တွေ့ဆုံဖို့ အဲလိုတွေ့ဆုံတဲ့အခါမှာလည်း အဓိက ဆုံးဖြတ် ပေးနိုင်မယ့် ခေါင်းဆောင်တွေ သို့မဟုတ် ခေါင်းဆောင်တွေကနေ အဆုံးအဖြတ်ပေးပိုင်ခွင့်လွှဲလိုက်တဲ့ ပုဂ္ဂိုလ် တွေ အဲလိုမျိုး ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဆက်ပြီးတော့ လုပ်သွားမယ် ၂ လတစ်ကြိမ် ပုံမှန်လုပ် မယ် ဆိုတော့ ကျနော်တို့က အဆိုပြုပါတယ်။ အဲတော့ မကြာခဏ တွေ့ဆုံဆွေးနွေးဖို့ ဆိုပြီး ကျနော်တို့ သဘော တူညီခဲ့တာဖြစ်ပါတယ်။”
မတ်လ ၂၁ ရက်နေ့ ယနေ့တွင် NRPC နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးသည့် အဖွဲ့များတွင် မြန်မာ့တပ်မတော်နှင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေသည့် ရက္ခိုင့်တပ်မတော် ULA/AA လည်း ပါဝင်ပြီး ၎င်းတို့၏ သဘောထားကို ယခုကဲ့သို့ ပြောသည်။
“ကျနော်မျှော်လင့်လို့ရတယ်ဆိုတဲ့ဟာက အရင်စကားမပြောပဲ နေတဲ့ဟာက အခုက ဆွေးနွေးဖို့ ဆွေးနွေးလာ တယ် ပြီးရင်ထပ်ပြီး ကျနော်တို့ ဆွေးနွေးဖို့လည်း အစီအစဉ်ရှိတယ်။ ဆိုတော့ အရင်ထက်တော့ တိုးတက်မှုတော့ ရှိပါတယ်” ဟု ရက္ခိုင့် တပ်မတော် ULA/AA ပြောခွင့်ရ ဗိုလ်မှူးကြီး ကျော်ဟန်က ပြောသည်။
ယခင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အတွက် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA (ကိုးကန့်အဖွဲ့) နှင့် ရက္ခိုင့်တပ်မတော် AA တို့ကို ထည့်သွင်း ဆွေးနွေးခြင်းမပြုရန် အစိုးရနှင့် တပ်မတော်က ငြင်းဆိုထားခဲ့သည်။
ယနေ့တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီထားသည့် အချက်များကို နှစ်ဖက်တာဝန်ရှိသူများအနေဖြင့် စေတနာမှန်ကန်စွာဖြင့် အကောင်အထည် ဖော်ဆောင်မည်ဆိုပါက လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိ ပက္ခများကို လျော့ချနိုင်မည် အလားအလာရှိသည်ဟု ဗိုလ်မှူးကြီး ကျော်ဟန် က ဆက်ပြောသည်။
“ဒီအချက်တွေကို နှစ်ဦးနှစ်ဖက်က မှန်မှန်ကန်ကန် အကောင်အထည်ဖော်ကြမယ်ဆိုလို့ရှိရင် စေတနာမှန်မှန်နဲ့ အကောင်အထည်ဖော်ကြမယ်ဆိုရင်တော့ ကျနော်တို့ တိုက်ပွဲတွေက လျော့ချဖို့အလားအလာရှိတယ်။ ဒါပေ မယ့် အဲဒါကို ဒီနေ့ဆွေးနွေးတဲ့ ရလာဒ်အရ အကောင်အထည်မဖော်ဘူးဆိုလို့ရှိရင်တော့ အရင်အတိုင်းပဲ ရှိမှာပဲဖြစ်တယ်”
ရက္ခိုင့်တပ်မတော် ULA/AA နှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဦးဇော်ဌေးက “ဒီမှာက တော့ အားလုံးနဲ့ ဘုံအားဖြင့် တူညီတဲ့ တူညီချက်တွေရပြီ။ သို့သော် ကျနော်တို့ AA နဲ့လည်း ဆွေးနွေးတာတွေရှိတယ်။ အထူးသဖြင့် မြောက်ဦးကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ပိုင်းနဲ့ AA ပိုင်းနဲ့ ပြောနေတာတွေရှိတယ်။ အဓိ ကကတော့ အဲလိုမျိုးဆိုရင် ကျနော်တို့ကတော့ အဓိကဖြစ်တာက တကယ် ဒေသခံပြည်သူတွေ ဒုက္ခရောက် တယ် ဒါကိုဒုက္ခမရောက်ပဲ ကျနော်တို့ သဘောတူညီချက်ပေါ့နော စုစည်းချက်မှာပါတဲ့အတိုင်း လက်နက်ကိုင် တိုက်ပွဲ တွေလျော့ချနိုင်ရေး အတွက် ဘယ်လိုလုပ်ကြမလဲဆိုတာ မြန်မြန်ဆွေးနွေးမှရမယ် မြန်မြန် ဆွေးနွေးဖို့လည်း ကျနော်တို့ PC နဲ့ လုပ်နေတဲ့ လမ်းကြောင်းရှိတယ်။ သို့တည်းမဟုတ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားတဲ့ ဒီဇင်ဘာလ ၂၁ ရက် ထုတ်ပြန်ချက်အတိုင်း သူတို့ ဆွေးနွေးတဲ့ဟာတွေ ဆွေးနွေး လို့ရတယ်ဆိုတာ ကျနော်တို့ ဒီနေ့ ဆွေးနွေးပါတယ်” ဟု ပြောသည်။
ယနေ့ NRPC နှင့် ဆွေးနွေးပွဲတွင် ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ရက္ခိုင်အမျိုးသားအဖွ့ဲချုပ် ULA (ရက္ခိုင့်တပ်မတော် AA)၊ ပ လောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF (တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA) ၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ MNTJP ကိုးကန့် (MNDAA)၊ ရှမ်းပြည် တိုးတက် ရေးပါတီ SSPP၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ PSC မိုင်းလား နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP တို့ဖြစ်သည်။
NRPC နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ တွေ့ဆုံရာတွင် ကောင်းမွန်သည့် ရလာဒ်များ ရရှိကြောင်း ဦးဇော်ဌေး က ပြောသည်။
ယနေ့တွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ဒု-ဥက္ကဌ စဝ်ခွန်ဆိုင် နှင့် အတွင်းရေးမှူး ၃ စဝ်ဘထွန်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ PSC/NDAA မိုင်းလား မှ အထွေ ထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခမ်းမောင်၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA မှ ဗဟိုကော်မတီဝင် ဦးဘရန်နန်၊ ဗိုလ်မှူးကြီး ခွန်နောင်၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ ဗဟို ကော်မတီဝင် ခူးတော်ရယ်၊ နဲနယ်ပလိုးတို့ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ရက္ခိုင့်တပ်မတော် ULA/AA မှ အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး ကျော်ဟန်၊ ဗဟိုကော်မတီဝင် ဦးထွန်း ကြိုင်၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဗဟိုကော်မတီဝင်/နိုင်ငံခြားနှင့်မဟာမိတ် ဆက် ဆံရေး ဌာနမှူး ဗိုလ်မှူးကြီး တာအမောဝ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူး တာပန်လ၊ ၀ ပြည်သွေး စည်းညီညွှတ်ရေးပါတီမှ မြောက်ပိုင်း မဟာမိတ်ရုံး ဆက်ဆံရေး တာဝန်ခံ ဦးအားမင် ၊ လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်း၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသား ပါတီ MNTJP/ MNDAA ကိုးကန့်မှ ဆက်ဆံရေးဌာန တာဝန်ခံ လီကျားခွန်၊ မားစယီ တို့ တက်ရောက်ခဲ့ကြသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှ ဒု-ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း၊ ဦးခင် ဇော်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးသိန်းဇော်၊ ဦးဇော်ဌေး၊ ဦးအောင်စိုး၊ ဦးကျော်လင်းဦး စသည့် တာဝန်ရှိ သူများ တက် ရောက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။