ရှမ်းလက်နက်ကိုင်များအား အပစ်ရပ် ကြေညာချက်ကိုလိုက်နာရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်၇က်။
၂၀၁၉ ခုနှစ်၊ မတ်လ ၂၆ ရက်။

ရှမ်းလက်နက်ကိုင် တပ်ဖွဲများအနေဖြင့် ကြေညာထားချက်ကို လိုက်နာကြရန် ရှမ်းပြည်နယ် မြောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူလူထုများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား အပစ်ခတ်ရပ်စဲ ထားမည်ဟု မတ်လ ၂၀ ရက်နေ့က ကြေညာခဲ့သည်။

သီပေါ မဲဆန္ဒနယ် အမှတ်-၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက “ဖြစ်သင့်တာကတော့ သူတို့ ကတိစကားအတိုင်း၊ ထုတ်ပြန်ချက်အတိုင်း လိုက်နာဖို့တော့ လိုအပ်တာပေါ့နော်။ တခြားသုံးသပ်ချက်တော့ မပြောလိုပါဘူး။ ဒီဘယ်လက်ကိုင်တပ်မဆို ပြည်သူလူထုကို ထိခိုက်မယ်ဆိုရင်တော့ ဒါကလုံးဝမဖြစ်သင့်ဘူးပေါ့ နော်။ ပြည်သူကို ထိခိုက်မယ့် ဘယ်လက်နက်ကိုင်မဆို မလိုအပ်ဘူး” ဟု ပြောသည်။

နှစ်ဘက်လက်နက်ကိုင်ကြားက ပဋိပက္ခများကြောင့် ရှမ်းပြည်သူများ ထိခိုက်နစ်နာခဲ့သည်အတွက် RCSS အနေဖြင့် SSPP နှင့် ဖြစ်ပွားနေသည့် တို်က်ပွဲများကို မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှအပ အပစ်ခတ်ရပ်စဲထားသည် ဟု RCSS က ထုတ်ပြန်ထားသည်။

သို့သော်လည်း မတ်လ ၂၅ ရက်နေ့က သီပေါမြို့နယ်၊ နားမခေါ်အုပ်စု၊ တွန်းကြိုင်းကျေးရွာနှင့် ဟိုနားကျေးရွာကြားတွင်၎င်း၊ နမ္မတူမြို့ မိုင်းမုအုပ်စု၊ ကောင်းဟုန်းနှင့်လုံမိတ်ကျေးရွာကြားတို့တွင်၎င်း ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု RCSS ပိုင် Tai Freedom ဝက်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

နားမခေါ်ကျေးရွာအတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “မနေ့က မနက်ကဖြစ်တယ်၊ တစ်နာရီကျော်ကျော်လောက်တော့ကြာတယ်။ သေနက်သံတွေကြားရတာပေါ့နော်။ ဟိုနားဘက်မှာပေါ့၊ ရွာသားတွေတော့ ထွက်ပြေးရတာ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့က အမြဲသတိထားပြီးနေနေရတာ။ ဖြစ်တာက ရှမ်းနှစ်ဖွဲ့ ဖြစ်တယ်လို့ပြောကြတယ်။” ဟု ပြောသည်။

သီပေါမြို့နယ်နှင့် နမ္မတူမြို့နယ်အတွင်းရှိ နေရာအချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဘက်ကြား စစ်ရေးတင်းမာမှုများ၊ ကျေးရွာများအတွင်း နှစ်ဖက်တပ်များ ဝင်ထွက်သွားလာမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

သီပေါမဲဆန္ဒနယ် အမှတ်-၂ ၊ နမ့်လန်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းအောင်ကလည်း “အမှန်ကတော့ တိုက်ပွဲတွေဆိုတာ မဖြစ်တဲ့ကိစ္စပါ၊ အထူးသဖြင့် တိုင်းရင်းသားအချင်းချုင်း၊ ရှမ်းအချင်းချုင်းကြားတွေမှာ ရောပေါ့နော လုံးဝမဖြစ်သင့်တာပါ၊ နောက်တစ်ခါ ကြေငြာချက်တွေထုတ်ပြီးမှ ထပ်ဖြစ်နေတယ်ဆိုတော့ ပြည်သူ တွေကလည်း အယုံအကြည်မရှိဖြစ်သွားနိုင်တယ်လေ။ အမှန်ကတော့ တကယ်အပစ်ရပ်ထားရင် အကောင်းဆုံးပဲ၊ နှစ်ဘက်ကြား အမြင်မကြည်တာတွေရှိရင်လည်း တွေ့ဆုံဆွေးနွေးကြတာ အကောင်းဆုံးပါပဲ” ဟု ပြောသည်။

တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများနှင့်ပတ်သက်၍ နှစ်ဘက်လက်နက်ကိုင်မှ တာဝန်ရှိသူများအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်၍ ထပ်မံဖြစ်ပွားလာသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် မြောက်ပိုင်း စစ်မဟာမိတ်များ ဖြစ်သည့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA တပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် သီပေါ-နမ္မတူလမ်းပေါ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များလည်း ရှိနေသေးသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက ပြော သည်။

“လက်ရှိ သီပေါမှာ ဒုက္ခသည် ၂၅၀ ကျော်ကျန်နေသေးတယ်။ နေရာသုံးနေရာမှာပေါ့၊ နားမခေါ်မှာရယ်၊ ဒီပန်လီရယ်၊ ကျင်သီမှာရယ်ပေါ့နော်။ ပြန်တဲ့လူတွေကလည်း တိုက်ပွဲငြိမ်သွားရင် အိမ်ကိုပြေးပြန်လိုက်၊ လုပ်စရာရှိတာလေးတွေ ပြေးလုပ်လိုက်၊ တိုက်ပွဲဖြစ်လာပြန်ရင် ပြန်ပြေးလာလိုက်ပေါ့။ အဲ့လိုအနေအထားပါ” ဟု နန်းစမ်းစမ်း အေး က ပြောသည်။

ဒေသခံများ နေရပ်ရင်း အေးချမ်းလုံခြုံစွာပြန်နေထိုင်ရေး၊ ဘေးကင်းစွာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး သက်ဆိုင်ရာ လက်နက်ကိုင်များ အနေဖြင့် အလေးထားစဉ်းစားပေးစေလိုကြောင်း နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ) က ကိုမျိုးက ပြောသည်။

“အခုက သီပေါမှာ အိမ်မပြန်ရသေးတဲ့ ဒုက္ခသည်တွေရှိသေးတယ်။ တိုက်ပွဲတွေကလည်း မနေ့ကအထိ ထပ်ဖြစ် နေတာ အသံတွေကြားလိုက်ရတယ်။ ကျနော်တို့အနေနဲ့ကတော့ ကိုယ့်အချင်းချင်း တကယ်ကို မဖြစ်စေချင်ဘူး။ အကုန်လုံး ညီညီညွတ်ညွတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းလေးဖြစ်စေချင်တယ်။ လက်တွေ့ ခံစားနေရတဲ့ ပြည်သူတွေ ရဲ့ဘဝအနေအထားက စီးပွားရေးတွေ ထိခိုက်လာပြီ အဲ့ဒါတွေကိုလုပ်နိုင်အောင် အေးအေးချမ်းချမ်းလေးပြန်နေ နိုင်အောင် ပူးပေါင်းပြီး ဆွေးနွေးစေချင်တယ်။”

RCSS/SSA အပစ်ရပ်ကြေငြာပြီးနောက်၊ မတ်လ ၂၂ ရက်နေ့၊ ၂၃ ရက်နေ့တို့တွင်လည်း RCSSနှင့် SSPP တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။