တအာင်း စစ်ဘေးရှောင်များ နေရာ အခက်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၂၆ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့က နေဝန်းနီ(တအာင်း-ပလောင်) စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များ မြေနေရာအခက်အခဲ ကြုံနေရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

နေဝန်းနီစစ်ဘေးရှောင်စခန်းမှ စစ်ဘေးဒုက္ခသည် ၃၀၀ ကျော်တို့သည် လက်ရှိနေထိုင်နေကြသည့် တအာင်း ရိုးရာစာပေယဉ်ကျေးမှုပိုင် မြေနေရာတွင် နေထိုင်နေရာမှ ယခုနှစ်အတွင်း အပြီးပြောင်းရွှေ့ရမည့် အနေအထားများ ရှိလာနေသည့်အတွက် အရေးပေါ် မြေနေရာလိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

“မြေကိစ္စ၊ အခုလက်ရှိကျမတို့ နေနေတဲ့မြေကတော့ ဘုံနယ်မြေ၊ တအာင်းတွေရဲ့ ပိုင်တဲ့မြေ၊ အခု ဘာပွဲပဲ လုပ် လုပ် ဆုပေးပွဲ၊ ဟောပြောပွဲ၊ စာပေဟောပြောပွဲ ညီလာခံအဲ့ဒါတွေရှိတယ် ကျမတို့တအာင်းမှာ။ အားလုံး တွေ့ဆုံရ မယ့်ပွဲပေါ့နော်၊ အခုက လုပ်မယ့်နေရာ ဟောခန်းမဆိုတာ မရှိဘူး။ သူများတွေရဲ့ ခန်းမကိုပဲ ငှားနေရတာ၊ အခု ကျမတို့နေတဲ့နေရာက ဟောခန်းမလုပ်ဖို့ လျာထားတဲ့နေရာ၊ ကျမတို့ကို ဖယ်ပေးပါလို့လည်း မပြောရက်ဘူး သူတို့ က၊ ကျမတို့က ဒီမှာနေတာကလည်း ကြာပြီဆိုတော့ အားနာလာတယ်၊ ဒါပေမယ့် အခုက ပြေးစရာမြေကမှမရှိ တာ။ ၂၀၂၀ အပြီး ပြောင်းနိုင်ဖို့တော့ မျှော်လင့်ထားတယ်” ဟု နေဝန်းနီစစ်ရှောင်စခန်းမှ စခန်းကော်မတီဝင် လွေးဝင်းဝင်းဆွေ က ပြောသည်။

နေဝန်းနီစစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်များသည် ကချင်ပြည်နယ် မန်စီမြို့နယ်၊ အိုလန်ပါကျေးရွာအုပ်စု အတွင်းမှ မန်လွယ်အထက်ရွာ၊ မန်လွယ်အောက်ရွာနှင့် ကျူဆိုင်းကျေးရွာတို့ကနေ ၂၀၁၂ ခုနှစ်ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အစိုးရတပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသူများ ဖြစ်သည်။

စစ်ဘေးရှောင် မိုင်းသန်းအောင်က “ကျနော်တို့ တကယ်အရေးအကြီးဆုံး ကတော့ ပြောင်းရွှေ့ဖို့ပဲ၊ နေစရ ာမြေနေရာ ပြောင်းရွှေ့ဖို့ မြေနေရာ မရှိသေးဘူးပေါ့နော်၊ ပြောင်းရွှေ့ဖို့အတွက် မြေနေရာ ရှာနေရတာ အဲ့ဒါက ပထမအရေးအကြီးဆုံးပဲ။ ရွှေ့ပြောင်းရမယ်ဆိုတော့ ငွေရေးကြေးရေးကိစ္စလည်း စိုးရိမ်တယ်၊ ပတ်ဝန်းကျင်အသစ် နဲ့ရော အဆင်မပြေပါ့မလား အဲ့ဒါတွေလည်း စိုးရိမ်တယ်” ဟု ပြောသည်။

၎င်းတို့သည် နမ့်ခမ်းမြို့ရှိ တရုတ်သချိုင်းအနီးမှ တအာင်း-ပလောင် ရိုးရာ စာပေယဉ်ကျေးမှုပိုင် နေရာတွင် နေထိုင်နေသည်မှာ ၇ နှစ်ရှိဖြစ်ပြီး ယခုအခါ ထပ်မံပြောင်းရွှေ့ရမည့် အနေအထားများ ဖြစ်လာသည်ဟု စစ်ဘေးရှောင်များ က ပြောသည်။

ယနေ့အချိန်အထိ မြေနေရာ မရှိရှိသေးသောကြောင့် စစ်ဘေးရှောင်များအနေဖြင့် စိုးရိမ်နေကြရပြီး ၎င်းတို့ အနေဖြင့် နေရပ်ရင်း ပြန်လည်နေထိုင်ရေးမှာလည်း အဆင်မပြေသေးဘူးဟု ပြောသည်။

“ကျမတို့ ကချင်ပြည်ကို ပြန်မယ်ဆိုရင်လည်း ပြန်ုလို့မရတော့ဘူး။ တိုက်ပွဲကလည်း ခနခနပြန်ဖြစ်တယ်၊ ၂၀၁၇ ကစပြီး လက်နက်ကြီးပစ်တာတွေကြောင့် အကုန်ပျက်စီးကုန်ပြီ။ မြေမြှုပ်မိုင်းက ပိုဆိုးတယ်၊ နေရာတကာမှာရှိနေ တယ် ဘယ်လိုမှ ပြန်ဖို့ အဆင်မပြေသေးဘူး” ဟု လွေးဝင်းဝင်းဆွေ က ဆက်ပြောသည်။

စခန်းနေ စစ်ဘေးရှောင်များအား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က အဓိက ကူညီလျှက်ရှိပြီး ရံဖန်ရံခါ အရပ်ဘက် လူမှုအဖွဲ့အစည်းများက လာရောက်ကူညီမှုများလည်း ရှိသည်ဟု ပြောသည်။

မိသားစုများအတွင်း ကြုံနေရသည့် အခြားသော အခက်အခဲများအတွက် နီးစပ်ရာတွင် နေ့စားအလုပ်များ ဝင်ရောက်လုပ်ကိုင်ပြီး ဖြေရှင်းလျှက်ရှိသည်ဟု စစ်ဘေးရှောင်များက ပြောသည်။ စစ်ဘေးရှောင်များအနေဖြင့် နေရာသစ်သို့ ပြောင်းရွှေ့ရေးထက် နေရပ်ရင်းသာ ပြန်လည်နေထိုင်လိုသည်ဟု ပြောသည်။

“ရွာမှာဆိုရင် အရမ်းပျော်တယ်၊ ကိုယ့်လယ်ကိုယ်လုပ်ပေါ့နော်၊ ဒီမှာတော့ နေ့စားသွားလုပ်ရတယ်။ စပါးထမ်း၊ ကြံ ခုတ်ကြုံရာပေါ့၊ နေ့စားကလည်း ကိုယ်က လုပ်ချင်ရင်တောင်မှ ခေါ်မယ့်လူမရှိရင် သွားလို့မရဘူး။ တချို့နေရာတွေ ကျပြန်တော့လည်း ဒုက္ခသည်ဆိုပြီး နိမ့်တာတွေ ရှိတယ်။ မပျော်ဘူး။ အပြင်ကလူတွေနဲ့ ကျနော်တို့ ဒုက္ခသည်ဆို နေ့စားပေးတာတောင် မတူတာတွေရှိတယ်။ ခွဲခြားတာတွေရှိတယ်။ အဲ့ချိန်ဆို တအားစိတ်အားငယ်တယ်။ WFP က စားနပ်ရိက္ခာကူညီပါတယ်။ ဒါပေမယ့် အိမ်ပဲပြန်ချင်တယ်” ဟု မိုင်းသန်းအောင် က ဆက်ပြောသည်။

မြေနေရာ အခက်အခဲနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များအား အကူအညီတောင်းထားသော်လည်း ယနေ့အချိန်ထိ အဆင်မပြေသေးဘူးဟု လွေးဝင်းဝင်းဆွေ က ဆက်ပြောသည်။

“ကျမတို့ကလည်း ဖယ်ပေးရမယ့်နေရာ မရှိသေးဘူးလေ။ ဒုက္ခသည်တွေအနေနဲ့ကလည်း မြေဈေးက မတတ်နိုင် ဘူး။ ကူညီပေးမယ့် အလှူရှင်ကလည်း မရှိသေးဘူး။ စောင့်မျှော်နေစဲပါ။ အစိုးရကိုလည်း ၂၀၁၇ ခုနှစ်တုန်းက တည်းက အကူအညီတောင်းထားပါတယ်။ အားလုံးက ကိုယ်ပိုင်မြေတွေဖြစ်နေတော့ လောလောဆယ်တော့ ပေးမယ့်နေရာမရှိသေးဘူးတဲ့။ လားရှိုးမှာ အစည်းအဝေးတစ်ခုမှာ ကျမတို့ အခက်အခဲတွေကို ပြောပြထားတယ်၊ အဆင်မပြေသေးဘူး။”

နေဝန်းနီစစ်ရှောင်စခန်းတွင် စတင်ပြောင်းရွှေ့လာချိန်က လူဦးရေ ၉၀၀ ကျော်ခန့်ရှိပြီး အမျိုးမျိုးသော အခက် အခဲများ၊ အဆင်မပြေမှုများကြောင့် အချို့မှာ အခြားသော နေရာများသို့ပြောင်းရွှေ့ခြင်း၊ နီးစပ်ရာဆွေမျိုးသား ချင်းများနှင့် သွားရောက်နေထိုင်နေကြခြင်းကြောင့် ယခုခါ စခန်းအတွင်းတွင် လူဦးရေ ၃၇၇ ဦးသာ ရှိတော့သည်ဟု ပြောသည်။

နမ့်ခမ်းမြို့အတွင်းတွင် နေဝန်းနီ စစ်ရှောင်စခန်းအပြင် ပန်လုံ KBC ကချင်နှစ်ခြင်းခရစ်ယာန် စစ်ရှောင်စခန်း၊ RC စစ်ရှောင်စခန်း ဂျော်ဝမ်း၊ ဂျော်တူးတို့ရှိနေပြီး ၎င်းစစ်ရှောင်စခန်းများတွင် စုစုပေါင်း စစ်ဘေးရှောင် တစ် ထောင်ကျော်ခန့် ရှိနေသည်။