တိုက်ပွဲများအတွင်း ပျောက်ဆုံးနေသော ရွာသား ၈ ဦး လက်နက်ကိုင်အဖွဲ့လက်မှ ပြန်လည် လွတ်မြောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တိုက်ပွဲများအတွင်း ပျောက်ဆုံးနေသော မန်လီကျေးရွာသား ၁၂ ဦးအနက် ၈ ဦးမှာ မတ်လ ၂၉ ရက်နေ့က သူတို့ကို ထိန်းသိမ်းထားသော ရှမ်းလက်နက်ကိုင်တပ်ဖွဲ့လက်မှ ပြန်လည်လွတ်မြောက်လာသည်ဟု ဖမ်းဆီးခံ ရွာသားများ လွတ်မြောက်ရေး ကူညီ ဆောင်ရွက် ပေးနေသူများက ပြောသည်။
မန်လီရွာသားများ လွတ်မြောက်ရေးကော်မတီ အဖွဲ့ဝင် လွေးပိုးကမေဲးခြိုပ်းက “ဒီနေ့မှ ပြန်လွတ်လာတယ်။ ၈ ယောက်ပဲ လွတ်လာတယ်” ဟုပြောသည်။
ပျောက်ဆုံးနေသည့် မန်လီရွာသား ၁၂ ဦးအနက် ၈ ဦးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဖမ်းဆီးထားခြင်းဖြစ်ပြီး ကျန် ၄ ဦးမှာ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သည်။
“ဒီ ၈ ယောက် ကတော့ သူတို့ ထိန်း သိမ်းထားတယ်။ ကျန်တဲ့ ၄ ယောက်ကတော့ သူတို့လက်ထဲမှာ မရှိဘူး အဲလိုမျိုးပဲ ပြောခဲ့တယ်ပေါ့နော။” ဟု လွေးပိုးကမေဲးခြိုပ်းက ပြောသည်။
မန်လီရွာသား ၁၂ ဦးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ လဆန်းပိုင်းက SSPP/SSA၊ PSLF/ TNLA ပူးပေါင်းတပ်များနှင့် RCSS/SSA တို့ သီပေါ-နမ္မတူလမ်းတလျှောက်ရှိ ကျေးရွာများအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များအတွင်း ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးနေသူ နယ်စည်းမခြား ပရဟိတအဖွဲ့ က ကိုမျိုးက ရွာသားများ လွတ်မြောက်မှုကို အတည်ပြု ပြောဆိုသည်။
“ကျနော်တို့ကို ဖုန်းဆက်တယ် ဒီနေ့ သူတို့ ၈ ယောက်တော့ ပြန်လွတ်လာတယ်လို့တော့ ဖုန်းဆက်လာတယ်။ ကျနော်တို့ ဝမ်းသာပါတယ်။ အားလုံး အေးအေးဆေးဆေးနဲ့ ပြန်လွတ်လာတဲ့အတွက် အဲဒီအပေါ်မှာ တကယ် ဝမ်းသာပါတယ်” ဟု ကိုမျိုး က ပြောသည်။
ဖမ်းဆီးခံထားရသည့် သူများ ပြန်လည်လွတ်မြောက်ရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD ပါတီ၊ တအာင်းအမျိုးသားပါတီ TNP၊ တအာင်းစာပေနှင့် ယဉ် ကျေးမှုအဖွဲ့၊ ရှမ်းစာပေနှင့်ယဉ် ကျေးမှုအဖွဲ့ ၊ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့ ကိုယ်စားလှယ်များ၊ မန်လီ၊ ပန်လုံမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မိသားစုဝင်များက RCSS နှင့် အကြိမ်ကြိမ်တွေ့ဆုံ ညှိနှိုင်းခဲ့ကြသည်ဟု သိရသည်။
လေးကြိမ်မြောက် တွေ့ဆုံညှိနှိုင်းမှု ပြီးနောက်တွင် မန်လီရွာသား ၈ ဦးအား RCSS/SSA မှ ပြန်လွတ်ပေးခဲ့ သည်ဟု မန်လီရွာသားများ လွတ်မြောက်ရေးကော်မတီ အဖွဲ့ဝင် လွေးပိုးကမေဲးခြိုပ်းက ပြောသည်
ယခုကဲ့သို့ RCSS/SSA က ဖမ်းဆီးထားသည့် ရွာသားများကို ပြန်လွတ်ပေးသည့်အတွက် ဝမ်းသာကြောင်း ပျောက်ဆုံးနေဆဲဖြစ်သည့် ဒေသခံ ၄ ယောက်ကိုလည်း ပြန်လည် တွေ့ရှိအောင် ကြိုးစားသွားမည် ဖြစ်ကြောင်း မန်လီရွာသားများ လွတ်မြောက်ရေးကော်မတီ က ပြောသည်။