မြောက်ဦးအနီး ပစ်ခတ်မှုများကြောင့် ရွာသားအမျိုးသမီး ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အောက်သကန်ကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျေးရွာသား (၂) ဦးသေဆုံးပြီး၊ (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။
သေဆုံးသူနှစ်ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး၊ အောင်သကန်ကျေးရွာသား (၈) ဦးကိုလည်း တပ်မတော်က ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ပြောသည်။
မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “သေတာကတော့ ၂ ယောက်ကိုတော့ အတည်ပြုလို့ရတယ်။ ကျနော်မျက်မြင်ကိုယ်တွေ့ပဲ၊ ဒါပေမယ့် နောက်ထပ်တစ်ယောက်တော့ လမ်းတဝက်မှာ ဆုံးတယ်လို့ပြောတယ်။ တချို့ကလည်း စစ်တွေဆေးရုံကိုရောက်သွားတယ်လို့ ပြောတယ်။ အဲ့ဒါတော့ အတည် ပြုလို့မရသေးဘူး။ စစ်တွေဆေးရုံကိုပို့တဲ့လူနာအပါအဝင် ၇ ဦးဒဏ်ရာ ရတယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဖမ်း ဆီးခံရတာက ကျနော့်ကိုစာရင်းပေးထားတာက ၈ ဦးရှိပါတယ်” ဟု ပြောသည်။
အောင်သကန်ကျေးရွာမှာ မြောက်ဦးမြို့မှ ၁၀ မိုင်အကွာတွင် တည်ရှိပြီး၊ မြောက်ဦးမြို့ပေါ်မှ ယနေ့နံနက်ပိုင်းက လက်နက်ကြီးသံများ ကြားနေရသည် ဟု ဦးထွန်းသာစိန် က ပြောသည်။
ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ( အောင်သကန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များအား AA အကြမ်းဖက် သောင်းကျန်းသူ (၁၀) ဦးခန့်က ကျေးရွာထိပ်တွင် မိုင်းဖောက်ခွဲ၍ ရွာအတွင်းမှ လက်နက်ကြီးငယ်များဖြင့် ပစ် ခတ်ခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာအတွင်းမှ သတင်းပေးဟု ယူဆရသော အမျိုးသား (၅) ဦး ကိုလည်း ဖမ်းဆီးရ မိထားကြောင်း ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်မတော် (AA) သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ က “အဲ့မှာက တိုက်ပွဲဖြစ်တာမဟုတ်ဘူးဗျ။ ဗမာစစ်တပ်က ရွာကိုဝင်ပြီး အလကားပစ်ခတ်သွားတာ။ ဒီဖြစ်စဉ်က ဗမာစစ်တပ်ကနေပြီးတော့ စစ်တွေ-ရန်ကုန် ကားလမ်းမဖက်ပေါ့နော် တိမ်ညိုရွာတံတားပေါ်ကနေပြီးတော့ အောက်သကန်ရွာဘက်ကို စက်သေနတ် တွေ၊ လောင်ချာတွေနဲ့ လှမ်းပြီးတော့ ပစ်တာရှိတယ်။ အောက်သကန်ရွာအဝင်နားပေါ့နော် အဲ့ဒီက ထမင်းဆိုင် တစ်ခုထဲက အမျိုးသမီးနှစ်ဦးကိုလည်း ပစ်သတ်သွားတာရှိတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့အကြား စစ်ရေးတင်းမာမှု များ ဖြစ်ပွားနေပြီး မြောက်ဦးမြို့ပေါ်အထိ ပစ်ခတ်မှုများရှိလာနေသည့်အပြင် အရပ်သားပြည်သူများအပေါ် ပစ် မှတ်ထား တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာနေသည်ဟု ဒေသခံများက ပြောသည်။
မြောက်ဦးမြို့အနီးတွင် ကြားနေရသည့် လက်နက်ကြီးသံ အမြှောက်သံများမှာ တဖက်နှင့်တဖက်ကြား တိုက်ပွဲ ဖြစ်ပွားနေခြင်းမျိုး မဟုတ်ပဲ တဖက်ဖက်က တဖက်သတ်ပစ်ခတ်နေသည့် အနေအထားမျိုးဖြစ်နေသည်ဟု ပြော သည်။
“ရွာသားတွေ ပြောပြချက်အရတော့ တပ်မတော်စစ်ကြောင်းကနေပြီးတော့ ရှင်းလင်းရေးလုပ်တဲ့အချိန်မှာ သူတို့ ရွာက အိမ်တွေထိခိုက်တယ်၊ လူတွေသေကြဒဏ်ရာရတယ်တဲ့ အဲ့လိုပြောကြတယ်။ မြောက်ဦးမြို့ပေါ်ကနေ လည်း အမြှောက်ထုသံတွေကြားရတယ်။ လက်နက်ငယ်သံတော့ မကြားရဘူး။ တနေ့ကလည်း အမြှောက်သံ တွေကြားနေရတယ်၊ ဆယ်မိနစ်တစ်ကြိမ်၊ ဆယ့်ငါ့းမိနစ်တစ်ကြိမ်ကြားနေရတယ်။ အမြှောက်သံတွေကလည်း တဖက်သတ်ပစ်ခတ်နေတာလားလို့ထင်တယ်၊ မြို့သူမြို့သားတွေလည်း တဖက်သတ်ပစ်ခတ်နေတယ်လို့ ထင် ကြတယ်။ နေရာတစ်နေရာတည်းကနေ ပစ်ခတ်နေတာမျိုးလေ၊ အဲ့ဒါကြောင့် ဒီလိုပြောရတာပါ” ဟု ဦးထွန်းသာ စိန် က ပြောသည်။
တိုက်ပွဲများကြောင့် မြောက်ဦးမြို့နယ်တစ်ခုတည်းတွင် အသက်သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူ၊ တိုက်ပွဲများ အတွင်း ပျောက်ဆုံးနေသူ ၅၀ ကျော်ရှိပြီဟု ရခိုင်အမျိုးသားပါတီ (ANP) က ဖွဲ့စည်းထားသည့် စုံစမ်းရေး ကော်မရှင်က မတ်လ ၂၇ ရက်နေ့က မြောက်ဦးမြို့အတွင်း ကွင်းဆင့်လေ့လာပြီးနောက် သတင်းမီဒီယာများကို ပြောဆိုထားသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများအား ရပ်တန့်ပေးရန်၊ နိုင်ငံရေးစားပွဲ ဝိုင်းတွင် ဖြေရှင်းညှိနှိုင်းကြရန် ရခိုင်ပြည်နယ်လွှတ်တော် တင်ပြတောင်းဆိုထားသော်လည်း တင်းမာမှုများ ပိုမိုများပြားလာသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ဦးထွန်းသာစိန်က “နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းတွေကို ပြောချင်တာကတော့ လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် မထိခိုက်ဖို့ ပေါ့နော်၊ နောက်ပြီးရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေကို မထိခိုက်ဖို့ အထူးသဖြင့်တော့ ဗျာ ပြောချင်တာကတော့ အပစ်ခတ်ရပ်စဲပြီးတော့ နိုင်ငံရေးစားပွဲဝိုင်းမှာ ထိုင်ပြီးတော့ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဆွေးနွေးကြပါ။ ဒီလိုပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
မြောက်ဦးမြို့နယ်တွင် မတ်လအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် ဒေသခံ ၆၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးတိန်းရှောင်နေရသည်ဟု ရခိုင်အမျိုးသားပါတီ စုံစမ်းရေးကော်မရှင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့အကြား ဖြစ်ပွားနေသည့် တို်က်ပွဲများကြောင့် မြောက်ဦးမြို့ အပါအဝင် ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းတို့တွင် စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်ပြီဖြစ်သည်။