ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းရေး ညှိုနှိုင်းဖော်ဆောင်ရေး ကော်မတီ ဖွဲ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်။

ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းရေးအတွက် ညှိုနှိုင်း ဖော်ဆောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး မေလအတွင်း အပြီးပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ရန် ကယားပြည်နယ်အစိုးရနှင့် ကရင်နီပြည် လူငယ်များ အင်အားစုတို့ သဘောတူခဲ့ကြသည်။

မေလ ၇ ရက်နေ့ လွိုင်ကော်တွင်ကျင်းပသည့် အစည်းအဝေးတွင် ယခုကဲ့သို့ သဘောတူခဲ့ခြင်းဖြစ်သည်ဟု ကရင်နီပြည်လူငယ်များအင်အားစုမှ ခွန်းသောမတ်က ပြောသည်။

“နံပါတ်တစ်ကတော့ ကြေးရုပ်ရွှေ့ ပြောင်းရေးကိစ္စနဲ့ ပတ်သက် ပြီးတော့ ကော်မတီတစ်ရပ်ရအောင် ဖွဲ့လိုက်နိုင်တယ်။ အဲ့ကော်မတီကတော့ လာမယ့် ၁၄ ရက်နေ့ အစည်း အဝေးတွေမှာ အချိတ်အဆက်လုပ်ပေးဖို့ပေါ့နော်၊ ဒီတစ်လအတွင်းမှာ အဲ့ကော်မတီက လှုပ်ရှားပေးရမယ်”

အဆိုပါ ညှိနှိုင်းဖော်ဆောင်ရေး ကော်မတီထဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ကယားပြည်နယ်အတွင်းရှိ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်သည်။

၎င်းကော်မတီအနေဖြင့် နှစ်ဘက်ကြားတွင် ကျင်းပမည့် တွေ့ဆုံဆွေးနွေးပွဲ များ၊ အစည်းအဝေးများ၊ ဖြစ်ပေါ်လာသည့် အခြေအနေများပေါ်တွင် မူတည်၍ ဖြေရှင်းမှုများ၊ ညှိနှိုင်းဆောင်ရွက် ပေးမှုများကို အဓိကလုပ်ဆောင်ပေးရန် ဖြစ်သည်ဟု ခွန်းသောမတ်က ပြောသည်။

လွိုင်ကော်မြို့ ရှိ ကိန္နရာဟိုတယ်တွင် မေလ (၇) ရက်နေ့က ကျင်းပသည့် အဆိုပါတွေ့ ဆုံမှု အစောပိုင်းတွင် နှစ်ဘက်ကြား တင်းမာမှုများရှိခဲ့ကြသော်လည်း ပြည်နယ်အေးချမ်းရေးအား ရှေးရှု၍ အစည်းအဝေးအား ကောင်းမွန်စွာ အဆုံးသတ်ခဲ့သည်ဟု ကရင်နီပြည် လူငယ်များ အင်အားစုက ပြောသည်။

“ဆွေးနွေးနေစဉ်မှာတော့ တင်းမာမှုတွေရှိခဲ့တယ်။ ပျက်မယ့်အဆင့်ထိတောင်ဖြစ်သွားတယ်။ ဒါပေမယ့် ပြည်နယ်အေးချမ်းရေးအတွက် အောင်မြင်စွာပဲ ပြီးဆုံးနိုင်ခဲ့ပါတယ်။ နောက်တစ်ခုကတော့ ပြည်နယ်အစိုးရနဲ့ ကျနော်တို့ကြားမှာ တွေ့ဆုံဆွေးနွေးမှုက တိုးတက်လာတယ်ဗျ။ အကြောင်းအရင်းကတော့ ဝန်ကြီးချုပ်တို့ဘက်ကလည်း ရွှေ့ပြောင်းနိုင်အောင် ရွှေ့ပြောင်းရေးကိုလည်း စဉ်းစားတယ်ပေါ့နော်။ ရွှေ့ရမယ်ဆိုတဲ့ အနေအထားမျိုးကိုလည်း ထပ်ပြီးတော့ ကြိုးစားဖို့ ကျနော်တို့ကို အချိန်တောင်းတာပေါ့ဗျာ။ ဒီတစ်လအတွင်းမှာ။ ဆိုတော့ ၁၄ ရက်နေ့တစ်ရက်နဲ့ ၃၀ ရက်နေ့တစ်ရက်က ရွှေ့ပြောင်းရေးကို အပြီးပြတ်ရွှေ့ပြောင်းရေးကို လုပ်ကြမယ်ဆိုတဲ့ အကြမ်းဖျင်းသဘောတူညီချက် ကျနော်တို့ ရခဲ့တယ်ဗျ” ဟု ခွန်းသောမတ် က ဆက်ပြောသည်။

မေလ ၇ ရက်နေ့ ပြည်နယ်အစိုးရနှင့် ကရင်နီပြည် လူငယ်အင်အားစုတို့၏ ဆွေးနွေးပွဲအခြေအနေနဲ့ ပတ်သက်၍ ကယားပြည်နယ်အစိုးရ၏ သဘောထားကို သိရှိနိုင်ရန် ဆက်သွယ်သော်လည်း မရပေ။

ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းရေးကိစ္စတွင် အခင်းဖြစ်ပွားစဉ်မှ ယနေ့အချိန်ထိ လေ့လာစောင့်ကြည့်ပြီး၊ တွေ့ဆုံ ဆွေးနွေးမှုများတွင် ပါဝင်ခဲ့သည့် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ယနေ့တွေ့ဆုံမှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“ဒီရက်က ရွှေ့ဖို့ ပြောင်းဖို့ကို အဓိကထားပြီးတော့ ဆွေးနွေးကြမယ်ဆိုပြီး သဘောတူညီချက်ကျလာတာပေါ့ လေ။ ဒီရက်ဆွေးနွေးသွားမှုမှာတော့ လူငယ်တွေက သဘောထားကြီးတဲ့ဟာမျိုးကိုသွားတွေ့ရတယ်၊ အစိုးရဘက်က ပိုတင်းတဲ့သဘောမျိုးကိုတွေ့တယ်။ ဆိုတော့ လက်ရှိအချိန်မှာ အစိုးရလုပ်နေတဲ့လူတွေက သဘောထားတင်းမာပြီးတော့ အုပ်ချုပ်ခံလူတန်းစားဖြစ်နေတဲ့ ပြည်သူလူထု (သို့မဟုတ်) လူငယ်တွေက သဘောထား ကြီးကြီးနဲ့ ပြန်လည်အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေလုပ်တယ်ဆိုတော့ ကျနော်အံ့သြမိတာပေါ့” ဟု ပြောသည်။

ထို့ကြောင့် “ကျနော်အမြင်ကတော့ တကယ်ရွှေ့ပေးနိုင်ရင်ကောင်းတာပေါ့နော်။ တကယ်လို့မရွှေ့ပေးနိုင်ဘူးဆိုရင် လူငယ်ဘက်ကလည်း ဆက်ကန့်ကွက်မယ်ဆိုတဲ့ သဘောရှိတာပေါ့။” ဟု ဦးသဲရယ် က ဆက်ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ် ပြောင်းရွှေ့ပေးရေးကိစ္စနှင့် ပတ်သက်၍ လက်ရှိကယားပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်များမှာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်သည်ဟု ဦးသဲရယ်က သုံးသပ်ပြောဆိုသည်။

“ကျနော်ကတော့လေ လက်ရှိအစိုးရလုပ်သွားတဲ့ကိစ္စကို ဘဝင်မကျဘူးပေါ့။ ဘာလို့လဲဆိုလို့ရှိရင် အခုပြောနေတဲ့ အမျိုးသားတန်းတူရေးတွေ၊ ဖက်ဒရယ်ကိစ္စတွေ၊ နောက်ပြီး လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးတွေ အတွက် မကောင်းဘူး။ အဲ့ဒီမှာ အစိုးရတွေက သူတို့မှာ အာဏာရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ လူငယ်တွေ အောက်ခြေ လူထုတွေရဲ့ အသံကို နားမထောင်ပဲနဲ့ လုပ်သွားတဲ့ ပုံစံမျိုးကတော့ အာဏာရှင်ဆန်တယ်လို့ မြင်တယ်။”

ဗိုလ်ချုပ်ကြေးရုပ် ပြောင်းရွှေ့ပေးရေးကိစ္စအတွက် မတ်လ ၂၀ ရက်နေ့က ကရင်နီပြည် လူငယ်များအင်အားစု၊ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၊ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ငါးပွင့်ဆိုင်တွေ့ဆုံခဲ့ကြပြီး ဧပြီလမကုန်ခင်တွင် ထပ်မံတွေ့ဆုံဆွေးနွေးသွားရန် သဘောတူညီခဲ့ကြောင့်သော်လည်း တွေ့ဆုံနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

ပြည်နယ်အစိုးရအနေဖြင့် ဗိုလ်ချုပ်ကြေးရုပ်နေရာ ပြောင်းရွှေ့ရေးကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လာခြင်းအပြင် ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် လေးစားလိုက်နာ ဆောင်ရွက်ရန် လိုအပ်သည်ဟု ကရင်နီပြည်လူငယ်များ အင်အားစုက ဆက်ပြောသည်။

“ကျနော်တို့ လူငယ်တွေ နံပါတ်တစ်ပြောချင်တာက လူငယ်တွေအနေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတွေကို ဖွင့်ထားတယ်။ ဒီနေ့တွေ့ဆုံမှုက နည်းနည်းလေး တိုးတက်လာတာပဲရှိတယ်။ အောင်မြင်မှုလို့တော့ ပြောလို့မရသေးပါဘူး။ နံပါတ်နှစ်တစ်ချက်ပြောချင်တာက အစည်းအဝေးဆုံးဖြတ်ချက်တွေကို သဘောတူ ားတဲ့အတိုင်း လေးစားလိုက်နာဖို့ အရေးကြီးတယ်။ နှစ်ဖက်လုံးက ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာကြဖို့ပဲ ပြောချင်ပါတယ်ဗျ” ဟု ခွန်းသောမတ်က ဆက်ပြောသည်။

အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှိုးနှင့်အတူ ကိုယ်စားလှယ်လေးဦး၊ ကရင်နီပြည်လူငယ်များအင်အားစုမှ ကိုယ်စားလှယ် ၇ ဦးတို့တွေ့ဆုံခဲ့ကြပြီး NRPC မှ တာဝန်ရှိသူများနှင့် KNPP မှ တာဝန်ရှိသူများမှ နံနက်ပိုင်းကတည်းက ပြန်သွားခဲ့ကြသည်ဟု သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ရှိ ကန္ဒာဝန်ပန်းခြံအတွင်း ထားရှိသည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ် စိုက်ထူခြင်းနှင့် အဆိုပါကြေးရုပ်အား ဖယ်ရှားပေးရန် ကရင်နီပြည်သူများ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်နေသည်မှ တစ်နှစ်ကျော်ရှိပြီ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း ပြည်နယ်လုံးကျွတ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွေ လုံခြုံရေးရဲတပ်ဖွဲ့များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲများမှ ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဆန္ဒထုတ်ဖော်သူ အယောက် (၂၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။