ပြည်နယ် အစိုးရနှင့် ကရင်နီပြည် လူငယ်များအင်အားစု အစည်းအဝေးပျက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်။
ဗိုလ်ချုပ်ကြေးရုပ်ကို ပြောင်းရွှေ့ မပေးနိုင်ဟု ကယားပြည်နယ်ဝန်ကြီးချုပ်မှ ပြောဆိုလိုက်သည့်အတွက် ကရင်နီပြည်လူငယ်များ အင်အားစု (UKSY) အဖွဲ့မှ အစည်းအဝေးမှ ထွက်ခွာသွားခဲ့သည့်အတွက် ကရင်နီလူငယ်များနှင့် ပြည်နယ် အစိုးရ အကြား ဆက်ဆံရေး တင်းမာသွားခဲ့သည်။
မေလ ၁၄ ရက်နေ့ (ယနေ့) တွင်ပြုလုပ်သည့် ကယားပြည်နယ်အစိုးရ၊ ကရင်နီပြည်လူငယ်များအင်အားစု (UKSY) တို့၏ ဗိုလ်ချုပ်ပြောင်းရွှေ့ရေး ညှိနှိုင်းတွေ့ဆုံဆွေးနွေးမှု အစည်းအဝေး ပျက်သွားသည်ဟု UKSY တာဝန်ရှိသူများက ပြောသည်။
“ဒီနေ့က ဆွေးနွေးပွဲ ပျက်သွားတယ်ပေါ့နော်။ ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး အားလုံးပါဝင်ပြီး ဆွေးနွေးကြဖို့ နှစ်ဦး နှစ်ဖက်သဘောတူခဲ့ကြတာကိုး။ အဲ့ဒါကို ဒီနေ့အဖွင့်မှာပဲ ကြေးရုပ်နဲ့ ပတ်သက်ပြီး လုံးဝမရွှေ့ပေးနိုင်ဘူး နံပါတ် တစ်အချက်။ နောက်နံပါတ်နှစ်အချက် သူတို့ပြည်နယ်အစိုးရအနေနဲ့ ဒီကြေးရုပ်ကို ထိန်းသိမ်းကာကွယ်သွားမယ်လို့ ပြောလိုက်တဲ့အတွက် ဒါက တော်တော်လေးကို လက်လွတ်စပယ်ပြောတယ်လို့ပဲ ပြောချင်တယ်။” ဟု ကရင်နီပြည်လူငယ်များအင်အားစု (UKSY) က ခွန်းသောမတ် က ပြောသည်။
ဗိုလ်ချုပ်ကြေးရုပ်ပြောင်းရွှေ့ရေးအတွက် ညှိနှိုင်းဖော်ဆောင်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး မေလအတွင်း အပြီး ပြတ်ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ရန် ကယားပြည်နယ်အစိုးရနှင့် ကရင်နီပြည်လူငယ်များ အင်အားစုတို့ မေလ (၇) ရက်နေ့က သဘောတူခဲ့ကြပြီး ယနေ့တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
“ဘာကြောင့် လဲဆိုတော့ ၇ ရက်နေ့ ဆွေးနွေးမှုမှာ သက်သေတွေရှိတယ်။ အလွှာအသီးသီးကပါတယ်၊ ဒီနေ့လည်း အဲ့လူကြီး တွေပါတယ်။ ဒါက ကျနော်တို့ လူငယ်ထုရော ဒီကိုတက်လာတဲ့ အလွှာအသီးသီးက ခေါင်းဆောင်တွေ အားလုံး ကို စော်ကားလိုက်တယ်၊ မလေးစားဘူးလို့ပဲ ပြောချင်တယ်” ဟု ခွန်းသောမတ်က ပြောသည်။
ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုးက ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဗိုလ်ချုပ်ကြေးရုပ်ကို လုံးဝမပြောင်းရွှေ့နိုင်ကြောင်း၊ ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်နေ့များကိုလည်း ထိန်းသိမ်းစောင့်ရှောက် သွားရမည့် တာဝန်များရှိကြောင်း ပြောဆိုခဲ့သည်ဟု အစည်းအဝေးတက်ရောက်သူများက ပြောသည်။
ဝန်ကြီးချုပ်အနေဖြင့် ပြောင်းရွှေ့ပေးရေး ငြင်းဆန်လိုက်သည့်အတွက် ကရင်နီပြည်လူငယ်များ အင်အားစုဘက် မှ ကိုယ်စားလှယ်ကလည်း ၎င်းတို့အနေဖြင့် ဆက်လက်ဆွေးနွေးစရာမရှိကြောင်း ပြောဆိုခဲ့ပြီး အစည်းအဝေး ပျက်သွားခြင်းဖြစ်သည်။
ခွန်းသောမတ်က “နောက်ဆုံးအခြေအနေကတော့ ကျနော်တို့လည်း စာတစ်စောင်ထုတ်လိုက်ပြီ။ ကြေးရုပ်နဲ့ ပတ်သက်ပြီး နောက်ပိုင်းဖြစ်ပေါ်လာမယ့် ဆိုးမွေ ကောင်းမွေတွေအားလုံး ကျနော်တို့ သပိတ်ကော်မတီနဲ့ လုံးဝ မဆိုင်တော့ဘူးပေါ့နော်။ ဒါတွေအားလုံး ပြည်နယ်အစိုးရမှာပဲ တာဝန်ရှိတယ်ဆိုပေါ့ ထုတ်လိုက်ပြီ။ ဝန်ကြီးချုပ် က ဒီလိုပြောလိုက်တာက နဂို ၇ ရက်နေ့မှာ သဘောတူထားတဲ့ ဆွေးနွေးချက်တွေကို ချိုးဖောက်လိုက်တာပဲ” ဟု ဆက်ပြောသည်။
ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းရေး ညှိနှိုင်းဖော်ဆောင်ရေး ကော်မတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က “ဝန်ကြီးချုပ်က လုံးဝမရွှေ့ပေးနိုင်ဘူးဆိုပြီး ယတိပြတ်ပြောလိုက်တာက အကောင်းဘက်တော့ သွားမှာ့ မဟုတ်ဘူး၊ အဆိုးဘက်ကိုပဲ သွားနိုင်တယ်။ အစတော့ ရွှေ့ပြောင်းဖို့ ဆွေးနွေးမယ်ဆိုပြီးပြောပြီး အခုတော့ လုံးဝ ဆိုတာမျိုးပြောသွားတာက လူငယ်တွေနဲ့ ဝန်ကြီးချုပ်ကြားမှာလည်း အနှုတ်လက္ခဏာဆောင်သွားတယ်။ ကျနော်တို့သက်သေတွေကိုလည်း စော်ကားသလိုမျိုးခံစား ရတယ် စိတ်ထဲမှာ မကောင်းဘူး။ တကယ်တော့ လူငယ်တွေ သမိုင်းအခြေခံနဲ့ တောင်းဆိုတာဆိုတော့ သူတို့ တောင်းဆိုတဲ့အတိုင်း အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ မထားပဲ ပြောင်းပေးလိုက်မယ်ဆိုရင်တော့ အဆင်ပြေသွားနိုင်မယ်” ဟု ပြောသည်။
ယနေ့ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ကယားပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများဖြစ်သည့် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုးနှင့် အတွင်းရေးမှူး ဦးညီညီမင်းတို့အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။
ဗိုလ်ချုပ်မြင်းစီးကြေးရုပ် စိုက်ထူထားသည့် လွိုင်ကော်မြို့ ကန္ဒာဝန်ပန်းခြံအတွင်းတွင်လည်း ယမန်နေ့ကစပြီး ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးများချထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ညကတည်းက ဗိုလ်ချုပ်ကြေးရုပ်ထားတဲ့ ပန်ခြံထဲမှာ လုံခြုံရေးတွေရောချထားတယ်။ သံဆူးကြိုးတွေရော နှစ်ဆကာထားတယ်။ ပန်းခြံထဲမှာ ရဲတွေလည်း ဝိုင်းပြီး ကင်းလှည့်နေတယ်။”
ယနေ့တွေ့ဆုံမှုပျက်ပြယ်သွားပြီးနောက် ကရင်နီပြည်လူငယ်များအင်အားစုနေဖြင့် ကရင်နီလူငယ် ၁၂ ဦးဖြင့် ဖွဲ့စည်းထားသည့် သပိတ်ကော်မတီအား ဖျက်သိမ်းလိုက်ကြောင်းနှင့် ကြေးရုပ်နှင့် ပတ်သက်သည့် နောက်ဆက် တွဲ ဖြစ်ပေါ်လာမည့် ကိစ္စရပ်များမှာ မိမိတို့ ကော်မတီနှင့် မသက်ဆိုင်တော့ကြောင်း ကြေငြာချက်တစ်စောင် ယနေ့ ထုတ်ပြန်လိုက်သည်။
“သပိတ်ကော်မတီတော့ ဖျက်သိမ်းလိုက်ပြီ။ ကျနော်တို့ ကော်မတီတစ်ခုထဲ ဒီကိစ္စကို လုပ်ဆောင်နေတာက ထိရောက်မှုနည်းတယ်၊ ဒါကြောင့် ကရင်နီသမိုင်းဖြစ်တဲ့အတွက် ကရင်နီပြည်မှာ ရှိတဲ့ အစုအဖွဲ့ အသီးသီး၊ ကရင်နီလူထုတွေရဲ့ အားက အင်မတန်အရေးကြီးတယ်။ ကရင်နီပြည်လူငယ်များ အင်အားစုကတော့ ဆက်ရှိနေမယ်။ ကျနော်တို့နဂိုကတည်းက ပြောထားတဲ့အတိုင်းပဲ ရွှေ့ပြောင်းရေးကိစ္စပဲ လုပ်သွားမယ်။”
ကရင်နီ လူငယ်အင်အားစုက ခွန်းသောမတ်က ရှေ့ဘာဆက်လုပ်သွားမည်ဆိုသည်ကို နောက်ပိုင်းတွင် ကြေညာသွားရန် ရှိကြောင်းပြောပြီး အကြမ်းဖက်လုပ်ဆောင်မည်မဟုတ်ကြောင်း ပြောသွားသည်။
“လူထု ရဲ့ သဘောဆန္ဒအတိုင်းလုပ်သွားမှာပါ” ဟု ခွန်းသောမတ်က ပြောသည်။